(၁)
ကျွန်တော်တို့ ဘယ်လိုတွေးလဲ။
ငယ်ငယ်က အမေ့ကိုပြောတာ သတိရနေတယ်။
“ကျွန်တော့်အကျႌတွေငယ်သွားပြီ အမေ။ အသစ်ဝယ်ပေးပါ”
“အေး။ ငါ့သားကလည်း ထွားလာလိုက်တာ။ အမေ အသစ်ဝယ်ပေးမယ်”
ဘယ်သူကမှ အကျႌတွေ ငယ်သွားတယ် ဆိုတာကို အမှားအမှန်ဝေဖန်တာတွေမရှိဘူး။
ကျွန်တော်တို့ အရွယ်ရလာတာနဲ့ ဖိနပ်တွေသေးကုန်တယ်။ စွပ်ကျယ်တွေလည်း ကျပ်ကုန်တာပဲ။ အသစ်ဝယ်ကြရင်း သူတို့သေးသွားတယ်လို့ပြောတာကို ခြွင်းချက်မရှိ ထောက်ခံကြတာပဲ။
(၂)
၁၂ ရာစုက အနောက်တိုင်း ဒဿနပညာရှင်ကြီးတစ်ယောက်က ပြောဖူးတယ်။
လေတိုက်တာ သစ်ပင်တွေလှုပ်လို့တဲ့။
သစ်ကိုင်းသစ်ခက် သစ်ရွက်တွေ များများလှုပ်ရင် လေများများတိုက်တာပဲတဲ့။
သူက သက်သေပြတယ်။ ယပ်တောင်ခတ်ရင် လေတိုက်တယ်မဟုတ်လားတဲ့။
သူပြောတာ မှန်သလိုလိုပဲလေ။ လေများများတိုက်စေချင်ရင် ယပ်တောင်ပိုပြီးခတ်တာပေါ့။
ကျွန်တော်တို့ဟာ ယှဉ်နေတဲ့ ရထားနှစ်စင်းပေါ်ရောက်နေတဲ့အခါတွေမှာလည်း ဒီလိုပဲခံစားဖူးတယ်။ ဟိုဘက်ရထားထွက်သွားတာကို မိမိရထားထွက်တယ်ဆိုပြီး ခံစားရတာမျိုးပေါ့။
ဒီလိုအဖြစ်အပျက်မျိုးဟာ ကမ္ဘာချီမှားခဲ့ကြတယ်။
ဂယ်လီလီယိုဟာ ကမ္ဘာကြီးကနေကို ဗဟိုပြုကာ လည်ပတ်နေတယ်ဆိုမိတဲ့အတွက် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရတယ်။ တရားသူကြီးက သက်သေပြတယ်။
“ဂယ်လီလီယို ကမ္ဘာကြီးဟာ ရပ်နေတာပါကွာ။ နေလနက္ခတ်တွေကသာ လည်ပတ်နေတာပါ။ ရုံးပေါ်က လူတွေ မြေကြီးဟာ သွားနေတယ်ဆိုတာကိုခံစားရလား”
“မခံစားရပါဘူး။ ကမ္ဘာမြေကြီးဟာ ရပ်နေပါတယ်”
လူတွေအားလုံးက ကမ္ဘာကြီးရပ်နေတယ်ဆိုတာကို သိနေလျက်နဲ့ မင်းကဘာကြောင့် ကမ္ဘာကြီးဟာ စကြာဝဠာရဲ့ ဗဟိုချက်ဆိုတာကိုလက်မခံရတာလဲ”
ဂယ်လီလီယို ပြန်မပြောနိုင်တော့ပါ။
ဒါပေမဲ့ တိုးတိုးလေးတေ့ ရွတ်နေသေးတယ်။
“ကမ္ဘာကြီးလည်နေတာပါ”
ဗက်တီကန် ဘုန်းတော်ကြီးတွေက ဂယ်လီလီယိုယူဆချက်ဟာ မိစ္ဆာတွေရဲ့ဝါဒလို့ စွပ်စွဲကြတယ်။
စဉ်းစားကြည့်လေ။ နက္ခတ္တဗေဒပညာရှင်တွေက နေကျစ်တာတို့၊ လကြတ်တာတို့ကို နေ့ရက်အချိန်နဲ့ တိတိကျကျတွက်ထားတယ် မဟုတ်လား။ သူတို့တွက်ထားတာလည်း မှန်တာပဲ။
