ATM ရှေ့က လူအုပ်ကြီး ဘယ်အထိခရီးဆက်မလဲ

ATM ရှေ့က လူအုပ်ကြီး ဘယ်အထိခရီးဆက်မလဲ
ATM စက်တစ်လုံးရှေ့တွင် ငွေထုတ်ရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်
ATM စက်တစ်လုံးရှေ့တွင် ငွေထုတ်ရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်
Published 2 May 2021
ဇော်မင်းနိုင်

“ မနက်ကတည်းက လာစောင့်နေတာ အခုထိပဲ။ ငွေထုတ်လို့မရသေးဘူး” လို့ မြန်မာပလာဇာမှာရှိတဲ့ ATM စက်မှာ ငွေလာထုတ်တဲ့ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး က ပြောပါတယ်။

ရန်ကုန်မြို့မှာ အကြီးမားဆုံး ပလာဇာ တစ်ခုဖြစ်တဲ့ စတုရန်းပေလေးသောင်းကျော်ရှိ တဲ့မြန်မာပလာဇာမှာ ATM စက်ကနေ ငွေ ကြေးထုတ်ယူဖို့ စောင့်ဆိုင်းနေတဲ့ လူတန်းကြီးက မြန်မာပလာဇာ ဧရိယာအပြင်ဘက်ကို လျှံထွက်နေတာကိုလည်း တွေ့ရပါတယ်။

“မနက်ဆို ၄ နာရီလောက်ကတည်းက လာတန်းစီနေတဲ့သူတွေတောင်ရှိတယ်။ ဒီမှာ က ငွေကုန်သွားရင် လာလာဖြည့်ပေးတယ်။ အဲဒါကြောင့် လူတွေများတာ”လို့ ATM စက် ကို လုံခြုံရေးယူပေးတဲ့အမျိုးသားက ပြောပါ တယ်။

အသက်အရွယ်မျိုးစုံရှိတဲ့ လူ တန်းကြီး မှာ တချို့က မတ်တတ်မရပ်နိုင်လို့ ထိုင်ခုံနဲ့ လာရောက်တန်းစီကြတဲ့သူတွေကိုလည်း တွေ့ ရပါတယ်။

“ကြာရှည်စောင့်ရတော့ မရပ်နိုင်ဘူး။ အဲဒါကြောင့် ခုံပါယူလာတာ” လို့ အသက် ၅၀ ခန့်ရှိတဲ့ အမျိုးသမီးကြီးတစ်ဦးက ပြောပါ တယ်။

လူတစ်ဦးငွေထုတ်ရင် အနည်းဆုံး နှစ်မိ နစ်ခန့်ကြာတဲ့အတွက်ကြောင့် ရှေ့မှာ လူ ၅၀ ရှိရင် လူတစ်ယောက်ဟာ ငွေထုတ်နိုင်ဖို့ အတွက် တစ်နာရီခွဲကျော်ကြာ စောင့်ဆိုင်းရပါ တယ်။ ယင်းတွက်ချက်မှုက ATM ကတ် တစ် ကတ်တည်းသာ ကိုင်ဆောင်ထားတဲ့သူကို တွက်ချက်ထားခြင်းဖြစ်ပြီးတော့ တစ်ခါတစ်ရံ မှာ လူတစ်ဦးဟာ ကတ် နှစ်ကတ်၊ သုံးကတ် ကိုလည်း တစ်ပြိုင်နက်တည်း ထုတ်ယူခဲ့တာ ကို တွေ့ရပါတယ်။

“ပြဿနာတွေ တက်တာရှိတယ်။ လူတစ်ယောက်က ကတ်နှစ်ကတ်ကို တစ်ခါ တည်း ထုတ်နေပြီဆို အမြဲတမ်းရှင်းပေးရ တယ်။ နောက်ကလူတွေကို အလှည့်ပေးဖို့ အတွက်” လို့ ပုဂ္ဂလိကဘဏ်တစ်ခုရဲ့ ATM စက်မှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

လူတန်းစီရတဲ့အတွက်ကြောင့် အသက် အရွယ်ကြီးရင့်သူတွေအနေနဲ့ မူးမော်တာတွေ ရှိတဲ့အပြင် အခုနောက်ပိုင်းမှာ ပြန်ခေါင်း ထောင်လာတဲ့ ကိုဗစ်ပြဿနာကလည်း ရှိနေ ပါ တယ်။

“လူတွေက ခွာခွာနေလို့မှ မရတာ။ ခွာ လိုက်ရင် ကြားဖြတ်ခံရမှာကို ကြောက်တယ်။ အလိုက်မသိဘဲ ကြားဖြတ်ခံရရင် မလိုအပ်ဘဲ စကားတွေပြောရမယ်။ အဲဒါကြောင့် တန်းစီရင်တော့ သိပ်ခွာလို့မရဘူး”လို့ ငွေလာထုတ်သူ တစ်ဦးက ပြောပါ တယ်။

