ကိုဗစ်ကာလ၊ ငါးသားပေါက်ရာသီနှင့် မျှော်တော်ယောင် မြန်မာ့ငါးဈေးကွက်

ကိုဗစ်ကာလ၊ ငါးသားပေါက်ရာသီနှင့် မျှော်တော်ယောင် မြန်မာ့ငါးဈေးကွက်
မြန်မာ့ငါးများဖြင့် အဓိကလည်ပတ်နေသည့် ထိုင်းငါးဈေးကွက်တစ်ခုကို တွေ့ရစဉ်
မြန်မာ့ငါးများဖြင့် အဓိကလည်ပတ်နေသည့် ထိုင်းငါးဈေးကွက်တစ်ခုကို တွေ့ရစဉ်
Published 2 May 2021
ဇော်မိုးဦး (မြိတ်)

တစ်နှစ်ကျော်ကြာလာပြီဖြစ်တဲ့ ကိုဗစ်ကပ်ရောဂါကြီးဟာ ကမ္ဘာပေါ်က လူသားမျိုးနွယ် ၃၁ သိန်းကျော်ကို အသက်ဇီဝိန်ခြွေခဲ့ပြီဖြစ်သလို မြန်မာနိုင်ငံရဲ့ ပြည်သူပြည်သား သုံးထောင်ကျော်မှာလည်း ကပ်ရောဂါကြောင့် သေဆုံးခဲ့ရပြီဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ ၁၄၇ သန်းကို ရောဂါကူးစက်ခဲ့တဲ့အပြင် စီးပွားရေးလုပ်ငန်း အများစုကိုပါ ရိုက်ချိုးပစ်ခဲ့တဲ့အတွက် ၂၀၂၀- ၂၀၂၁ ခုနှစ်ဟာ ကမ္ဘာကြီးအတွက်ရော၊ မြန်မာပြည်အတွက်ပါ ကံဆိုးမိုးမှောင်ကျစေတဲ့ နှစ်တစ်နှစ်ပါပဲ။

အထူးသဖြင့် မြန်မာပြည်သူပြည်သားတွေအတွက် ၂၀၂၁ ခုနှစ်ဟာ ပိုမိုကျပ်တည်းခဲ့ကြတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ဒုက္ခဖြစ်ခဲ့ရသလို နိုင်ငံရေးအခြေအနေများကြောင့် ဒုက္ခတွေနဲ့ တစ်နိုင်ငံလုံး သောကတွေ ဝေခဲ့ရပါတယ်။ စီးပွားရေးမှာ ကပ်ရောဂါကြောင့် ဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်ပေါ်ကာ မြန်မာနိုင်ငံရဲ့ငါးစျေးကွက်ကို အဓိကအကျိုးမြတ်ယူနေတဲ့ ထိုင်းနိုင်ငံကလည်း ကိုဗစ်အကြောင်းပြုပြီး ငါးစျေးများကို ဖြုတ်ချနေခဲ့တယ်။

“လက်ရှိပေါက်စျေးရဲ့ ၃၀ ရာခိုင်နှုန်းအထိကို စျေးလျှော့ချပစ်လိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုဗစ်ရောဂါဖြစ်နေလို့တဲ့။ ကျွန်တော်တို့ ဘာမှပြောလို့မရဘူးလေ။သူတို့မှမဝယ်ရင် ဘယ်မှာသွားရောင်းရမလဲ။ ဘယ်မလဲ မြန်မာပြည်ကငါးစျေးကွက်။ ရောဂါဖြစ်နေလို့ ငါးစျေးကွက်ဖြုတ်ချတယ်ဆို တကယ့်တကယ်တမ်းမှာ ဘာမှမပတ်သက်ဘူး။ ဒါပေမဲ့ ထိုင်းနိုင်ငံက ဒါကိုပဲစောင့်နေတယ်။ မြန်မာနိုင်ငံက လာရောင်းတဲ့ ကုန်စည်တွေကို စျေးနှိမ်ဖို့ပဲ စောင့်နေတယ်။ ကျွန်တော်တို့ ဒီငါးတွေကို မရောင်းနိုင်ဘူးဆိုပြီး မြန်မာပြည်ကို ပြန်သယ်လာလို့မရဘူး။ ဘယ်မှာ သွားရောင်းမလဲ။ ရှုံးလည်းရောင်းပြီး ပြန်လာခဲ့ရတယ်” လို့ ကော့သောင်းမြို့မှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

အစိုးရအဆက်ဆက် မည်သူတက်တက် မြန်မာနိုင်ငံတောင်ပိုင်းမှာဖြစ်နေတဲ့ ငါးစျေးကွက်အခက်အခဲကို ဘယ်သူမှသတိမမူကြတာလား။ ဥပေက္ခာပြုထားကြတာလားမသိ။ ငါးစျေးကွက်ကြီးက ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော်ကြာ တည်ရှိနေခဲ့တဲ့အပြင် ရွှေ့ပြောင်းလုပ်သား အများအပြားလည်း ငါးစျေးကွက်မှာ သွားရောက်လုပ်ကိုင်ပေးနေခဲ့ရတယ်။ မြန်မာနိုင်ငံက ငါးဖမ်းလှေတွေကလည်း ထိုင်းနိုင်ငံအတွက် ငါးဖမ်းပေးနေရယောင်။ ထိုင်းမှာ ငါးစျေးကွက်ကြီးရှိနေဖို့ ငါးသယ်လှေတွေက အဆက်မပြတ်သွားရောင်းပေးနေရသယောင်။ ငါးစျေးကွက်ကြီး လည်ပတ်ဖို့လိုအပ်နေတဲ့ လုပ်သားတွေကို မြန်မာရွှေ့ပြောင်းလုပ်သားတွေက သွားရောက်လုပ်ပေးနေရသယောင်။ အဲဒီလိုယောင်ယောင်နဲ့ နှစ်ပေါင်း ၂၀ ကျော်လာခဲ့ပါပြီ။ ကိုဗစ်ကပ်ရောဂါကြီးဖြစ်လာတော့ ထိုင်းကလုပ်ငန်းတွေအများအပြား ရပ်နားကြတယ်။ ရေထွက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ ရပ်နားကြတယ်။ အဲဒီမှာလုပ်ကိုင်နေတဲ့ ရွှေမြန်မာတွေ အလုပ်လက်မဲ့ဖြစ်ပြီး ပြန်လာကြတယ်။

