ဘိုင်ဒင်၏ သမ္မတသက်တမ်း ရက် ၁၀၀ နှင့် အပြောင်းအလဲများ

ဘိုင်ဒင်၏ သမ္မတသက်တမ်း ရက် ၁၀၀ နှင့် အပြောင်းအလဲများ
Photo:AFP
Photo:AFP
Published 30 April 2021
ရန်မျိုးအောင်

ဧပြီလ ၃၀ ရက်သည်  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အတွက် သမ္မတအဖြစ်ရုံးထိုင်သည့် ရက်ပေါင်း ၁၀၀ ပြည့်သည့် နေ့ရက်ဖြစ်သည်။

နိုင်ငံရေးကျွမ်းကျင်သူများကမူ သမ္မတအဖြစ်ရုံးထိုင်သည့် ပထမဆုံး ရက် ၁၀၀ အတွင်း ဘိုင်ဒင်၏ စွမ်းဆောင်ရည်များအနက် ထူးခြားမှုရှိသည့် မူဝါဒပိုင်းဆိုင်ရာ အဓိကအချက်များကို အောက်ပါအတိုင်း သုံးသပ်ဖော်ပြခဲ့သည်။

COVID-19 တုံ့ပြန်မှု

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်ပတ်သက်ပြီး အဓိကကျသည့် ဘိုင်ဒင်၏ ကတိစကားတစ်ခုမှာ သမ္မတအဖြစ် စတင်ရုံးထိုင်သည့် ပထမဆုံးရက်ပေါင်း ၁၀၀ အတွင်း အမေရိကန်ပြည်သူသန်း ၁၀၀ ကို ကာကွယ်ဆေးထိုးပေးသွားမည်ဆိုသည့် ကတိစကားဖြစ်သည်။ ရက်ပေါင်း ၁၀၀ မပြည့်မီ နှစ်ရက်ခန့်အလိုတွင် အမေရိကန်၌ ကာကွယ်ဆေး အလုံးရေသန်း ၂၉၀ ဖြန့်ချိထားကာ လူပေါင်းသန်း ၂၃၀ ကျော်ကို ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပြီး လူပေါင်း ၉၆ သန်းမှာ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးစီးခဲ့ပြီး ယင်းပမာဏမှာ နိုင်ငံ့လူဦးရေ၏ ၂၉ ရာခိုင်နှုန်းအထိရှိခဲ့သည်။

ဘိုင်ဒင်၏ ကာကွယ်ရေးထိုးနှံရေးလှုပ်ရှားမှုသည် သမ္မတဟောင်း ဒေါ်နယ်ထရန့်၏ အစီအစဉ်များပေါ်တွင် ထပ်ဆင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း ဘိုင်ဒင်သည် ကာကွယ်ဆေးအများအပြားထိုးနှံပေးနိုင်မည့် စခန်းများနှင့် ကာကွယ်ဆေးဖြန့်ချိရေးအားထုတ်ကြိုးပမ်းမှုများတွင် အစိုးရအေဂျင်စီများ၏ ကူညီထောက်ပံ့မှုများကို အရှိန်မြှင့်ဆောင်ရွက်ခဲ့သည်။

ထို့ပြင် ဘိုင်ဒင်သည် သမ္မတအဖြစ် စတင်ရုံးထိုင်သည့်အချိန်တွင် အမေရိကန်၌ ကပ်ရောဂါကြောင့် တစ်ရက်လျှင် လူပေါင်း ၃,၀၀၀ ကျော်သေဆုံးခဲ့ပြီး လက်ရှိတွင်မူ နေ့အလိုက်သေဆုံးသူများ ၇၀၀ အောက်သာရှိခဲ့သည်။၎င်းအတွက် နောက်ထပ် ရက်ပေါင်း ၁၀၀ အတွင်း ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းစဉ်တွင် ကာကွယ်ဆေးပြတ်လပ်မှုနှင့် ဗိုင်းရပ်စ်မျိုးကွဲသစ်များကို ရင်ဆိုင်ရမည်ဖြစ်သည်။

အလုပ်အကိုင်နှင့် စီးပွားရေး

ဘိုင်ဒင်သည် သမ္မတအဖြစ်စတင်ရုံးထိုင်ခဲ့သည့် ပထမဆုံးသီတင်းပတ်များတွင် ဒေါ်လာ ၁.၉ ထရီလျံတန် ဖိုးရှိသည့် ကပ်ရောဂါကယ်ဆယ်ရေးနှင့် စီးပွားရေးနာလန်ထူရေး ဥပဒေမူကြမ်းကို အသက်ဝင်ရန် ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။