(၃)
ကမ္ဘာကြီးဟာ မိမိဝင်ရိုးပေါ် မိမိလည်ပတ်တာ ၂၄ နာရီကြတယ်။
နေကိုပတ်တာက ၃၆၅ ရက်ကြာတယ်ဆိုပြီး အကြမ်းအားဖြင့်တွက်ထားကြတယ်။
ဒါတွေဟာ မှန်နေတာပဲ။
ဘယ်အချိန်မှာ လကြတ်မယ် (လငပုပ် ဖမ်းမယ်) ဆိုတာကို တိတိကျကျတွက်နိုင်သလို ဘယ်အခါ နေကျစ်မယ်ဆိုတာကိုလည်း တိတိကျကျတွက်ထားကြတယ်။
ဘယ်လိုတွက်တာလဲ။
စောစောကပြောသလို အကျႌကျပ်သွားတဲ့သဘောပဲ။
“ကျွန်တော့် အကျႌတွေငယ်သွားပြီ” ဆိုတာ မှားနေတဲ့ ဥပမာအနေနဲ့ ထင်ရှားပါတယ်။
ဒါပေမဲ့ နေကိုကမ္ဘာပတ်နေတယ်ဆိုတဲ့ ယုတ္တိကတော့ အင်မတန်ခက်ခဲတဲ့ယုတ္တိပါပဲ။
ဒါကြောင့်လည်း ဘာသာရေးအယူသီးသူတွေက လက်မခံကြတာပေါ့။
“ခင်ဗျားခြေထောက်အောက်က မြေကြီးဟာရွေ့နေတယ်” ဆိုတာ ဘယ်လိုပြောလဲ။
သစ်ရွက်တွေလှုပ်လို့ လေတိုက်တာ သက်သေပြနိုင်တာပဲမဟုတ်လား။
ကျွန်တော်တို့ကမ္ဘာကြီး ရွေ့နေတာ ဘာလို့မသိရတာလဲ။
ကမ္ဘာက သိပ်ကြီးတာကိုး။ သူက သိမ်မွေ့စွာရွေ့နေတယ်။ လုံးဝမသိနိုင်ဘူး။
(၄)
“ကမ္ဘာကြီးဟာ ခင်ဗျားတို့ထင်ထားတာထက်ကို အများကြီးပိုကြီးတယ်ဗျ။ ဒါကြောင့်လည်း ကိုလံဘတ်စ်မှားတာပေါ့” လို့ ကိုဘသစ်က အမေရိကတိုက်ကို ရှာဖွေတွေ့ရှိသူ ကိုလံဘတ်စ်မှားတဲ့အကြောင်းကို ရှင်းပြဖူးတယ်။
“၁၅ ရာစုနှစ်က ကမ္ဘာမှာ ရေကြောင်းကုန်သွယ်ရေးဟာ စတင်ခေတ်စားလာတယ်။ ဥရောပက လူတွေဟာ ကုန်သွယ်ဖို့ရေကြောင်းနဲ့သွားတဲ့အခါ အာဖရိကတိုက်တစ်ခုလုံးကို ပတ်ပြီးသွားနေရတော့ အင်မတန် အချိန်ကုန်တယ်။ (အဲဒီတုန်းက စူးအက်တူးမြောင်း မဖောက်ရသေးဘူး)။
ပြီးတော့ ပင်လယ်ဓားပြရန်တွေကလည်း ရှိသေးတာကိုး။
အဲဒီအချိန်မှာ ကမ္ဘာကြီးလုံးဝန်းနေတယ်ဆိုတဲ့အယူအဆကို လက်ခံလာစပြုလာတဲ့ကာလဖြစ်တယ်။
လူတွေဟာ ငြင်းခုံနေကြဆဲပေါ့။
ဒီအယူအဆကိုလက်ခံဖို့ ကိုလံဘတ်စ်ဟာ စပိန်ဘုရင်ကို သိမ်းသွင်းခဲ့တယ်။ ဆွေးနွေးပြီး သဘောတူညီချက်ရခဲ့တယ်။ ကိုလံဘတ်စ်ဟာ သင်္ဘောသုံးစင်းနဲ့ စရိတ်စကတွေကို ရရှိခဲ့တယ်။
အနောက်ကိုသွားရင် အရှေ့ကိုရောက်မယ်ဆိုတာကို ယုံကြည်ခဲ့တယ်။ ယနေ့အယူအဆနဲ့ကြည့်ရင်လည်း သူယုံကြည်တာလည်း မှန်ပါတယ်။
