လိုအင်ဆန္ဒ ပြည့်ဝကျေနပ်စေရေး (Freedom from Want)

လိုအင်ဆန္ဒ ပြည့်ဝကျေနပ်စေရေး (Freedom from Want)
Published 2 May 2021
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

လွတ်လပ်ခွင့်၊ လွတ်လပ်မှု၊ လွတ်လပ်ခြင်း၊ လွတ်လပ်ရေး စသည့် မြန်မာစကားရပ်၊ စကားလုံးများသည် မိမိတို့တိုင်းပြည်နိုင်ငံ၏ သမိုင်းကြောင်း အခြေအနေအရ ပြည်သူပြည်သားများအကြားတွင် ရင်းနှီးကျွမ်းဝင်လျက်ရှိနေပါသည်။ စကားလုံး၊ စကားရပ်အရ ရင်းနှီးကျွမ်းဝင်လျက်ရှိကြသော်လည်း အဓိပ္ပာယ် ဖော်ကြသည့်အခါတွင်မူ ထဲထဲဝင်ဝင် ကြိုးစားအားထုတ်ခြင်းထက် လူအများအကြိုက် သို့မဟုတ် နားထောင်သူ ပရိသတ်အကြိုက်ကိုသာ ဟောပြောသည့် အလွယ်တကူသိမြင်နားလည်နိုင်စေမည့် အချက်အလက်များကိုသာ အခြေခံသည့်အတွက် တိုင်းပြည်နိုင်ငံတော် တည်ဆောက်ရာတွင် လွတ်လပ်ခြင်း၏ အနှစ်သာရကို ထည့်သွင်းစဉ်းစားရန် ပျက်ကွက်သည့်အနေအထားသို့ ရောက်ရှိနေသည်ဟု စာရေးသူအနေဖြင့် ခံစားမိပါသည်။

အထက်ဖော်ပြပါ ခံစားချက်ကို အခြေခံကာ စာရေးသူအနေဖြင့် လေ့လာခဲ့ရသည့် အတွေ့အကြုံသိမြင် နားလည်မှုများအရ အနည်းငယ်မျှသော ဗဟုသုတမျှဝေခြင်းကို တာဝန်ရှိပြီး လုပ်ပိုင်ခွင့်ရှိသူများအနေဖြင့် သတိပြုမိမည်ဆိုပါက ဆောင်းပါးရေးသားတင်ပြရခြင်း၏ ရည်ရွယ်ချက်ဖြစ်ပါသည်။ ယခုတင်ပြမည့် အကြောင်းအရာသည် ကျယ်ပြန့်လွန်းသည့်အတွက် ဆောင်းပါးတစ်ပုဒ်ဖြင့် ပြည့်စုံအောင် တင်ပြနိုင်မည် မဟုတ်ပါ။ လွတ်လပ်ရေးကို အခြေခံသည့် သဘောတရားအချို့ကိုသာ တင်ပြနိုင်ပါမည်။ စာဖတ်သူများ အနေဖြင့် ဆက်လက်စဉ်းစားတွေးခေါ်ပြီး မိမိတို့၏ တိုင်းပြည်နိုင်ငံတော် တည်ဆောက်ရာတွင် တစ်ထောင့်တစ်နေရာက ပါဝင်အကျိုးပြုနိုင်စေရန် မျှော်လင့်မိပါသည်။

ပထမဦးစွာ အင်္ဂလိပ်စကားလုံးများဖြစ်သည့် (Freedom) နှင့် (Independence) ဆိုသည့် စကားလုံးနှစ်လုံးကို အခြေခံကာ အဓိပ္ပာယ်ဖွင့်ဆိုချက်အချို့ကို တင်ပြဆွေးနွေးလိုပါသည်။ အင်္ဂလိပ်စကားလုံးနှစ်လုံးစလုံးသည် မြန်မာစာအဓိပ္ပာယ်အားဖြင့် တူညီသော ဖွင့်ဆိုချက်ဖြစ်သည့် လွတ်လပ်ခြင်း သို့မဟုတ် လွတ်လပ်ရေးဆိုသည့် သဘောတရားကို ယူဆောင်လျက်ရှိနေပါသည်။ သို့သော် တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို လေ့လာပါက အနှစ်သာရမှာ လုံးဝတူညီခြင်းမရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် (Freedom) ကို ရည်ညွှန်းတင်ပြခြင်း နှင့် (Independence) ကို ရည်ညွှန်းတင်ပြခြင်းတို့ကို ရှင်းလင်းစနစ်ကျစွာ တင်ပြနိုင်ရမည် ဖြစ်ပါသည်။