‘အမေရိကန် ကယ်ဆယ်ရေးအစီအစဉ်’ ဟုအမည်ပေးထားသည့် ယင်းဥပဒေသည် မိသားစုဝင်များနှင့် စီးပွားရေးလုပ်ငန်းများကို ကူညီထောက်ပံ့ရန်ရေးဆွဲထားခြင်းဖြစ်ပြီး ယင်းအစီအစဉ်အရ အမေရိကန်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ၇ ရာခိုင်နှုန်းအထိ ရှိလာမည်ဟု မျှော်လင့်ရပြီး ယင်းသည် ၁၉၈၄ ခုနှစ်နောက်ပိုင်း အမြန်ဆုံးနှုန်းဖြစ်သည်။

ဖေဖော်ဝါရီတွင် အလုပ်အကိုင်ဖန်တီးပေးမှုပေါင်း ၃၇၉,၀၀၀ ရှိခဲ့ရာမှ မတ်လတွင် အလုပ်အကိုင် ၁ သန်းနီးပါးပိုမိုဖန်တီးပေးနိုင်ခဲ့သည်။သို့သော်လည်း ကပ်ရောဂါမဖြစ်မီက အလုပ်အကိုင်အဆင့်အတန်းနှင့်နှိုင်းယှဉ်လျှင် ကွာဟချက်ကြီးမားနေဆဲဖြစ်သည်။

နိုင်ငံခြားရေးမူဝါဒ

ဘိုင်ဒင်သည် အမေရိကန်အတွက် အဓိကစိန်ခေါ်သူများနှင့်စပ်လျဉ်းပြီး ပြင်းထန်သည့် နိုင်ငံခြားရေးမူဝါဒများကို ချမှတ်ခဲ့သည့်အချက်မှာ မျှော်လင့်မထားခဲ့သည့်အချက် ဖြစ်သည်။ ရုရှားနိုင်ငံအား ၂၀၂၀ အမေရိကန် ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်မှု၊ ဆိုက်ဘာတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ပိတ်ဆို့မှုများပြုလုပ်ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်အား ‘လူသတ်သမား’ တစ်ဦးအဖြစ် သုံးနှုံးဖော်ပြခဲ့သည်။

ထို့ပြင် ထရန့်လက်ထက်က တရုတ်အပေါ်ချမှတ်ထားသည့် သွင်းကုန်အပေါ် အခွန် တိုးမြှင့်ကောက်ခံမှုကိုလည်း ဆက်လက်ထားရှိခဲ့ပြီး ထိုင်ဝမ်သို့ အမေရိကန်သံတမန်များ သွားရောက်ခွင့်ပြုခြင်း၊ ရှင်ကျန်းပြည်နယ်တွင် ဝီဂါမွတ်ဆလင်များအားပြုမူဆက်ဆံမှုများနှင့် ဟောင်ကောင်တွင် ဒီမိုကရေစီလိုလား သည့် တက်ကြွလှုပ်ရှားသူများကို ဖြိုခွင်းမှုများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံကို ဖိအားများပေးခဲ့သည်။

ယင်းမူဝါဒရေးရာအခြေအနေများကြောင့် တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုသည် ယခုဆိုလျှင် အမေရိကန်တွင် ပါတီနှစ်ရပ်ပါဝင်လုပ်ဆောင်ရမည့် အရေးကိစ္စတစ်ခုအဖြစ် ကျယ်ပြန့်စွာ ထင်မြင်လာစေခဲ့သည်။ထို့ပြင် ဘိုင်ဒင်သည် ထရန့်လက်ထက်က ယိုယွင်းခဲ့သည့် မဟာမိတ်များနှင့် ဆက်ဆံရေးကိုလည်း  ပြန်လည်ကောင်းမွန်စေရန် လုပ်ဆောင်လျက်ရှိသည်။

လူဝင်မှု

ဘိုင်ဒင်သည် ထရန့်၏တင်းကြပ်သည့် လူဝင်မှုဆိုင်ရာ မူဝါဒအချို့ကို အလျှင်အမြန် ပြောင်းလဲလုပ်ဆောင်ခဲ့သော်လည်း အမေရိကန်-မက္ကဆီကိုနယ်စပ်တွင် ရွှေ့ပြောင်းနေထိုင်သူများ ပိုမိုများပြားစွာ ရောက်ရှိလာမှုကို ကိုင်တွယ်ဖြေရှင်းရန် အခက်တွေ့နေသည်။

ဘိုင်ဒင်သည် ထရန့်၏နယ်စပ်တံတိုင်း တည်ဆောက်မှုအများစုကို ရပ်တန့်ခဲ့ပြီး မွတ်ဆလင်နိုင်ငံအများစုအပါအဝင် အာဖရိကနိုင်ငံ ၁၃ နိုင်ငံအား ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့သည့် ထရန့်၏ခရီးသွားလာမှုပိတ်ပင်ချက်ကို သမ္မတအုပ်ချုပ်ရေးအမိန့်ဖြင့် ဖယ်ရှားခဲ့သည်။