သူက အနောက်ကိုရွက်လွှင့်တဲ့အခါ အိန္ဒိယကိုအလွယ်တကူရောက်ပြီး ဟင်းခတ်အမွှေးအကြိုင်တွေကို ကုန်သွယ်နိုင်မယ်လို့ ယူဆခဲ့တယ်။ ဒါပေမဲ့ သူမှားခဲ့တယ်။
သူ့ယူဆချက် အကောင်အထည်မဖော်နိုင်တဲ့အချက်နှစ်ခုရှိခဲ့တယ်။
ပထမအချက်ကတော့ ကမ္ဘာကြီးဟာ သူထင်တာထက်အဆပေါင်းများစွာကြီးနေတယ်။
ဒုတိယအချက်ကတော့ သူသွားတဲ့လမ်းကြောင်းမှာ အမေရိကတိုက်လို့ခေါ်တဲ့ကုန်းမြေ ရှိနေတယ်။
ဒီနှစ်ချက်ကို သူသတိမပြုမိဘူး။ မြေပုံထဲမှာ အမေရိကတိုက်မရှိသေးဘူး။
ဒီလိုနဲ့ သူဟာ ၁၄၉၂ ခုနှစ်မှာ အနောက်ဘက်ကိုရွက်လွှင့်ကာ ကုန်းမြေကို ရှာတွေ့ခဲ့တယ်။ အဲဒီနေကုန်းမြေကိုသူက အိန္ဒိယလို့ ပဲထင်ခဲ့တယ်။ အဲဒီက တိုင်းရင်းသားတွေကိုလည်း သူကအိန္ဒိယသားတွေ ထင်ခဲ့တယ်။ ဒါကြောင့် အဲဒီကဒေသခံတွေကို သူတို့ Indian လို့ခေါ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီ Indian တွေဟာ အသားမမည်းဘဲ နီစပ်စပ်ဖြစ်နေလို့ Red Indian ဆိုပြီး အမည်တပ်ခဲ့တယ်။ ဒါကြောင့် အမေရိကန်တိုင်းရင်းသား (Native Americans) တွေကို ယနေ့တိုင် Red Indian ဆိုပြီးခေါ်နေကြတာပါပဲ။
ဘယ်လိုမှားမှား ကိုလံဘတ်စ်ကိုတော့ ယနေ့တိုင် အမေရိကတိုက်ကို ရှာဖွေတွေ့ရှိသူ ကျေးဇူးရှင်အနေနဲ့ ဂုဏ်ပြုခံရနေဆဲဖြစ်တယ်။
အလုပ်တစ်ခုကို ယုံကြည်ချက်နဲ့ တစိုက်မတ်မတ်လုပ်တဲ့သူဟာ ရလဒ်တစ်ခုတော့ရတာပါပဲ။
(၅)
ရလဒ်ကနေမှ ပြန်လည်သုံးသပ်တာ သဘာဝကျပါတယ်။ ဒါကြောင့်လည်း သစ်ရွက်တွေလှုပ်တာကြောင့် လေတိုက်ရတယ်ဆိုတဲ့ အယူအဆဖြစ်လာတာပဲပေါ့။
ခင်ဗျားရော သိပ္ပံပညာရှင်တစ်ယောက်ပြောတာကို ငြင်းရဲလား။
ဒါကြောင့် ဘယ်ကကြည့်လဲပေါ့။
မိမိရဲ့ရှုထောင့်ကနေ ယုတ္တိရှိရှိပြောကြဆိုကြလို့ရှိရင် ကျွန်တော်တို့ လက်ခံကြသဘောကျကြတာပဲ။
တရားသူကြီးက ဂယ်လီလီယိုကိုစစ်ဆေးတဲ့အခါ သူ့ယုတ္တိနဲ့သူသွားတာပဲ။ တရားရုံးလာတဲ့သူတွေ အားလုံးနီးပါးကလည်း တရားသူကြီးပြောတာကို မှန်တယ်လို့ လက်ခံတာပဲ။
ဒါပေမဲ့ တရားသူကြီးပြောတာမမှန်ဘူး။
ယနေ့အထိ နေဟာ တောင်ဝင်ရိုးစွန်းပေါ်ရောက်သွားတယ်။ အီကွေတာပေါ်မှာရှိနေတယ်။ မြောက်ဝင်ရိုးစွန်းပေါ်မှာရောက်နေတယ်ဆိုပြီး ပြောနေကြတယ်။