“ဒီမှာလည်း ဘာလုပ်ငန်းမှလည်းမရှိဘူး။ ကြာလာတော့ စားဝတ်နေရေး အခက်အခဲရှိလာတယ်။ အဲဒီတော့ထိုင်းကိုပဲ ပြန်သွားရတယ်။ တရားဝင်လမ်းက ပြန်သွားလို့မရတော့ဘူး။ လူဝင်လူထွက် ကန့်သတ်လိုက်ပြီဆိုတော့ ပွဲစားတွေကတစ်ဆင့်သွားရပြန်တယ်။ နယ်စပ်မှာဖမ်းမိလို့ ပိုပြီးဒုက္ခရောက်ကြပြန်တယ်” လို့ ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ ရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့သည့် ပွင့်လင်းရာသီအတွင်း ကင်းမွန်မီးထွန်းလှေများ အထိနာခဲ့ကြပါတယ်။ ထိုင်းနိုင်ငံက ကိုဗစ်ကို အကြောင်းပြုပြီးကင်းမွန် ရေခဲရိုက်များကို လက်မခံဘဲ အခဲတုံးများကိုသာ လက်ခံခဲ့သည့်အတွက် ကုန်ကျစရိတ်ပိုမိုများပြားခဲ့ပါတယ်။ ကင်းမွန်ရာသီအတွင်း ကင်းမွန်အရနည်းခဲ့သည့်အတွက် ကင်းမွန်လှေငယ်များ ရာသီသိမ်းသွားခဲ့ရပါတယ်။ လှေကြီးတချို့သာ ရာသီကုန်ဆုံးချိန်အထိ တောင့်ခံထားနိုင်ခဲ့ပြီး မေလ ၁ ရက်တွင် ငါးဖမ်းရာသီ ကုန်ဆုံးပြီဖြစ်ပါတယ်။ မြန်မာ့ပင်လယ်ပြင်အတွင်း လုပ်ငန်းဆောင်ရွက်နေတဲ့ ငါးဖမ်းလှေအားလုံး မေ ၁ ရက်မှ စတင်လုပ်ငန်းရပ်နားရတော့မည်ဖြစ်ပါတယ်။ ကိုဗစ်ကာလကတည်းက တောင့်ခံလာရတဲ့မြန်မာ့ရေလုပ်ငန်းမှာ ငါးသားပေါက်ရာသီ ရောက်ရှိလာပြီဖြစ်တဲ့အတွက် လုပ်ငန်းသုံးလဆက်လက်ရပ်နားရမှာ ဖြစ်တယ်။ ကုန်ကြမ်းအဆင့်နဲ့သာ သွားရောက်ရောင်းချနေရတဲ့ ရေထွက်ကုန်တွေကို ပင်လယ်ပြင်ကြီးထဲမှာ တစ်ဖန်ပြန်လည်မွေးမြူရမယ့်အချိန်ဖြစ်ပါတယ်။ လာမယ့်ငါးဖမ်းရာသီကျရင် လွန်ခဲ့တဲ့နှစ် ၂၀ တုန်းကလို ထိုင်းကိုပဲ ကုန်ကြမ်းအဆင့်နဲ့ သွားရောင်းဖို့ ပြင်ဆင်ရဦးမှာပါ။ ဒါက မြန်မာ့ငါးစျေးကွက် သံသရာဖြစ်ပါတယ်။ ဆယ်စုနှစ် နှစ်ခုကျော်အကြာ လည်ပတ်နေတဲ့ သံသရာကြီးပါပဲ။ မြန်မာ့ငါးစျေးကွက်ကို မြန်မာ့မြေမှာ ပြန်လည်ရှိနေဖို့ လွန်ခဲ့တဲ့အနှစ် ၂၀ တပ်မတော် အစိုးရလက်ထက်မှာ မျိုးစေ့ချခဲ့ကြတယ်။ အရပ်သား အစိုးရနှစ်ဆက် တက်လာတယ်။ ဘာတစ်ခုမှ ရေရေရာရာမလုပ်ပေးနိုင်ဘဲ ထိုင်းနိုင်ငံကိုပဲ ဆက်ပြီးသွားရောင်းနေခဲ့ရတယ်။ ငါးစျေးကွက်ကြီးက ထိုင်းမှာပဲ ဆက်လက်အောင်ပွဲခံနေတယ်။ အခုနိုင်ငံ ရေးအပြောင်းအလဲဖြစ်လာတဲ့အချိန်မှာ ပြည်သူတွေရဲ့မျှော်တော်ယောင်ငါးစျေးကွက်ကြီး မြန်မာ့မြေ ကိုပြန်ရောက်အောင် လုပ်နိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရင်း မျှော်တော်ယောင်ကြည့်ပါဦးမယ်။

Most Read

Most Recent