ချောင်းသုံးခုပေါင်းဆုံရာမြို့

ချောင်းသုံးခုပေါင်းဆုံရာမြို့
Photo:Facebook
Photo:Facebook
Published 1 May 2021
သူရထိုက်

အမှန်တကယ်တော့ ဒီမြို့ကလေးဟာကျွန်တော့်အမေရဲ့မွေးဖွားရာ ဇာတိမြို့လေးပါ။ ကျွန်တော့်အမေ သုံးနှစ်အရွယ်လောက်မှာ ကျွန်တော့်အဘိုး၊ အဘွားတွေနဲ့အတူ ရန်ကုန်ရွှေမြို့တော်ကြီးကို ရောက်လာခဲ့တယ်။ကျွန်တော့်အမေက တစ်ဦးတည်းသောသမီးပါ။ မွေးချင်းမောင်နှမတွေ မရှိပါဘူး။

ကျွန်တော့်အမေက ဒီမြို့လေးကနေ ငယ်ငယ်ကတည်းက ရန်ကုန်ကို ရောက်လာခဲ့ပေမဲ့လည်း အမေ့ရဲ့အမျိုးအဆွေတွေကတော့ ဒီမြို့ကလေးမှာ ရှိနေတယ်လေ။ အမေ့ရဲ့အဖေအမေ၊ ကျွန်တော့်ရဲ့အဘိုး၊ အဘွားတွေကလည်း အဲဒီမြို့လေးမှာမွေးဖွားပြီး အဲဒီမြို့ကလေးမှာပဲ ကြီးပြင်းခဲ့၊ အရွယ်ရောက်ခဲ့၊ အိမ်ထောင်ကျခဲ့ကြတယ်။ ရန်ကုန်ကို ငယ်ငယ်ကတည်းက ရောက်လာပြီး ရန်ကုန်မှာ ကျောင်းနေ၊ အိမ်ထောင်ကျ၊ ရန်ကုန်မှာပဲနေခဲ့တဲ့ ကျွန်တော့်အမေလည်း သူ့ဘဝရဲ့နောက်ဆုံးအချိန်တွေကို အဲဒီမြို့လေးမှာ နေထိုင်ရင်း အဲဒီမြို့ကလေးမှာပဲ ခေါင်းချခဲ့ရရှာတယ်။

မြို့ရွာသမိုင်းတွေကို သုတေသနလုပ်ရင် ရာဇဝင်သမိုင်းတွေကနေ ဆင်းသက်လာတာကို တွေ့ရတယ်။ အဲဒီလိုပါပဲ၊ အဲဒီမြို့လေးရဲ့ သမိုင်းကလည်း ရာဇဝင်ထဲကနေ ဆင်းသက်လာတာကိုတွေ့ရတယ်။ ပြီးတော့ ဘုရားသမိုင်းတွေနဲ့လည်း ဆက်နွှယ်နေပြန်တယ်။

တစ်ချိန်တုန်းက မြန်မာပြည်အောက်ပိုင်းမှာ မွန်လူမျိုးတွေရဲ့ မြို့ပြတိုင်းနိုင်ငံတွေ ရှိခဲ့သလို၊ အဲဒီမြို့လေးရဲ့သမိုင်းကလည်း မွန်လူမျိုးတွေရဲ့ ရာဇဝင်နဲ့ ဆက်နွှယ်ပတ်သက်နေတာကို တွေ့ရတယ်။ ရာဇဝင်မှာ ဆန်းစစ်ဖွေရှာချက်တွေအရ အဲဒီမြို့လေးကို ကျိုက်မော်ဓောလို့လည်း ခေါ်ခဲ့ဖူးသတဲ့။ ပုသိမ်  ၃၂ မြို့ထဲမှာလည်း ပါခဲ့သတဲ့။