တကယ်တော့ နေဟာ ဒီအတိုင်းတည်နေတာ။ ကျွန်တော်တို့ကမ္ဘာကြီးကသာ ၂၃ နှစ်ပိုင်းတစ်ပိုင်းဒီဂရီတိမ်းစောင်းနေပြီး ဘဲဥပုံလမ်းကြောင်းနဲ့ နေကိုလည်ပတ်နေတာကြောင့် မြောက်ဝင်ရိုးစွန်းရောက်လိုက် တောင်ဝင်ရိုးစွန်းရောက်လိုက်လိုဖြစ်နေတာပဲ။
ဒီလိုရှင်းပြတာကို လက်မခံနိုင်သူတွေ အများကြီးပါပဲ။
ဂယ်လီလီယိုရဲ့အယူအဆကို လက်မခံတဲ့အတွက် သိပ္ပံပညာဟာ နှစ်ပေါင်း ၅၀ လောက်နောက်ကျသွားတယ်လို့ ဆိုတယ်။
ဆိုလိုတာက ကျွန်တော်တို့ဟာ စမတ်ဖုန်းတွေကို ၂၀ ရာစုအလယ် ၁၉၅၀ လောက် ကတည်းကကိုင်နိုင်မှာဖြစ်ပြီး ခုတော့ ၂၀၀၀ ခုနှစ် အစ ၂၁ ရာစုမှာမှ ကောင်းကောင်းသုံး လာနိုင်တယ်လို့ဆိုနိုင်တယ်။
(၆)
ကျွန်တော့်အနေနဲ့ ဘာသင်ခန်းစာရလဲ လို့မေးချင်တာတွေရှိပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း၂၆၀၀ ခန့်က ဗုဒ္ဓရဲ့ဟောကြားချက်ကိုသတိရတယ်။ အဲဒါက ကာလာမသုတ္တန်ပါပဲ။
ဒီသုတ္တန်ရဲ့အနှစ်က လက်တွေ့မျက်မြင်မြင်နေတာတောင်မှ မယုံနဲ့ဦး။ အကျိုးအကြောင်းဆင်ခြင်ဦး။
ဆရာ သို့မဟုတ် မိမိကိုသင်ကြားပေးသူ လူကြီးတစ်ယောက်ပြောရုံမျှနဲ့မယုံနဲ့ဦး။
ပညာနဲ့ဆင်ခြင်ဦးဆိုတာကို သဘောကျမိတာပါပဲ။
လောကကြီးမှာ သင်ခန်းစာယူလို့မကုန်နိုင်လောက်အောင်အမှားတွေများတာပဲ။
ဆရာတစ်ယောက်က “တစ်ရွာမကောင်းသူကောင်းမဖြစ်” လို့ပြောပေမဲ့ နောက်ဆရာတစ်ယောက်က “သေချင်တဲ့ ကျားတောပြောင်း” ဆိုတာ သင်ပေးတာတွေရှိတာပဲ။
ဘယ်သူမှန်လဲ။ နှစ်ယောက်စလုံးမှန်ပါတယ်။ အခြေအနေအရ ပြောတာပါ။ သို့သော် သုံးသပ်ဆင်ခြင်ရမှာက မိမိတာဝန်ပါပဲ။
လောကကြီးဟာ နက်နဲတယ်။
ပရိယာယ်တွေကလည်းများတယ်။
ဒီအတွက် လှေနံဓားထစ်မှတ်ထားလို့ မရဘူး။ တစ်ခုပဲရှိတယ်။
ကြီးလာတော့ အကျႌမငယ်သွားပေမဲ့ မတော်တော့ဘူး။
နေက ကမ္ဘာကိုမပတ်ပေမဲ့ အရွေ့ကို တွက်လို့ရတဲ့အဖြေတွေဟာ နေကျစ်တာလ ကြတ်တာတွေဟာ မှန်နေတာပဲ။
ဒီတော့ လူတိုင်းမှားနိုင်တယ်။
မင်းလည်းမှားတယ်။ ငါလည်း မှားတာရှိတယ်။ မှားတာတွေကို အပြစ်တင်နေကြမယ့်အစား ညီညီညွတ်ညွတ်နဲ့ ရှေ့ခရီးဆက်ဖို့အတွက် ကြိုးစားဖို့ တိုက်တွန်းလိုက်ရပါတယ်။