လွတ်လပ်ခွင့်၊ လွတ်လပ်မှု၊ လွတ်လပ်ခြင်းနှင့် လွတ်လပ်ရေးဆိုသည့် အဓိပ္ပာယ်ဆောင်သည့် (Freedom) ဆိုသည့် စကားလုံးနှင့် သဘောတရားအချို့ကို စတင်ဆွေးနွေးတင်ပြလိုပါသည်။ ၁၉၄၁ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့တွင် အမေရိကန်သမ္မတ ဖရင်ကလင်ဒီရုဇဘဲ့က ကမ္ဘာပေါ်ရှိ လူသားအားလုံးပျော်ရွှင်စွာ လိုက်နာကျင့်သုံးနိုင်စေရေးအတွက် အခြေခံလွတ်လပ်ခွင့် (Fundamental Freedoms) လေးမျိုးကို စတင်အဆိုပြုခဲ့ပါသည်။ အဆိုပါလေးမျိုးမှာ-

(၁) လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Freedom of Speech)

(၂) လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် (Freedom of Workship)

(၃) လိုအင်ဆန္ဒ ပြည့်ဝကျေနပ်စေရေး (Freedom from Want) နှင့်

(၄) ကြောက်ရွံ့ခြင်းမှ ကင်းဝေးစေရေး (Freedom from Fear) တို့ ဖြစ်ကြပါသည်။

အမှတ်စဉ် (၁)၊ (၂) နှင့် (၄) တို့မှာ စိန်ခေါ်မှုကြီးမားပြီး ပွတ်တိုက်မှုများပြားသဖြင့် ကမ္ဘာပေါ်ရှိ ပညာရှင် အများအပြားက ရှုထောင့်ပေါင်းစုံလေ့လာ သုံးသပ်လျက်ရှိကြပြီး စာအုပ်၊ စာတမ်း၊ စာစောင်ပေါင်းများစွာ ထုတ်ဝေကြပြီးလည်း ဖြစ်ပါသည်။ သို့သော်လည်း အမှတ်စဉ် (၃) မှာ ရေရှည်တစ်ဆင့်ချင်း မြှင့်တင်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်ဖြစ်သည့်အပြင် ပွတ်တိုက်မှုလည်း နည်းပါးသည့်အတွက် ပညာရှင်အများအပြား၏ လျစ်လျူရှုခြင်းကို ခံရပါသည်။ ထို့ပြင် လူတို့၏လိုအင်ဆန္ဒဆိုသည့်အဓိပ္ပာယ်မှာ လူတို့၏နေထိုင်ရာ ပတ်ဝန်းကျင်၊ ပညာရေး၊ အသိအမြင်၊ အတွေ့အကြုံ၊ အသက်အရွယ်၊ ကျား-မ စသည်တို့အပေါ်တွင် မူတည်နေပါသဖြင့် အမျိုးမျိုးအဖုံဖုံ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေမှ ယေဘုယျအခြေအနေတစ်ရပ်ကို ဖော်ထုတ်နိုင်ရန် ခက်ခဲသည့် အခြေအနေကြောင့်လည်း ပါဝင်ပါသည်။ ရေရှည်လေ့လာစောင့်ကြည့်နိုင်မည့် သုတေသနလုပ်ငန်းစဉ် တစ်ရပ်မရှိခဲ့ပါလျှင် လုံးဝမဖြစ်နိုင်သည့် အခြေအနေဖြစ်ပါသည်။

