ရခိုင်ပြည်နယ်ဒေသတွင်း လေ့လာရေးခရီးတွင် စိတ်ဝင်စားလာကြသည့် စိုင်းဒင်ရေတံခွန်

ရခိုင်ပြည်နယ်ဒေသတွင်း လေ့လာရေးခရီးတွင် စိတ်ဝင်စားလာကြသည့် စိုင်းဒင်ရေတံခွန်
စိုင်းဒင်ရေတံခွန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ - ကိုနီ)
စိုင်းဒင်ရေတံခွန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ - ကိုနီ)
Published 25 April 2021
သန်းလှိုင်

စိုင်းဒင်ဟုဆိုလိုက်သည်နှင့် သွားချင်စိတ်က တားမရဖြစ်ခဲ့ရသည်။ စိုင်းဒင်သည် ရခိုင်ပြည်နယ်အတွင်း အကြီးမားဆုံးသော ရေတံခွန်တစ်ခု ဖြစ်သည့်အလျောက် သဘာဝအရလှပသော ရှုခင်းများကို ခံစားရသည့်အတွက်လည်း ထိုနေရာသို့ အရောက်သွားလိုကြသည်မှာ မဆန်းလှ။

လွယ်လင့်တကူ သွားလာ၍မရနိုင်သော်လည်း ကားလမ်းမှတစ်ဆင့် စက်လှေဖြင့်တစ်သွယ် သွားကြရသည့် စိုင်းဒင်ရေတံခွန်ကြီးရှိရာသို့ ကျွန်တော်တို့ စာရေးဆရာတစ်သိုက် သွားရောက်ခဲ့ကြသည်။ ယင်းခရီးစဉ်အတွင်း ဘူးသီးတောင်မြို့မှ စာရေးဆရာအချို့ကလည်း ပူးပေါင်းပါဝင်ကြသည်။ အဘယ်ကြောင့်ဆိုသော် စိုင်းဒင်သည် ဘူးသီးတောင်မြို့နယ်အတွင်း တည်ရှိခြင်းကြောင့်ပင်ဖြစ်သည်။

ကျွန်တော်တို့အဖွဲ့သည် စစ်တွေမြို့မှတစ်ဆင့် ပုဏ္ဏားကျွန်းမြို့သို့သွားရောက်၍ ပုဏ္ဏားကျွန်းမြို့အဝင် လမ်းခွဲမှတစ်ဆင့် ဘူးသီးတောင်-  ရသေ့တောင်လမ်းအတိုင်း သွားကြရသည်။ နှစ်နာရီကျော် သုံးနာရီခန့် မောင်းနှင်ပြီးနောက်တွင် စိုင်းဒင်ချောင်းတံတားကိုဖြတ်ကျော်ပြီး ဒုံးသိမ်ပုထိုးတော်ကြီးအရှေ့ဘက်ရှိ ကင်းတောင်ရွာသို့ ရောက်လာခဲ့ကြသည်။ ကင်းတောင်ရွာသည် ဘူးသီးတောင်မြို့မှ ကားဖြင့်ဆိုလျှင် ၁၅ မိနစ်ခန့်သာမောင်းရသော နေရာဖြစ်သည်။

ကင်းတောင်ကျေးရွာဆိပ်ကမ်းတွင် အစီအရီဆိပ်ကပ်ထားသော စက်လှေများစွာကို မြင်တွေ့ရသည်။ အလားတူ ဘူးသီးတောင်မှ စာရေးဆရာအချို့ကလည်း မိမိတို့ကို အဆင်သင့်စောင့်ဆိုင်းနေသည် ကိုတွေ့ရသည်။

စက်လှေပေါ်သို့ ရောက်သည်နှင့် တစ်လမ်းလုံးကားစီးရင်း နွမ်းနယ်လာခဲ့သမျှတို့မှာ ပြယ်ပျောက် သွားခဲ့ရသည်ဟုခံစားရသည်။ စက်လှေထွက်တော့ ချောင်းအတွင်းမှ တိုက်ခတ်လာသော လေအေးများက စိတ်ကို ကြည်နူးစေပါသည်။

ကျွန်တော်တို့အဖွဲ့သည် စက်လှေဖြင့် တစ်နာရီခန့်သွားရောက်ပြီးနောက် စိုင်းဒင်ရေတံခွန်အောက်ခြေနားရှိ မြိုလူမျိုးတို့ရှိရာကျေးရွာအနီးတွင် ဆိုက်ကပ်လိုက်ကြသည်။ အကြောင်းမှာ ကျောက်ဆောင်များ၊ ကျောက်လုံးများဖြင့် ကားဆီးထားသောကြောင့်ပင်တည်း။ ချောင်းအနေအထားမှာလည်း တစ်ဆင့် မြင့်တက်သွားသည့်အတွက် စက်လှေများ သွား၍မရနိုင်တော့ပေ။ စက်လှေမှဆင်းကာ ငါးမိနစ်ခန့် လမ်းလျှောက်ကြရသည်။

