ကမ္ဘာ့နိုင်ငံများ၏ ကျန်းမာရေးစနစ်ကို ခြိမ်းခြောက်လာသော ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်များနှင့် တတိယလှိုင်းအန္တရာယ်

ကမ္ဘာ့နိုင်ငံများ၏ ကျန်းမာရေးစနစ်ကို ခြိမ်းခြောက်လာသော ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်များနှင့် တတိယလှိုင်းအန္တရာယ်
တောင်ကြီးမြို့ရှိ ကျန်းမာရေးဝန်ထမ်းများအား COVID-19 ကာကွယ်ဆေး စတင်ထိုးနှံစဉ် (ဓာတ်ပုံ - စည်သာ)
တောင်ကြီးမြို့ရှိ ကျန်းမာရေးဝန်ထမ်းများအား COVID-19 ကာကွယ်ဆေး စတင်ထိုးနှံစဉ် (ဓာတ်ပုံ - စည်သာ)
Published 2 May 2021
အိသဉ္ဇာကျော်၊Ref:AFP

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံတွင် စတင်ကူးစက်ပျံ့နှံ့ခဲ့သော ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် မေ ၁ ရက် နံနက်ပိုင်းအထိ ကမ္ဘာတစ်ဝန်း၌ ကူးစက်ခံရသူ ၁၅၂ သန်းရှိ ပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃ ဒသမ ၁၉ သန်းအထိ မြင့်တက်လာပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေနှင့် သေဆုံးသူဦးရေ စံချိန်တင်မြင့်တက်နေပြီး အိန္ဒိယနိုင်ငံ၌  COVID-19 ရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာရခြင်းမှာ B1617 အမျိုးအစား ကူးစက်မြန် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်ခြေရှိကြောင်းနှင့် ယခုအခါ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ်သည် စင်ကာပူ၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် ခိုအောင်းလျက်ရှိသည် ဟုသံသယရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဧပြီ ၂၇ ရက်က နောက်ဆုံးထုတ်ပြန်ထားသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

အိန္ဒိယတွင် ဗိုင်းရပ်စ်ကူးစက်မှုလှိုင်း အသစ်အတွင်း ဧပြီ ၂၈ ရက်၌ ကူးစက်ခံရသူ ၃၈၀၀၀၀ နီးပါးရှိခဲ့ပြီး နောက်ထပ် ကမ္ဘာစံချိန်သစ်တစ်ရပ် တင်ခဲ့သည်။

အိန္ဒိယတွင် ယခုလအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ခြောက်သန်းကျော် ထပ်မံမြင့်တက်ခဲ့သည်။ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်တစ်ရပ် ထွက်ပေါ်လာခြင်းနှင့်အတူ အစိုးရကနိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ အခမ်းအနားများပြုလုပ်ခွင့်ပြုခဲ့ခြင်းတို့ ကြောင့် ကူးစက်ခံရသူ မြင့်တက်ခဲ့ပြီး ဆေးရုံများတွင် လူနာခုတင်များ၊ ဆေးဝါးများနှင့် အောက်ဆီဂျင်ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရကြောင်း နိုင်ငံတကာမီဒီယာများတွင် ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်း နေ့စဉ် COVID-19 ရောဂါကူးစက်ဖြစ်ပွားနှုန်း မြင့်တက်ဆဲဖြစ်ပြီး မေ ၁ ရက် နံနက်ပိုင်းအထိ ရောဂါကူးစက်ခံရသူ ၁၅၂ သန်းကျော်နှင့် သေဆုံး သူ ၃၂ သိန်းနီးပါးအထိ တိုးလာကြောင်း Worldo Meter က ထုတ်ပြန်ထားသော စာရင်းအရ သိရသည်။

မေ ၁ ရက်အထိ ကမ္ဘာတစ်ဝန်း COVID-19 ရောဂါကူးစက်ခံရသူပေါင်း ၁၅၂၀၂၅ ၂၈၀ ရှိပြီး သေဆုံးသူ ၃၁၉၃၉၃၇ ဦးရှိပြီး ပြန်လည်သက်သာ ကောင်းမွန်လာသူပေါင်း ၁၂၉၂၉၃၃၂၉ ဦးရှိပြီဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကူးစက်မှု ဒုတိယလှိုင်းအတွင်း မကြာသေးမီက ကူးစက်ခံရသူ အဆမတန် မြင့်တက်လာမှုနှင့်အတူ ဧပြီ ၃၀ ရက်၌ ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်းသန်း ၁၅၀ ကျော်ရှိလာခဲ့သည်ဟု အေအက်ဖ်ပီသတင်းဌာန၏ စစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိချိန်ကတည်းက ယခုချိန်အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၅၀ ဒသမ ၃ သန်းအထိ ရှိလာခဲ့ပြီဟု စစ်တမ်းတွင် ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်းတွင် နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေသည် ဖေဖော်ဝါရီ လလယ်ပိုင်းကတည်းက နှစ်ဆကျော်မြင့်တက်လာခဲ့ပြီး  တစ်ပတ်အတွင်း အိန္ဒိယနိုင်ငံ၌ COVID-19 လူနာသစ် ၅၂ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဧပြီ၂၇ ရက်က နောက်ဆုံးထုတ်ပြန်ထားသော အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