“မကြောက်ဘူးလားမေးရင် ကြောက်တာပေါ့။ ဒါပေမဲ့ ကြောက်ကြောက်နဲ့ပဲ တန်း စီရတာပဲ”လို့ သူက ဆက်ပြောပါတယ်။

မနက်ကတည်းက တန်းစီတဲ့သူတွေရှိတဲ့ အတွက်ကြောင့် စျေးတော့ ရောင်းကောင်း တယ်လို့ ATM စက်တစ်ခုအနီးအနားမှာ စျေးရောင်းနေတဲ့ အမျိုးသားတစ်ဦးက ပြောပါ တယ်။

“မနက်ကတည်းက လာတန်းစီတော့ ကျွန်တော့်အတွက်က ရောင်းကောင်းတယ်။ လူကများတာကိုး”လို့ သူက ပြောပါတယ်။

ကိုယ့်ပိုက်ဆံကို လာထုတ်ရတဲ့အခြေအ နေမှာ လူတွေအနေနဲ့ အခက်အခဲတွေကတော့ အများကြီးရှိနေပါတယ်။ လူတန်းစီရတဲ့အခြေ အနေအပြင် ကပ်ရောဂါဒုက္ခကလည်းရှိနေပါ သေးတယ်။

ငွေစုထားတဲ့သူတွေအနေနဲ့ ဒီလိုအခြေ အနေဖြစ်လာမယ်ဆိုတာ မတွေးမိဘူးလို့ ငွေလာထုတ်သူတစ်ဦးက ပြောပါတယ်။

“ကိုယ့်ပိုက်ဆံနဲ့ကိုယ် အောက်ကျခံရတဲ့ သဘောပဲ။ အရင်တုန်းက ထုတ်လို့လွယ်သလောက် အခုကတော့ အတားအဆီးတွေက အများကြီးပဲ။ ခင်ဗျားမြင်တာပဲလေ။ လူတွေ ဘယ်လောက်များသလဲဆိုတာ။ ဘယ်အချိန်ရ မလဲဆိုတာက တွက်မရဘူး” လို့ ငွေလာထုတ် သူတစ်ဦးက ပြောပါတယ်။

ပုဂ္ဂလိကဘဏ်တွေက ATM ထုတ်ယူ နိုင်တဲ့နေရာတွေကို ကန့်သတ်ထားတဲ့နောက် မှာတော့ ငွေထုတ်ယူသူတွေအနေနဲ့ လူတန်းစီရတာထက် ငွေမပြတ်တဲ့ ATM ကိုပဲ တန်းစီ နေရပါတယ်။

“ကျွန်တော်ဆို နှစ်ခါကြုံတယ်။ ကိုယ့် အလှည့်ရောက်ဖို့ လေးယောက်လောက်ပဲ လို တော့တဲ့အချိန် စက်ထဲမှာ ငွေပြတ်သွားလို့ ထုတ်မရဘူး။ ငွေဖြည့်ပေးတဲ့အချိန်ကို ပြန် စောင့်လိုက်ရတယ်”လို့ ၂၅ နှစ် အရွယ်အမျိုး သားတစ်ဦးက ပြောပါ တယ်။

ပုဂ္ဂလိကဘဏ်တွေအနေနဲ့ ATM စက် တွေကို ကန့်သတ်ထားပေမဲ့ ငွေတွေကိုတော့ တတ်နိုင်သမျှ ဖြည့်ပေးနေတယ်လို့ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ ငွေကုန်ပြီဆိုတာနဲ့ ဖြည့်ပေးပါတယ်” လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က တည်းက နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာပြီး နောက်ပိုင်းမှာတော့ လူတွေတော်တော်များ များက ဘဏ်တွေမှာရှိတဲ့ ငွေတွေကို ထုတ်ယူတာတွေရှိလာပါတယ်။

ဖေဖော်ဝါရီလပိုင်းထဲမှာ မသိသာပေမဲ့ မတ်လအရောက်မှာတော့ ဘဏ်တွေထဲမှာ ငွေထည့်ထားတဲ့သူတွေက သူ့ထက်ငါ အလု အယက် ထုတ်လာကြပါတယ်။

ဘဏ်တွေအနေနဲ့ကလည်း အစပိုင်းမှာ ကန့်သတ်တာတွေမရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ တော့ ငွေထုတ်ယူခြင်းကို ကန့်သတ်လာပါ တယ်။