စိုင်းဒင်သို့ ရောက်သည်နှင့် လွန်စွာကြီးမားသော ရေတံခွန်ကြီးကို မြင်တွေ့လိုက်ကြရသည်မှာ ရင်သပ်ရှုမောဖွယ်ပင်ဖြစ်သည်။

စာရေးသူတို့ ရခိုင်ပြည်ကြီးတွင် ယခုကဲ့သို့ ကြီးမားလှပသော ရေတံခွန်ကြီးတစ်ခုရှိနေသည်ကိုပင် ဂုဏ်ယူဝ့ံကြွားစရာဟု ခံစားမိသည်။ ရှည်လျားသောမြစ်တို့မှ မြစ်ဖျားခံစီးဆင်းလာသော စိုင်းဒင်ချောင်း တစ်ခုဖြစ်သည်။

ပေနှစ်ဆယ်ခန့်အမြင့်ရှိသော ချောက်ကမ်းပါးကြီးသည် ပေသုံးရာခန့်ရှည်ပြီး ရေလုံးကြီးများမှာလည်း တရဟော စီးဆင်းနေသည်ကိုတွေ့ရသည်။ ရေကျသံမှာ တဝေါဝေါထွက်ပေါ်နေသည်။ လွန်စွာအရှိန်ပြင်းသော ရေတံခွန်တစ်ခုကို မိမိမှာ ယခင်ကမမြင်တွေ့ဖူးသဖြင့် အံ့သြရသည်။ ယင်းနောက်မှ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရာ မြင်ကွင်းအားလုံးသည် အသစ်အဆန်း ဖြစ်နေသည့်အပြင် ကြည်နူးစရာ သဘာဝအလှ မြင်ကွင်းများပင်ဖြစ်ပေသည်။

ရခိုင်ရာဇဝင်လာ လက်ဝဲ ၉၉ မြို့၊ လက်ယာ ၉၉ မြို့ဟုဆိုသော မြို့များအနက် လက်ဝဲ ၉၉ မြို့တွင် ပါဝင်ခဲ့သော ဒေသဖြစ်သည်ဟုလည်း မှတ်တမ်းများအရ ပြောဆိုကြသည်။ ပထဝီအနေအထားအရလည်း မြို့ဖြစ်နိုင်ခြေရှိခဲ့သည့် လက္ခဏာများတွေ့ရှိရကြောင်းလည်း သိရသည်။

အိန္ဒိယနယ်စပ်နှင့် ကျောက်တော်မြို့နယ်အတွင်းရှိ ချောင်းနှစ်ခုတို့ ပေါင်းဆုံစီးဆင်းလာသောချောင်းကို စိုင်းဒင်ချောင်းဟုခေါ်ဆိုကြသည်။ လွန်စွာရှည်လျားသော ချောင်းတစ်ခုဖြစ်သည်ဟုလည်း ဆိုကြသည်။

အင်္ဂလိပ်အစိုးရလက်ထက်က ထိုရေတံခွန်နှင့်နယ်မြေများကို အမှီပြု၍ ရေကာတာတည်ဆောက်ကာ ရေအားလျှပ်စစ်နှင့် စက္ကူထုတ်လုပ်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ ၁၉၅၃ ခုနှစ်က လေ့လာအစီရင်ခံ ထားသော (KTA) အစီရင်ခံစာအရဆိုလျှင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်ဒေသများကိုအခြေခံ၍ စက်မှုဒေသထူထောင်ရန် စီမံကိန်းချမှတ်ခဲ့သည်ဟုလည်း သိရသည်။ ထိုစီမံကိန်းတွင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ ကာဘိုက်နှင့် အခြားဓာတုဗေဒပစ္စည်းထုတ်လုပ်သည့်စက်ရုံ၊ အုတ်နှင့် အုတ်ကြွပ်အမိုးပြားစက်ရုံ၊ ဂုန်နီစက်ရုံနှင့် ၀ါးပျော့ဖတ်စက်ရုံတို့ ပါဝင်ကြောင်းလည်း သိရသည်။

စိုင်းဒင်ရေတံခွန်၏ အကျယ်အဝန်းနှင့် ရေစီးဝင်ဧရိယာ ၃၅၄ စတုရန်းမိုင်ရှိသဖြင့် ရေထုတ်ကြူစက် ၁၉၁၀၊ အမြင့်ပေ ၂၂၀၊ စက်အင်ဂျင်အများဆုံး ၇၆ ဒသမ ၅ ရှိပြီး အနည်းဆုံး ၂၄ ဒသမ ၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ကြောင်း သိရ၏။