လက်ရှိ ကမ္ဘာတစ်ဝန်းလုံးတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကပ်ရောဂါသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကူးစက်ပြန့်ပွားလျက်ရှိပြီး ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ရောဂါကူးစက်ဖြစ်ပွားသူဦးရေ ၅ ဒသမ ၇ သန်းကျော်ရှိခဲ့ရာ ကမ္ဘာပေါ်တွင် COVID-19 ရောဂါဖြစ်ပွားမှု အများဆုံးရက်သတ္တပတ်အဖြစ် စံချိန်တင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တစ်ပတ်အတွင်း သေဆုံးသူ (အသစ်) မှာလည်း ၈၇၀၀၀ အထိ မြင့်တက်ခဲ့ပြီး ယခုကဲ့သို့ သေဆုံးသူဦးရေ မြင့်တက်နေသည်မှာ ခြောက်ပတ်ဆက်တိုက်ရှိနေပြီဖြစ်ကြောင်း၊ ပြီးခဲ့သည့် တစ်ပတ်အတွင်း သေဆုံးလူနာသစ်စာရင်းအရ Americas Region တွင် ၄၂ ရာခိုင်နှုန်း၊ Europe Region တွင် ၂၉ ရာခိုင်နှုန်း၊ South-East Asia Region တွင် ၁၉ ရာခိုင်နှုန်း၊ Eastern Mediterranean Region တွင် ခုနစ်ရာခိုင်နှုန်း၊ Africa Region တွင် တစ်ရာခိုင်နှုန်း၊ Western Pacific Region တွင် တစ်ရာခိုင်နှုန်းရှိခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။        

အိန္ဒိယတွင် ဗိုင်းရပ်စ်မျိုးကွဲသစ်တစ်မျိုးကြောင့်သာမက ဗိုင်းရပ်စ်ကန့်သတ်ချက်စည်းမျဉ်းများကိုလည်း လိုက်နာရန်ပျက်ကွက်သောကြောင့် ယင်းကဲ့သို့ ဗိုင်းရပ်စ်ကူးစက်ခံရသူ အဆမတန်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဧပြီ ၂၉ ရက်က ပြောကြားထားသည်။

ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ စံချိန်တင်မြင့်တက်နေသော နိုင်ငံများမှာ အမေရိကန် (၃၂ ဒသမ ၃ သန်း)၊ အိန္ဒိယ (၁၈ ဒသမ ၈ သန်း)နှင့် ဘရာဇီး (၁၄ ဒသမ ၆ သန်း) တို့ဖြစ်သည်။

လူဦးရေအလိုက် ဗိုင်းရပ်စ် ကူးစက်ခံရသူအများဆုံးနိုင်ငံများမှာ မွန်တီနီဂရိုး (လူဦးရေ ၁၀၀၀၀၀ တွင်ကူးစက်ခံရသူ ၁၅၄၅၇ ဦး)၊ ချက်သမ္မတနိုင်ငံ (လူဦးရေ ၁၀၀,၀၀၀ တွင် ကူးစက်ခံရသူ ၁၅၂၀၇ ဦး)၊ ဆလိုဗေးနီးယား (လူဦးရေ ၁၀၀၀၀၀ တွင် ကူးစက်ခံရသူ ၁၁၅၁၃ ဦး) တို့ဖြစ်သည်။

အိန္ဒိယနိုင်ငံကြောင့် ကမ္ဘာတစ်ဝန်းနေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူအသစ်များတွင် အာရှတိုက်သည် အများဆုံးဖြစ်ပြီး ကပ်ရောဂါ အရှိန်မြင့်တက်လာမှုနှင့်အတူ လွန်ခဲ့သည့် သီတင်းပတ်နှင့် နှိုင်းယှဉ်လျှင် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၂၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