ကျိုက်မော်ဓောမဖြစ်မီ ကျုံတရော်လို့လည်း အမည်ရှိသတဲ့။ ကျုံတရော်ဆိုတာကလည်း မွန်ဘာသာစကားလို့ ဆိုတယ်။ ကျုံဆိုတာကတော့ ချောင်းလို့အဓိပ္ပာယ်ရသတဲ့။ တရော်ဆိုတာကသုံးတဲ့။ ချောင်းသုံးခုပေါင်း ဆုံတဲ့မြို့ပေါ့။ အဲဒီကနေ ကာလရွေ့လျောလာတော့ ကျုံပျော်ဖြစ်လာတာလို့ ယူဆသူတွေလည်း ရှိတယ်။

မြို့လေးရဲ့တစ်ဘက်ကမ်းမှာ ခဲပေါင်လို့ အမည်တွင်တဲ့ ရွာလေးတစ်ရွာ ရှိတယ်။ ဒီနေ့ ဒီအချိန်မှာတော့ ရွာပေါ့။ ဒါပေမဲ့ ခဲပေါင်ဆိုတာ မွန်-မြန်မာနှစ်လေးဆယ် စစ်ပွဲသမိုင်းမှာ ထင်ရှားခဲ့တဲ့နေရာဒေသတစ်ခုပါ။ အင်းဝက မြန်မာရှင်ဘုရင်မင်းကြီး စွာစော်ကဲလက်ထက်မှာ မြောင်းမြစားလောက်ဖြားကြောင့် အစပြုလာတဲ့ မွန်- မြန်မာစစ်ပွဲက အင်းဝဘုရင်မင်းခေါင်လက်ထက်မှာ အရှိန်မြင့်လာတယ်လို့ ဆိုရမှာဖြစ်တယ်။ စစ်ပွဲနဲ့ပတ်သက်ပြီး နှစ်ဘက်စလုံးမှာ သူရဲကောင်းတွေ ပေါ်ထွန်းခဲ့သလို သူရဲကောင်းတွေကိုလည်း အပြန်အလှန်ချီးမြှင့်မြှောက်စားခဲ့ကြတယ်။ ကာလအချိန်အခါကလည်း သူရဲကောင်းတွေကို ကိုးကွယ်ဆည်းကပ်ကြတဲ့အချိန်အခါ ဖြစ်နေတယ်လေ။

အင်းဝဘုရင်မင်းခေါင်ရဲ့သား မင်းရဲကျော်စွာကလည်း အဲဒီစစ်ပွဲတွေအတွင်းမှာ ပေါ်ထွန်းခဲ့တဲ့ ကမ္ဘာ့အသက်အငယ်ဆုံးစစ်သူရဲပေါ့။ မင်းရဲကျော်စွာဟာ မွန်တွေရဲ့ခံတပ် မြို့ခဲပေါင်ကို သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ပြီးမှ သိမ်းပိုက်ရရှိခဲ့တယ်။ မင်းရဲကျော်စွာရဲ့ဒေါသကို ဆွပေးခဲ့တဲ့မြို့ဆိုရင်လည်း မမှားပါဘူး။

မင်းရဲကျော်စွာနဲ့ ကျုံပျော်မြို့လေးရဲ့ သမိုင်းလည်း ဆက်နွှယ်တယ်လို့ဆိုကြသူတွေလည်း ရှိတယ်။ မင်းရဲကျော်စွာဟာ မြန်မာသက္ကရာဇ် ၇၇၆ ခုနှစ် တစ်နှစ်အတွင်းမှာ  ခဲပေါင်ကို နှစ်ကြိမ်တိုက်ရတယ်လို့ ဆိုတယ်။ ဆူးညှောင့်တွေနဲ့ ပြုလုပ်ထားတဲ့ အခြောက်ကျုံး၊ ရွှံ့နွံတွေနဲ့ပြုလုပ်ထားတဲ့ နွံကျုံး၊ ရေတွေနဲ့ အတားအဆီးတွေပြုလုပ်ထားတဲ့ ရေကျုံးတွေ ပေါများစွာရှိခဲ့တယ်လို့ ဆိုတယ်။ အဲဒါကြောင့် မင်းရဲကျော်စွာက ကျုံးပေါတဲ့အရပ်လို့ခေါ်သတဲ့။ အဲဒီကနေ ကျုံပျော်ဖြစ်လာတာလို့ဆို သူတွေလည်းရှိရဲ့။