၁၉၈၃ ခုနှစ် တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်လက်ထက်တွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ စက်မှု (၁) ဝန်ကြီးဌာနနှင့် စက်မှု (၂) ဝန်ကြီးဌာနများကိုယ်တိုင် စိုင်းဒင်သို့သွားရောက်ခဲ့ပြီး ရေအားလျှပ်စစ်စက်ရုံတည်ဆောက်ရန် နေရာကြမ်းများလျာထားပြီး စက်ရုံ နမူနာရေးဆွဲခဲ့ကြောင်းသိရသည်။ ထိုစဉ်က တွက်ချက်မှုများအရရရှိမည့် လျှပ်စစ်အင်အားမှာ ၇၅ မဂ္ဂါ ဝပ်ဖြစ်ကာ အမြဲတမ်းပေးရမည့်အင်အားမှာ ၂၅ မဂ္ဂါဝပ်ဖြစ်ပြီး တစ်နှစ်လုံးတွင် ကီလိုဝပ်နာရီ ၁၉၂ သန်းဖြစ်ကြောင်းသိရသည်။ 

စက်ရုံတည်ဆောက်ပြီးစီးသွားပါက လျှပ်စစ်ဓာတ်အား တစ်နှစ်လျှင် ကီလိုဝပ်နာရီ ၂၃၆ သန်း ရရှိနိုင်မည်ဖြစ်ပြီး စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့များအထိ လျှပ်စစ်မီးရရှိနိုင်မည်ဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။

ချောင်းဝဲယာတွင် တောတန်းကြီးများ၊ တောင်တန်းကြီးများတည်ရှိပြီး ထိုတောကြီးများမှာလည်း သစ်ပင်လွန်စွာနည်းပြီး ၀ါးတောများသာဖြစ်သည်ကို တွေ့ရသည်။ ရခိုင်သယံဇာတများအနက် ရွှေစိမ်းဟုခေါ်သော  စိမ်းစိုလှပသော ၀ါးတောကြီးများကို မြင်ရသည်မှာလည်း အားရကျေနပ်စရာကောင်းလှသည်။ စိုင်းဒင်ချောင်းရေသည် လွန်စွာကြည်လင်လှပြီး ရေအောက်တွင် ပြေးလွှားနေသော ငါးငယ်များ၊ ငါးကြီးများပင် ရေပေါ်မှ ၀ါးဖောင်စီးပြီးကြည့်လျှင် မြင်နိုင်သည်။ ဆက်ရက်ငှက်ဥ အရောင်တောက်နေသော စိုင်းဒင်ချောင်းတွင် ရေချိုးရေကူးရသည်မှာ အဆင့်မြင့်ဟိုတယ်ကြီးများရှိ ရေကူးကန်တွင် ရေကူးရသည်ထက်များစွာ အရသာရှိလိမ့်မည်ဟု သုံးသပ်မိသည်။

မတ်လကုန်ခါနီးဖြစ်သဖြင့် စိုင်းဒင်သို့ ကျောက်တော်၊ မြောက်ဦး၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် အစရှိသော မြို့နယ်များမှ လာရောက်လေ့လာသူများဖြင့် စည်ကားလေ့ရှိသည်။ ကျွန်တော်တို့ အဖွဲ့ထက်စော၍ရောက်ရှိနေသော လူ ၁၀၀ ခန့်ကိုလည်းတွေ့ရသည်။

“ဒီရေတံခွန်က အဆင့်ငါးဆင့်ရှိတယ်။ ဒါက အောက်ဆုံးအဆင့်ပေ့ါ။ အပေါ်ဘက် နှစ်မိုင်ခွဲလောက်မှာ ပထမအဆင့်ရှိတယ်။ အဲဒီကနေ အရှိန်နဲ့ဆင်းလာတာ။ ချောင်းကလည်း တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်သွားတဲ့အတွက် စက်လှေနဲ့ သွားမယ်ဆိုရင် နည်းနည်းခက်တယ်” ဟု ဘူးသီးတောင်မှ ဆရာအောင်မင်းသူက ရှင်းပြသည်။

စိုင်းဒင်ရေတံခွန်သည် ရေအားလျှပ်စစ်ထုတ်လုပ်ရန် အလားအလာကောင်းသော နေရာတစ်ခုဖြစ်သည့်အတွက် ရေအားလျှပ်စစ်ထုတ်လုပ်ရန် ပြင်ဆင်မှုများရှိခဲ့ပြီးနောက် နောက်ပိုင်းတွင်ပြန်လည် ပျက်ပြယ်ကာ မလုပ်တော့ကြောင်း သိရသည်။ လွန်စွာနှမြောစရာကောင်းသော လုပ်ရပ်ဖြစ်သည်။ ဒေသတွင်းမှာ သဘာဝအရင်း အမြစ်ရှိပါလျက်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာတိုင်းတွင် လျှပ်စစ်မီးမရရှိသေးဘဲ ဖယောင်းတိုင်၊ ရေနံဆီ၊ ဆိုလာမီးများကိုသာ အသုံးပြုပြီး နေထိုင်ကြရသည့် တိုင်းရင်းသားများ၏ လူနေမှုဘဝများကို ပြေးမြင်လာမိသည်။