လက်တင်အမေရိကနှင့် ကရေဘီယံဒေသတို့တွင် နေ့အလိုက် ကူးစက်ခံရသူဦးရေ တည်ငြိမ်လာပြီး ဥရောပတွင် ကူးစက်ခံရသူ ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ အမေရိကန်တွင် ကူးစက်ခံရသူ ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ဗိုင်းရပ်စ်စတင် တွေ့ရှိချိန်ကတည်းက ကမ္ဘာတစ်ဝန်း ကူးစက်ခံရသူများ၏ သုံးပုံတစ်ပုံကျော်သည် ဥရောပမှ ဖြစ်ပြီး ကူးစက်ခံရသူ ၅၀ ဒသမ၂ သန်းကျော်ရှိသည်။

အိန္ဒိယသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလှိုင်းနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ဆေးရုံများတွင် လူနာခုတင်များနှင့် အောက်ဆီဂျင်ပြတ်လပ်မှုများ ဖြစ်ပေါ်နေသည့်အပြင် သုသာန်များတွင်လည်း အလောင်းများ စုပုံများပြားနေသည်။ မကြာသေးမီရက်များအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ပိုမိုမြင့်တက်လာသောကြောင့် လူနာများ၏ မိသားစုဝင်များသည် လူမှုကွန်ရက်များတွင် ခုတင်ရရှိနိုင်သော ဆေးရုံများ၏ တည်နေရာများကို မေးမြန်းစုံစမ်းနေကြသည့်အပြင် အောက်ဆီဂျင်အထောက်အပံ့များကိုလည်း  တောင်းဆိုနေကြသည်။

ဗိုင်းရပ်စ်ကူးစက်ခံရသူများ ပြားသောကြောင့် နယူးဒေလီမြို့တော်တွင် သီတင်းတစ်ပတ်ကြာ Lockdown ချမှတ်ခဲ့သည်။ ချမ်းသာသောနိုင်ငံများသည် ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်များကို အရှိန်မြှင့် လုပ်ဆောင်နေချိန်တွင် လူဦးရေ ၁ဒသမ၃ ဘီလျံရှိသည့် အိန္ဒိယနိုင်ငံသည် ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကို အဆိုးရွားဆုံးရင် ဆိုင်ကြုံတွေ့နေရသည်။နိုင်ငံအများအပြားက အိန္ဒိယကို ကူညီထောက်ပံ့ပေးသွားမည်ဟု ကတိပြုထားစဉ် အမေရိကန်နှင့် ဗြိတိန်သည် အိန္ဒိယ၏ကျန်းမာရေးအကျပ်အတည်းကို ကူညီပေးရန် အသက်ရှူကိရိယာများနှင့် ကာကွယ်ဆေးများကို အလျင်အမြန် ပို့ဆောင်ပေးခဲ့သည်။

အိန္ဒိယနိုင်ငံ၌ ဧပြီ ၂၉ ရက်က COVID-19 နောက်ထပ်ကူးစက်မှုပေါင်း ၃၇၀၀၀၀ ရှိပြီး သေဆုံးသူ ၃၆၀၀ အထိရှိနေပြီး ဆေးဘက်ဆိုင်ရာသုံး အောက်ဆီဂျင်မှာလည်း မြို့တော်နယူးဒေလီနှင့် အခြားနေရာများတွင် ပြတ်လပ်မှုများရှိသည်ဟု သိရသည်။

အိန္ဒိယကို အကူအညီပေးရန် ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာရှနိုင်ငံများမှ ဆေးဘက်ဆိုင်ရာ အကူအညီများနှင့် ဆေးပစ္စည်းကိရိယာများ ပေးအပ်ရန် ကမ်းလှမ်းထားပြီး  ဧပြီ ၃ဝရက်တွင် အမေရိကန်မှပေးပို့သည့် အောက်ဆီဂျင်ထုတ်လုပ်သည့် ကိရိယာနှင့် အခြားထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိမည်ဖြစ်ကြောင်း နိုင်ငံတကာမီဒီယာများတွင် ဖော်ပြထားသည်။