မွန်တွေက ကျုံတရော်လို့ခေါ်တဲ့။ မြန်မာလိုချောင်းသုံးခုဆုံတဲ့မြို့လို့ အဓိပ္ပာယ်ရတဲ့ ကျုံတရော်ကနေ ကျုံပျော်ဖြစ်လာတာလို့ဆိုကြသူတွေက ပိုများပါတယ်။ လက်ရှိအခြေအနေအရ ကျုံးတွေပေါများခဲ့တယ်ဆိုတာ စကားအရသာ ရှိတော့ပေမဲ့လည်း ချောင်းသုံးခုဆုံတာတော့ အထင်အရှား ရှိနေတယ်လေ။ ချောင်းတွေ ကျဉ်းသွားတာ၊ ကောသွားတာ၊ ဗေဒါတွေနဲ့ ပြည့်ကျပ်နေတာတော့ တစ်မျိုးတစ်ဘာသာပေါ့။

ကျုံပျော်မြို့နဲ့ ခွဲခြားမရတာက ဒါးကချောင်းပါ။ ရန်ကုန်-ကျုံပျော်ကားလမ်း မပေါ်ပေါက်သေးမီက ရန်ကုန်ကနေ ကျုံပျော်ကို နေ့ချင်းပေါက် ရောက်ချင်ရင် ရေကြည်ကနေ ကျုံပျော်ကို သွားတဲ့ကားလမ်းကို အသုံးပြုရပါတယ်။ ဒါပေမဲ့ ရန်ကုန်ကနေ မီးရထားအဆင့်ဆင့်၊ စက်လှေနဲ့ ဆိုက်ကား၊ ဘတ်စ်ကားတွေလည်း စီးရသေးတယ်။ ပြောရရင်တော့ လေယာဉ်ပျံကလွဲပြီး ကျန်တဲ့ယာဉ်အမျိုးမျိုးစီးပြီးမှသာ ကျုံပျော်ကို ရောက်တာပါ။ အဲဒါကြောင့် အပင်ပန်းမခံချင်သူတွေ၊ ဝန်စည်စလယ်များသူတွေက ရေလမ်းခရီးကိုသာ အသုံးပြုကြတယ်။ ဒါးကချောင်းထဲမှာ ကျုံပျော်မယ်၊ အာရှမယ်၊ သုဝဏ္ဏဒေဝီစတဲ့ နှစ်ထပ်သင်္ဘောကြီးတွေ သွားလာခဲ့ဖူးတာပေါ့။ အဲဒီ သင်္ဘောကြီးတွေရဲ့ဥသြဆွဲသံကိုလည်း ကြားယောင်မိပါတယ်။ ဒေသထွက်ကုန်တွေဖြစ်တဲ့ ဆန်စပါး၊ ငှက်ပျော၊ ပီလောပီနံတွေလည်း ဒါးကချောင်းကတစ်ဆင့် အမြို့မြို့အနယ်နယ်ကို ရောက်ခဲ့ဖူးတယ်။ အခုတော့ တစ်ချိန်တစ်ခါက အားကိုးအားထားပြုခဲ့ရတဲ့ ဒါးကချောင်းဟာ အရင်တုန်းကလောက် မကျယ်ဝန်းတော့ပါဘူး။