လက်ရှိမှာတော့ ပုဂ္ဂလိကဘဏ်တွေ အနေနဲ့ မြို့နယ်တိုင်းရှိ ATM စက်အားလုံး မှာ ငွေထုတ်ယူနိုင်ကြောင်း ကြေညာနိုင်ခြင်း မရှိသေးဘဲ ဘယ်နေရာတွေမှာ ငွေထုတ်ယူနိုင်ကြောင်း နေ့စဉ်ကြေညာလျက်ရှိတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ဘဏ်ခွဲအများဆုံး ဖွင့်လှစ်ထားသည့် ဘဏ်တစ်ခုမှာ အပါအဝင် ဖြစ်တဲ့ ကမ္ဘောဇဘဏ်ကတော့ ဧပြီ ၃၀ ရက် မှာ ATM ထုတ်ယူနိုင်တဲ့နေရာ ၃၀၀ ရှိ ကြောင်း ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်မှာထုတ်ပြန် ကြေညာထားတာကို တွေ့ရသည်။

အဲဒီအပြင် ပုဂ္ဂလိကဘဏ်တွေရဲ့ ATM စက်တွေမှာ ငွေထုတ်ယူနိုင်တဲ့ ပမာဏကတော့ တစ်ဘဏ်နဲ့တစ်ဘဏ် မတူပါဘူး။

KBZ ဘဏ်ရဲ့ ATM မှာတော့ လူတစ် ဦး ကျပ်နှစ်သိန်း၊ ရိုးမဘဏ်မှာ ကျပ်သုံးသိန်း၊ AGD ဘဏ်မှာ ကျပ်တစ်သိန်းခွဲ၊ CB ဘဏ် မှာ ကျပ်သုံးသိန်းသာ ထုတ်ယူနိုင်ပါတယ်။

 

■ လူတွေ ဘာကြောင့် ငွေထုတ်ချင်ရတာလဲ

ATM စက်တွေမှာ လူကြိတ်ကြိတ်တိုး တန်းစီနေရတာကတော့ မတ်လကုန်ပိုင်းမှာ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

“အခုလာထုတ်တာက လက်ထဲမှာ ငွေ ကိုင်ထားချင်လို့။ ဘာမှမရေရာဘူးလေ” လို့ ငွေလာထုတ်တဲ့သူတစ်ဦးက ပြောပါတယ်။

အချို့ကတော့ လက်ထဲမှာ ကိုင်ဆောင် ထားတဲ့ ငွေသားမရှိတဲ့အတွက်ကြောင့် ကုန် ပစ္စည်းတွေကို အလွယ်တကူမဝယ်ယူနိုင်တဲ့ အတွက်ကြောင့် ထုတ်ထားတာလို့ ပြောပါ တယ်။

“ အရင်က အသုံးလိုရင် ATM  ထဲက ငွေကိုထုတ်ပြီး သုံးနေတာ။ စျေးဝယ်မယ်ဆို ရင်နီးစပ်ရာ ATM  ကနေ ပိုက်ဆံထုတ်ပြီး သုံးနေကျ။ လက်ထဲ ငွေမဆောင်ထားချင်လို့ ATM ထဲကို ထည့်ထားတာ။ အခုကတော့ ငွေကိုပြန်ထုတ်နေရတယ်။ တချို့နေရာတွေ မှာက ကတ်တွေက သုံးလို့မရသေးဘူးလေ။ အကောင်းဆုံးက လက်ထဲမှာပဲ ငွေပြန်ကိုင်တာ အကောင်းဆုံးထင်လို့ ရသလောက်လာ ထုတ်တာ”လို့ ကြည့်မြင်တိုင်မြို့နယ်က ပုဂ္ဂ လိကဘဏ်တစ်ခုရဲ့ ATM စက်မှာ ငွေလာ ထုတ်တဲ့သူတစ်ဦးက ပြောပါတယ်။

ATM စက်တွေရှေ့မှာ လူတွေ ကြိတ် ကြိတ်တိုး တန်းစီနေတဲ့ကာလမှာပဲ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ချက်တစ်ခု ကို ဧပြီ ၂၉ ရက်မှာ ကြေညာခဲ့ပါတယ်။

အဲဒီကြေညာချက်ကတော့ ပုဂ္ဂလိက ဘဏ်အချို့မှာ မိုဘိုင်းအင်တာနက်အသုံးပြု ပြီးတော့ အွန်လိုင်းဘဏ်ဝန်ဆောင်မှုတွေ ကိုရယူနိုင်ပြီလို့ ကြေညာခဲ့တာပါ။