အလားတူ အိန္ဒိယနိုင်ငံ၏ ကျန်းမာရေးစနစ်ကို အထောက်အကူပြုနိုင်စေရေးအတွက် အကူအညီများပေးရန် ဂျပန်အစိုးရအရာရှိများက စီစဉ်ထားပြီး အသက်ရှူအထောက်အကူပြု ကိရိယာများ၊ ဆေးဘက်သုံး အောက်ဆီဂျင်ထုတ်ကိရိယာများနှင့် အခြားသော အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံသည်လည်း လျင်လျင်မြန်မြန် ကူးစက်နှုန်းမြင့်တက်လာသည့် တတိယလှိုင်းနှင့် ရင်ဆိုင်နေရပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေ့အလိုက် လူသေဆုံးမှု စံချိန်တင်ခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်များအတွင်းက စတင်ခဲ့သည့် လတ်တလော ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများကို တားဆီးရန် အာဏာပိုင်များက  ဧပြီလ ၂၆ ရက်တွင် မြို့တော်ဘန်ကောက်နှင့် အခြားဒေသများ၌ ကန့်သတ်ပိတ်ပင်မှုအသစ်များ ချမှတ်ခဲ့ရပြီး အိန္ဒိယနိုင်ငံမှ ခရီးသွားဝင်ရောက်မှုများကိုလည်း ပိတ်ပင်ကန့်သတ်မှုများ လုပ်ဆောင်ထားရသည်။ ထိုင်းနိုင်ငံသည် အခြားနိုင်ငံများထက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ တစ်ဟုန်ထိုး မြင့်တက်မလာအောင် ထိန်းချုပ်နိုင်ခဲ့သော်လည်း လတ်တလော ကူးစက်ပျံ့နှံ့မှုများကြောင့် ဧပြီ  ၃၀ ရက်အထိကူးစက်သူ ၆၅၁၅၃ ဦးနှင့် သေဆုံးသူ ၂၀၃ ဦး ရှိလာခဲ့သည်။

ယခင်က COVID-19 ရောဂါ ကူးစက်ဖြစ်ပွားသေဆုံးမှု အနည်းငယ်သာရှိခဲ့သည့် လာအိုနိုင်ငံတွင်ပင် လက်ရှိ ကူးစက်ခံရသူ လူနာဦးရေ နေ့အလိုက်တိုးလာမှုကြောင့် ရောဂါထိန်းချုပ်ရန် ပိုမိုတင်းကျပ်သော အသွားအလာကန့်သတ်မှုများ ချမှတ်နေရပြီ ဖြစ်သည်။

လာအိုအစိုးရသည် နိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရန် ပိုမိုတင်းကျပ်သော အရေးယူဆောင်ရွက်မှုများချမှတ်ရန် ဒေသဆိုင်ရာတာဝန်ရှိသူများအား ညွှန်ကြားထားကြောင်း လာအိုနိုင်ငံ၏ COVID-19 ရောဂါ ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ဧပြီ ၃၀ ရက်က ထုတ်ပြန်ထားသည်။

လာအိုနိုင်ငံတွင် COVID-19 ရောဂါကူးစက်မှုကို ၂၀၂၀ ပြည့်နှစ် မတ် ၂၄ ရက်က စတင်တွေ့ရှိခဲ့ပြီး ထိုအချိန်မှစ၍ ဧပြီ ၃၀ ရက်အထိ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၇၅၇ ဦးရှိခဲ့ပြီး သေဆုံးသူမရှိကြောင်း ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ အရှေ့တောင်အာရှနိုင်ငံများနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများတွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း မြင့်တက်နေချိန်တွင် မြန်မာနိုင်ငံ၌ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများပင် ကောင်းစွာပြန်လည်လည်ပတ်နိုင်ခြင်းမရှိသေးရာ COVID-19 တတိယလှိုင်းအန္တရာယ်အတွက်  စိုးရိမ်ဖွယ်အနေအထားတွင် ရှိနေသည်။

မြန်မာနိုင်ငံ၌ လက်ရှိအခြေအနေတွင် COVID-19 ဓာတ်ခွဲနမူနာ စစ်ဆေးနိုင်မှုအပေါ် တွက်ချက်မှုအရ ရောဂါတွေ့ရှိနှုန်း တစ်ရာခိုင်နှုန်းနှင့် နှစ်ရာခိုင်နှုန်းအကြားသာ တွေ့ရှိနေရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှရရှိသည့် အချက်အလက်အရသိရသည်။

ဇန်နဝါရီလအတွင်းက တစ်ရက်လျှင် ဓာတ်ခွဲနမူနာ ၁၀၀၀၀ မှ ၂၀၀၀၀ ကြား နေ့စဉ်စစ်ဆေးနိုင်ခဲ့သော်လည်း လက်ရှိကျန်းမာရေး ဝန်ထမ်းအခြေအနေကြောင့် တစ်ရက်လျှင် တစ်ထောင်မှ နှစ်ထောင်ဝန်းကျင်သာ စစ်ဆေးနိုင်သေးပြီး လက်ရှိကျန်းမာရေး ဝန်ထမ်းအခြေအနေကြောင့် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ အားနည်းနေသဖြင့် ရောဂါဖြစ်ပွားမှုကို မှန်းဆရန် ခက်ခဲနေသည့် အခြေအနေတွင် ရှိနေသေးသည်။