သို့သော်လည်း ထရန့်လက်ထက်က နယ်စပ်သို့ရောက်ရှိပြီး ခိုလှုံခွင့်တောင်းခံသူများကို ပြည်ဝင်ခွင့်ပိတ်ပင်ထားသည့် COVID-19 ဆိုင်ရာ မူဝါဒကို ဘိုင်ဒင်က ဆက်လက်ထားရှိခဲ့သဖြင့် တရားဝင်ဖြစ်သည့် ခိုလှုံခွင့်တောင်းခံသူများသည် ပြည်ဝင်ခွင့်မရဘဲ နောက်ကြောင်း ပြန်လှည့်သွားမည့်အရေးကို တက်ကြွလှုပ်ရှားသူများက စိုးရိမ်လျက်ရှိသည်။ဘိုင်ဒင်ကမူ ထရန့်လက်ထက်တွင် သမိုင်းဝင် အနိမ့်ဆုံးအဆင့်သို့ကျဆင်းသွားခဲ့သည့် ဒုက္ခသည်ဝင်ရောက်မှုအရေအတွက်ကို ပြန်လည်တိုးမြှင့်ပေးမည်ဟု ကတိပြုခဲ့သည်။

သေနတ်ကိုင်ဆောင်မှုနှင့် မူဝါဒ

အမေရိကန်တွင် ကပ်ရောဂါကာလအတွင်း lockdown ချမှတ်မှုများကြောင့် အစုလိုက်အပြုံလိုက်ပစ်ခတ်မှုများမှာ လျော့ကျသွားခဲ့သော်လည်း ၂၀၂၁ ခုနှစ်ထဲတွင် ပြန်လည်မြင့်တက်လာခဲ့ပြီး ဧပြီလ ၂၆ ရက်အထိ စာရင်းများအရ ပစ်ခတ်မှုပေါင်း ၁၆၃ မှုဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့်နှစ် အလားတူကာလတွင် ပစ်ခတ်မှုပေါင်း ၉၄ မှုသာရှိခဲ့သည်ဟု သေနတ်နှင့် အကြမ်းဖက်မှုဆိုင်ရာသုတေသနအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဘိုင်ဒင်ကမူ စစ်ဘက်သုံးပုံစံ တိုက်ခိုက်ရေးလက်နက်များနှင့် ကျည်ဆန်အများအပြားဝင်ဆန့်သည့် သေနတ်များကို ပိတ်ပင်မှုအပါအဝင် တရားရေးအရ ပြုပြင်ပြောင်းလဲမှုများလုပ်ရန် တောင်းဆိုထားသော်လည်း ယင်းစီမံချက်များသည် လွှတ်တော်၏အတည်ပြုချက်ကို လိုအပ်မည်ဖြစ်သည်။

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတားဆီးရေး

ဘိုင်ဒင်သည် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းမည့် ၂၀၁၅ ပါရီ သဘောတူညီမှုတွင် လျှင်မြန်စွာ ပြန်လည်ပါဝင်ခဲ့ပြီး ၂၀၅၀ ပြည့်နှစ်၌ အမေရိကန်စီးပွားရေးတွင် ကာဘွန်ထုတ်လွှတ်မှု လျှော့ချမည့် ကတိကဝတ်ကို ဖြည့်ဆည်းရန် အစိုးရအားလုံး၏ ထောက်ခံအားပေးမှုဖြင့် ချဉ်းကပ်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဘိုင်ဒင်အစိုးရအဖွဲ့သည် ဖက်ဒရယ်အစိုးရပိုင်မြေနေရာများနှင့်ရေပြင်များတွင် ရေနံနှင့် ဓာတ်ငွေ့ထုတ်ဖော်မှုများကို ဆိုင်းငံ့ခဲ့ပြီး ယင်းသည် ရာသက်ပန်ပိတ်ပင်မှု တစ်ရပ်ဖြစ်လာနိုင်သည်ဟု အများစုက ရှုမြင်နေကြသည်။

မတူကွဲပြားမှုနှင့်ပေါင်းစည်းမှု

ဘိုင်ဒင်၏အစိုးရအဖွဲ့တွင် အဆိုပြုထားသူများသည် လူမျိုးနှင့် လိင်မတူကွဲပြားစွာ ပါဝင်မှုသည် ယခင်အစိုးရ အဆက်ဆက်ထက် ပိုမိုမြင့်မားခဲ့ပြီး ၄၆ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကာ ၅၀ ရာခိုင်နှုန်းမှာလည်း လူဖြူများမဟုတ်ပေ။

“ဘိုင်ဒင်ဟာ အရမ်းကို နှစ်လိုဖွယ်ရာကောင်းတဲ့ သမ္မတဖြစ်ပါတယ်။ သူဟာ လက်တွေ့မဆန်တဲ့အရာတွေကို ဖယ်ရှားပစ်ပါတယ်။ သူအဓိက အာရုံစိုက်ထားတဲ့  ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးဟာလည်း ထိရောက်မှုရှိနေပါတယ်” ဟု ရီပတ်ဘလစ်ကန်တစ်ဦးဖြစ်သည့် စကော့ရိဒ်က ပြောကြားခဲ့သည်။

Most Read

Most Recent