အထက်ဖော်ပြပါ သဘောတရားများအရ လွတ်လပ်ခွင့်၊ လွတ်လပ်မှု၊ လွတ်လပ်ခြင်းနှင့် လွတ်လပ်ရေး ဆိုသည့် အဓိပ္ပာယ်ဆောင်သည့် (Freedom) ၏အဓိပ္ပာယ်မှာ အခွင့်အရေး (Right) နှင့်လည်း ဆက်စပ်လျက် တည်ရှိနေသည်ကို တွေ့ရှိရပါသည်။ တစ်နည်းအားဖြင့် လူ့အခွင့်အရေး (Human Right) သဘောတရားများနှင့် ဆက်စပ်လျက်ရှိနေပါသည်။

ဆက်လက်ပြီး လိုအင်ဆန္ဒ (Freedom) ၏ အဓိပ္ပာယ်နှင့် သဘောတရားအကျဉ်းကို တင်ပြပါမည်။ လိုအင်ဆန္ဒကို ဆွေးနွေးတင်ပြရာတွင် လိုအပ်မှု သို့မဟုတ် လိုအပ်ချက် (Want) ကိုပါ တစ်ပြိုင်နက်တည်း ရှင်းလင်းတင်ပြနိုင်မှသာ အလွယ်တကူ ပြီးပြည့်စုံအောင် နားလည်နိုင်စေမည် ဖြစ်သည့်အတွက် လိုအင်ဆန္ဒနှင့် လိုအပ်ချက်တို့နှင့်ပတ်သက်သည့် ဘာသာရပ်နယ်ပယ်၊ ရည်ရွယ်ချက်နှင့် နောက်ဆုံးရောက်ရှိလိုသည့် သို့မဟုတ် ရရှိလိုသည့် ပန်းတိုင်များကို ပုံတွင်တင်ပြထားပါသည်။

လိုအင်ဆန္ဒများ (Wants) ၏ ဘာသာရပ်နယ်ပယ်မှာ နိုင်ငံရေးဘောဂဗေဒ (Political Economy) ဖြစ်ပြီး ဒီမိုကရေစီသဘောတရားများကို အခြေခံကာ စိတ်ကျေနပ်နှစ်သိမ့်မှု (Satisfaction) ကို ရရှိစေမည့် ပန်းတိုင်ဖြစ်သော်လည်း လိုအပ်ချက်များ (Needs) ၏ ဘာသာရပ်နယ်ပယ်မှာ ဘောဂဗေဒ (Economics) ဖြစ်ပြီး လူ့အဖွဲ့အစည်း ရှင်သန်ရပ်တည်နိုင်စေရေး သဘောတရားများကို အခြေခံကာ ပန်းတိုင်မှာ အသက်မွေးဝမ်းကျောင်းဘဝ လုံခြုံစေရေး ဖြစ်ပါသည်။

ဒုတိယအနေဖြင့် လွတ်လပ်ခြင်း၊ လွတ်လပ်ရေး၊ မှီခိုမှုမှ လွတ်ကင်းခြင်း၊ အချုပ်အချယ်မှ လွတ်ကင်းခြင်း (Independence) အဓိပ္ပာယ်ရှိသည့် သဘောတရားကို တိုင်းပြည်နိုင်ငံတော်၏ လွတ်လပ်ရေးအတွက် အသုံးပြုကြပါသည်။ အဓိကအားဖြင့် တိုင်းပြည်နိုင်ငံတော်အား ပြင်ပမှထိန်းချုပ်ခြင်း၊ ထောက်ပံ့ခြင်းများမှ လွတ်ကင်းခြင်း (freedom from outside control or support) ဆိုသည့် အဓိပ္ပာယ်ဖြစ်ပါသည်။ တိုင်းပြည်နိုင်ငံတော်၏ လွတ်လပ်ရေးကို အခြေခံကာ အကြောင်းအရာနှင့် သဘောတရား အပြည့်အစုံကို ရှင်းလင်းတင်ပြရန်မှာ ဆောင်းပါးအဆင့်ဖြင့် မဖြစ်နိုင်ပါ။