လက်ရှိတွင် COVID-19 ကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များအား မေ ၃၁ ရက်အထိ ထပ်မံသက်တမ်း တိုးထားကြောင်း ဧပြီ ၂၉ ရက်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာထားသည်။

COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ် ဆောင်ရွက်ရန် လိုအပ်သဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ COVID-19 ကာကွယ်၊ထိန်းချုပ်၊တားဆီးရေးအတွက် ၂၀၂၁ ခုနှစ်၊ ဧပြီ ၃၀ ရက်အထိ ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးထားသည့် ကိစ္စရပ်များမပါ) အား ၂၀၂၁ ခုနှစ် မေ ၃၁ ရက်အထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်ထားကြောင်း အသိပေးကြေညာထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့်လည်း COVID-19 ရောဂါဖြစ်ပွားမှုများပြားရာ နိုင်ငံများမှ ပြည်တွင်းသို့ ဝင်ရောက်လာသူများတွင် ရောဂါပိုးတွေ့ရှိမှု အချက်အလက်များကို ဆန်းစစ်၍ လိုအပ်သည့်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်နေသည်ဟု သိရသည်။

လက်ရှိ ဆေးသုတေသနဦးစီးဌာနက ပြည်ပနိုင်ငံများမှ ပြန်လာသော အတည်ပြုလူနာများထံမှ ရောဂါပိုးကို မျိုးရိုးဗီဇစစ်ဆေးရန် စီစဉ်လျက်ရှိပြီး  ဓာတ်ခွဲနမူနာ ပိုမိုစစ်ဆေးနိုင်ပါက လူနာအရေအတွက် ပိုမိုတွေ့ရှိနိုင်မည်ဖြစ်၍ ဓာတ်ခွဲနမူနာများကို တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် စစ်ဆေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်ဟုလည်း သိရသည်။ 

ဧပြီလ တတိယပတ်အတွင်းက ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့နှင့် ပတ်သက်၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဆွေးနွေးထားပြီး  ဧပြီ ၂၇ ရက်ကလည်း ယခင်ဖြစ်ပွားမှု များပြားခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ဖြစ်သည့် ရခိုင်ပြည်နယ်နှင့် ရောဂါကူးစက်မှု ဆက်လက်ဖြစ်ပွားမှုရှိနေသော တနင်္သာရီတိုင်းဒေသကြီးတို့မှ တာဝန်ရှိသူများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ  ဆွေးနွေးမှုများ ပြုလုပ်ထားသည်ဟု သိရသည်။

ထို့ပြင် ဧပြီ ၂၉ ရက်ကလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးမြို့ပေါ်ရှိ ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ဌာနမှူးများ၊ တာဝန်ခံ/အထူးကုဆရာဝန် ကြီးများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက မန္တလေးပြည်သူ့ဆေးရုံကြီး အပါအဝင် မြို့ပေါ်ရှိ ဗဟိုအဆင့်ဆေးရုံများ လုပ်ငန်းပုံမှန်ဆောင်ရွက်နိုင်ရေး အထူးအရေးကြီးကြောင်း၊ မြို့နယ်၊ တိုက်နယ် ဆေးရုံများ လုပ်ငန်းဆောင်ရွက်မှု တိုးတက်လာသည်နှင့်အညီ ညွှန်းပို့ဆေးရုံ အဆင့်ဖြစ်သည့် ဆေးရုံကြီး များတွင်လည်း လုပ်ငန်းအမြန်စတင်ရန် လိုအပ်နေကြောင်း ၊ COVID-19 ရောဂါဆိုင်ရာ ကုသရေးလုပ်ငန်းများ ပြန်လည်ကြိုတင် ပြင်ဆင်ရမည့်အချိန်ဖြစ်ကြောင်း၊ COVID-19 ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းဆိုင်ရာ သတ်မှတ် Protocol အတိုင်း မဆောင်ရွက်နိုင်မီ ရောဂါကူးစက်လာနိုင်သဖြင့် လိုအပ်ချက်များ အမြန်ပြင်ဆင်ကြရန်  ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်ဟု သိရသည်။

Most Read

Most Recent