မိုဘိုင်းအင်တာနက်နဲ့ ဝန်ဆောင်မှုပေး နိုင်တဲ့ ဘဏ်ငါးခုကတော့ ဧရာဝတီ၊ ကမ္ဘောဇ၊ အင်းဝ၊ CB နဲ့ ဧရာဝတီ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်တို့ဖြစ်ပါ တယ်။

မိုဘိုင်းအင်တာနက်နဲ့ အသုံးပြုနိုင်တဲ့ အွန်လိုင်းဝန်ဆောင်မှုတွေက Mobile Banking၊ internet Banking၊ Mobile Top-up၊ Other Cards Top-up၊ Bill Pyament များ၊ Visa၊ Master၊ Credit Card Payment၊ MPU Cards၊ All ATMs၊ Bank Pay များမှ Account to Account Transfer၊ Wallet to Wallet၊ Bank to Wallet၊ Wallet to Bank၊ CBM Net ၏ CCT Function စတဲ့ဝန်ဆောင် မှုတွေ ဖြစ်ပါတယ်။ တိုးမြှင့်ဆောင်ရွက်ပေး နိုင်မယ့် ဘဏ်တွေနဲ့ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ လုပ်ငန်းတွေကို လည်း ထပ်မံအသိပေးသွားမယ်လို့ ဗဟို ဘဏ်က ထုတ်ပြန်ထားပါတယ်။

အဲဒီလိုထုတ်ပြန်ထားပေမဲ့ ATM စက် တွေရဲ့ရှေ့မှာ တန်းစီနေတဲ့ လူတန်းကြီးတော့ သိသိသာသာ လျော့ကျသွားခြင်းမရှိတာကို တော့ ဧပြီ ၃၀ ရက်မှာ တွေ့မြင်ရပါ တယ်။

“တချို့ကိစ္စတွေကျတော့ ငွေသားနဲ့ ပေး ရတယ်လေ။ လက်ထဲမှာ ငွေကိုင်ထားမှ အဆင်ပြေမှာတွေရှိတယ်။ အဲဒါကြောင့် လာ ထုတ်တာ”လို့ ကြည့်မြင်တိုင်မြို့နယ်ရှိ ပုဂ္ဂလိက ဘဏ်တစ်ခု၏ ATM မှာ ငွေလာထုတ်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဘဏ်စုငွေစာအုပ်နဲ့ ငွေထုတ်ယူခွင့်ကို ကန့်သတ်လိုက်တဲ့အချိန်မှာ လူတွေတန်းစီ နေရတာဖြစ်ပြီးတော့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန် ချက်က ATM စက်ရဲ့ရှေ့မှာရှိတဲ့ လူတန်း ရှည်ကြီး ပျောက်သွားမလားဆိုတာကလည်း မေးခွန်းထုတ်ရမယ့် အခြေအနေတစ်ခုလည်း ဖြစ် ပါတယ်။

မတ် ၁ ရက်နေ့မှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ATM စက်တွေကနေ ငွေထုတ် ယူခွင့်ကန့်သတ်လိုက်တဲ့အခြေအနေမှာပဲ လူတန်းရှည်ကြီးတွေ ပေါ်လာတာပဲဖြစ်ပါ တယ်။

ဘဏ်တွေကနေ ငွေထုတ်ယူခွင့်ကို ကန့်သတ်မှုကစလိုက်တဲ့ အခြေအနေကလက် ရှိမှာတော့ ပုံမှန်အခြေအနေကို မရောက်ရှိ သေးပါဘူး။

ငွေထုတ်ဖို့ မနက်ကတည်းက လာ စောင့်နေတဲ့အမျိုးသမီးငယ်ရဲ့ ရှေ့မှာတော့ သူ့လိုပဲတန်းစီနေတဲ့သူ ၃၀ ကျော်လောက် ရှိပါတယ်။ ဘယ်အချိန်မှာ ငွေထုတ်လို့ရမလဲ ဆိုတာက သူကိုယ်တိုင် မသိသေးပါဘူး။

အရင်အချိန်တုန်းကတော့ ခရီးသွား ဟန်လွှဲ ငွေထုတ်ယူနိုင်တဲ့ ATM စက်တွေက အခုချိန်မှာဆိုရင်တော့ လူတွေအတွက် သီး သန့် အချိန်တစ်ခုရယူလိုက်ပါပြီ။

“ငွေကြေးအသုံးလိုလာလို့ လာထုတ် တာ။ ကျန်တာဘာမှမရှိဘူး။ ကိုယ့်ငွေကို ကိုယ့်လက်ထဲကိုင်ထားတာက စိတ်ချရတယ် လေ”လို့ ATM မှာ ငွေလာထုတ်သူတစ်ဦး က ပြောပါတယ်။        

 

Most Read

Most Recent