မိမိတို့ တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများ၏ လွတ်လပ်မှုအခြေအနေဒီဂရီကို စဉ်ဆက်မပြတ်တိုင်းတာပြီး ထိန်းသိမ်းဆောင်ရွက်နိုင်စေရန်မှာ အဓိကကြီးမားသော စိန်ခေါ်မှုကြီး နှစ်ရပ်တည်ရှိ နေပါသည်။ ပထမစိန်ခေါ်မှုမှာ တိုင်းပြည်နိုင်ငံတော်တွင် တည်ရှိနေသည့် အရင်းအမြစ် အခြေအနေ ဖြစ်ပါသည်။ ဒုတိယစိန်ခေါ်မှုမှာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေဖြစ်ပါသည်။

ပထမစိန်ခေါ်မှုမှာ မိမိတို့တိုင်းပြည်နိုင်ငံတွင် တည်ရှိနေသည့် တက္ကသိုလ်များအနေဖြင့် ဘာသာရပ်ဆိုင်ရာ အသိပညာ၊ အတတ်ပညာများသည် အများအားဖြင့် သင်ကြားရေးသက်သက်အတွက်သာ ရပ်တည်လျက်ရှိပြီး တိုင်းပြည်နိုင်ငံတော် တည်ဆောက်ရာတွင် အသုံးပြုနိုင်သည့်အဆင့်သို့ ရောက်ရှိနိုင်စေရန် အခက်အခဲ ဖြစ်ပေါ်နေလျက်ရှိသည့် အဟန့်အတား အမျိုးအစား ဖြစ်ပါသည်။ ဥပမာအားဖြင့် နိုင်ငံရေး ဘောဂဗေဒဘာသာရပ်ကို နိုင်ငံရေးသိပ္ပံဌာနအနေဖြင့် တာဝန်ပေးလေ့လာစေပါက ပြီးပြည့်စုံမှုမရှိနိုင်။ ထိုနည်းတူစွာ ဘောဂဗေဒဌာနအနေဖြင့် တာဝန်ပေးပါကလည်း မပြည့်စုံနိုင်။ ယနေ့ခေတ်တွင် နိုင်ငံရေး ဘောဂဗေဒဘာသာရပ်သည် (Econometric Models) များကို အသုံးပြုကာ စာရင်းအင်းပညာနည်းလမ်းများဖြင့် လေ့လာလျက်ရှိကြသဖြင့် စာရင်းအင်းပညာဌာနကို တာဝန်ပေးလျှင်လည်း မဖြစ်နိုင်။ ထို့ကြောင့် တိုင်းပြည်နိုင်ငံတော်အကျိုးအတွက် တက္ကသိုလ်များအောက်ရှိ ဌာနများအနေဖြင့် မည်သို့မျှ အကောင်အထည်ဖော်ဆောင်ရွက်ရန် မဖြစ်နိုင်သည့် အခြေအနေ ဖြစ်ပါသည်။