ကျုံပျော်မြို့နယ်ထဲမှာ အင်းရဲအင်းရှိတယ်။ အင်းရဲအင်းထဲမှာ ထောက်မနက်အိုင်လို့ခေါ်ဆိုကြတဲ့ အလွန်နက်တဲ့နေရာတစ်ခု ရှိတယ်။ အပ်ချည်လုံးရဲ့ကြိုးစတစ်ဖက်မှာခဲ လုံးချည်ပြီး ရေထဲချရင်တောင် အောက်ခြေကိုမထိနိုင်ဘူးလို့ ဆိုကြတယ်။ အဲဒီအင်းထဲမှာ မွန်မိဖုရားဥမ္မာဒန္တီ  တည်ထားတဲ့ ဘုရားတစ်ဆူ ရှိတယ်။

ကျုံပျော်မြို့လေးဟာ ငယ်ပင်ငယ်ပေမဲ့လည်း မြန်မာ့သမိုင်းမှာ ထင်ရှားကျော်ကြားသူတွေ ပေါ်ထွက်ခဲ့ပါတယ်။ ကျွန်တော် လေ့လာမိတာကတော့ အောက်ပါပုဂ္ဂိုလ်တွေဟာ ကျုံပျော်မြို့ကနေ ပေါ်ထွက်လာတဲ့ ထူးချွန်သူတွေ၊ ထင်ရှားသူတွေ ဖြစ်ကြတယ်။

(၁) ပါမောက္ခဦးအေးမောင်

(ရန်ကုန်တက္ကသိုလ်ရဲ့ ပထမဆုံးမြန်မာစာ ပါမောက္ခ)

(၂) ဗိုလ်ချုပ်စမစ်ဒွန်း

(လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကာကွယ်ရေးဦးစီးချုပ်)

(၃) သမ္မတမန်းဝင်းမောင်

(ဂျပန်ခေတ် ဖက်ဆစ်တော်လှန်ရေးကာလမှာ မြန်မာပြည်တွင်းသို့ လေထီးစီးပြီး ပြန်လည်ဝင်ရောက်ခဲ့သူ)

(၄) ဒုတိယသမ္မတဦးအေးကို

(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်)

ကျုံပျော်မြို့က ကဗျာဆရာပန်းလှိုင်စိုး (ကျုံပျော်) ကတော့ သူ့ရဲ့ကဗျာတစ်ပုဒ်ထဲမှာ အောက်ပါအတိုင်း ရေးဖွဲ့ခဲ့တယ်။

ချစ်ခဲ့ပါတယ် ကျုံပျော်

သေနတ်ပြောင်းဝမှာ အသိုက်ဆောက်တဲ့

ချိုးဖြူငှက်ကလေး ငြိမ်းချမ်းရေးကို ချစ်သလို

ချစ်ခဲ့ပါတယ် ကျုံပျော်...

အဖေအမေ ခေါင်းချရာအရပ်မို့လည်း

ရေမရောဘဲ သောက်ချခဲ့တာပါ။

ဒါပေမဲ့ မမူးဘူး ...

ခုမှ လက်တဲ့ကြယ်တွေ ဆက်ချွေဖို့

မစဉ်းစားရင်တော့

ငါ ဖျက်ခဲ့တဲ့ဖောင်ပေါ်က မေတ္တာတရားတွေ                 

ခုတ်ထားတဲ့ ဗာဒံပင်တွေလို

အညှောင့်ထပ်ထွက်ဦးမှာပေါ့ ကျုံပျော်...

ပန်းလှိုင်စိုး (ကျုံပျော်)

(ဆောင်းခေါင်ခေါင်ပေမဲ့ မချမ်းဘူး ကျုံပျော် ... ကဗျာမှ)

ဟုတ်ကဲ့၊ ကျွန်တော်လည်း ကျွန်တော့်အမေရဲ့ဇာတိ၊ ကျွန်တော့်အမေ ခေါင်းချခဲ့တဲ့ ချောင်းသုံးခုဆုံတဲ့ အဲဒီမြို့လေးကို သတိရနေမိပါတော့တယ်။

Most Read

Most Recent