ဒုတိယစိန်ခေါ်မှုမှာ နိုင်ငံရေးဘောဂဗေဒ (Political Economy) သည် ယခင်သဘောတရားနှင့် လေ့လာရှာဖွေ တွေ့ရှိချက်များကို အခြေခံကာ စဉ်းစားဝေဖန်သုံးသပ်ရှင်းလင်း တင်ပြခဲ့ကြရာမှ ယနေ့ခေတ်တွင် များပြားရှုပ်ထွေးလှသည့် (Econometric Models) များကို အသုံးပြုကာ တိုင်းပြည်နိုင်ငံတော်၏ ပကတိအခြေအနေမှန်များကို နားလည်နိုင်စေရန် လက်တွေ့တိုင်းတာ ဖော်ထုတ်အသုံးပြုလျက် ရှိကြပါသည်။ မိမိတို့ တိုင်းပြည်နိုင်ငံတွင်မူ တိုင်းပြည်နိုင်ငံတော် ကိုယ်စားပြု (Econometric Models) များကို ရှာဖွေဖော်ထုတ်နေသည့် ပညာရှင်များလည်း မတွေ့မိ။ ထုတ်ပြန်ရရှိနိုင်သည့် (Data) များမှာလည်း (Econometic Models) များတွင် ထည့်သွင်းတွက်ချက်တိုင်းတာနိုင်ရန် မလုံလောက်။ လွတ်လပ်ရေးရရှိပြီးချိန်ကတည်းက တိုင်းပြည်နိုင်ငံတော်ကို တာဝန်ယူခဲ့ကြသူများသည်လည်း နိုင်ငံရေး ဘောဂဗေဒအရ ဖော်ထုတ်ရရှိလာမည့် သတင်းအချက်အလက်များကို စိတ်ဝင်စားသည့် အရိပ်အယောင်မရှိ။ နိုင်ငံရေး ဘောဂဗေဒဘာသာရပ်အရ ဖော်ထုတ်ရရှိသည့် သတင်းအချက်အလက်များကို လျစ်လျူရလျှင် တိုင်းပြည်နိုင်ငံတော် ပျက်စီးစေတတ်ပါသည်။

စာရေးသူအနေဖြင့် အကြံပြုလိုသည်မှာ တိုင်းပြည်နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့်ရလဒ် (Output or Result) ကို ရရှိလိုပါလျှင် သီးသန့်အဖွဲ့ (Team or Task Force) ကို အချိန်အပိုင်းအခြားအရ ဖွဲ့စည်းထူထောင်ပြီး ပါဝင်ဆောင်ရွက်သည့် ပညာရှင်များအား (Terms of Reference(TOR)) ဖြင့် ဆောင်ရွက်စေကာ ထိုက်တန်သည့်ပညာရှင်ကြေး (ငွေကြေး) ကို ချီးမြှင့်ပေးရန် လိုအပ်ပါသည်။ စာရေးသူ တာဝန်ထမ်းဆောင်စဉ်ကကဲ့သို့ နိုင်ငံဝန်ထမ်းဖြစ်သည့်အတွက် မည်သည့်လုပ်ငန်းကိုမဆို ခိုင်းစေသည့်အတိုင်း၊ တာဝန်ပေးသည့်အတိုင်း မဖြစ်မနေ ဆောင်ရွက်ရမည်ဟုဆိုကာ ဇွတ်ခိုင်းစေခဲ့ပါက အမှိုက်ထည့်လျှင် အမှိုက်ထွက်စေမည့်ရလဒ် (Garbage In,Garbage Out) ဖြစ်သကဲ့သို့ အလကား တာဝန်ပေးစေခိုင်းလျှင် အလကားရလဒ်များသာ ရရှိမည်ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ မိမိတို့ တိုင်းပြည်နိုင်ငံတော်အနေဖြင့် ၁၉၄၈ ခုနှစ်ကတည်းကပင် လွတ်လပ်ရေးရရှိခဲ့ပြီးဖြစ်ရာ တိုင်းပြည်နိုင်ငံတော်တွင် နေထိုင်လျက်ရှိကြသည့် နိုင်ငံသားတို့အနေဖြင့် လွတ်လပ်ရေး၏အရသာကို တင်းပြည့်၊ ကျပ်ပြည့်ခံစား၊ စံစားနိုင်ကြစေရန်အတွက် လွတ်လပ်ရေးကို အခြေခံသည့် သဘောတရားများကို တိုင်းပြည်နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် အခြေခံသဘောတရားများအဖြစ် ပါဝင်နိုင်စေရေး တာဝန်ရှိသူများအနေဖြင့် အလေးထား ဆောင်ရွက်ပေးနိုင်ကြစေရန် ဆန္ဒပြုတိုက်တွန်း ရေးသားတင်ပြအပ်ပါသည်။

Most Read

Most Recent