ကျွန်တော်တို့ ရောက်ရှိလာပြီး နောက်တစ်နာရီခန့်အကြာတွင် တဖွေးဖွေးရောက်လာကြသော စက်လှေဆယ်စင်းခန့်ကိုလည်းတွေ့ရသည်။ လူသုံးလေးရာခန့် ထပ်မံရောက်ရှိလာခဲ့ကြသည်ကိုတွေ့ရသည်။ ယခုနှစ်ပိုင်းသည် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု အနည်းငယ်ရှိလာသည့်အတွက် သုံးလေးနှစ်ခန့် အိမ်တွင်းပုန်းနေကြရသော ဒေသခံများအနေဖြင့် လေ့လာရေးခရီးသဖွယ် အပျော်ခရီးအဖြစ် စိုင်းဒင်သို့ လာရောက်လည်ပတ်ကြခြင်းလည်း ဖြစ်ပေမည်။

ထိုနေရာတွင် သတိထားမိသည်တစ်ခုမှာ ၀ါးဖောင်များစွာ စီတန်းနေသည်ကို တွေ့ရခြင်းပင်ဖြစ်သည်။ စိုင်းဒင်အပေါ်ပိုင်းရှိ သဘာဝတောတောင်များမှ ၀ါးများကိုခုတ်ယူကာ ရေဖြင့်မျှောလာခြင်းဖြစ်သည်။ တစ်နှစ်လျှင် သန်းနှင့်ချီသော ၀ါးများထုတ်လုပ်ရောင်းချကြလေ့ရှိကြောင်းနှင့် စိုင်းဒင်ဝါးမှာလည်း နာမည်ကြီးကြောင်းသိရသည်။

“ဒီချောင်းမှာ အထူးခြားဆုံးတစ်ခုကို ကျွန်တော်ပြောပြမယ်။ ဒီချောင်းမှာရှိတဲ့ ခရု (ဖင်ချွန်းခရု) တွေ အကုန်လုံးဟာ အဖျားလို့ပြောရမလား၊ အမြီးပိုင်းလို့ပြောရမလား။ ကျွန်တော်တို့အခေါ် ဖင်ပိုင်းတော့ ခရုဖင်တွေအားလုံးကဖင်ပိုင်းတွေ ဖြစ်နေတယ်။ ခင်ဗျားတို့ဆင်းပြီး ကောက်ကြည့်လို့ရတယ်” ဟု ဆိုသဖြင့် ကျောက်လုံးများ အနီးသို့သွားရောက်ကာ ခရုများရှာဖွေကြသည်။

မှန်ပါသည်။ ခရုအားလုံးမှာ မည်းနက်နက် အရောင်ရှိသော်လည်း ဖင်ပိုင်း (အမြီးပိုင်း) မှာ ပိုင်းပြတ်နေသည်ကို ထူးဆန်းစွာတွေ့ရသည်။ ထိုသို့ ခရုများပိုင်းပြတ်နေသည်နှင့်ပတ်သက်ပြီး နန်းတွင်းမိဘုရားတစ်ပါးနှင့် ဆက်စပ်နေသော ရာဇဝင်ရှိသည်ဟုလည်းသိရပြီး အောင်မင်းသူက ရှည်လျားစွာရှင်းပြသည်။ (အခွင့်ကြုံလျှင် ရေးသားပါမည်)။

ယခုကဲ့သို့ အများပြည်သူ စိတ်ဝင်စားစရာ စိုင်းဒင်ဒေသကို ခရီးသွားဒေသအဖြစ် သတ်မှတ်ပြီးစနစ်တကျ လုပ်ဆောင်ကြမည်ဆိုပါက ပိုကောင်းလေမလားဟု တွေးတောမိသည်။ ပွင့်လင်းရာသီရောက်ရှိပြီး ရေစီးလွန်စွာ မကြမ်းတော့သည့်အချိန်မျိုးတွင် စိုင်းဒင်သို့လာရောက်လည်ပတ်သူ သိန်းနှင့်ချီရှိကြောင်းလည်း ဒေသခံမြိုအမျိုးသားများထံမှ သိရသည်။

လူတို့သည် စိမ်ချမ်းမြေ့ဖွယ်ရာမြင်ကွင်းများကို မြင်ချင်ကြသည်။ တောတောင်ရေမြေသဘာဝ အလှတရားများကို ချစ်ခင်မြတ်နိုးတန်ဖိုးထားကြသည်။ ယင်းအတွက်လည်း ဝေးလံသော ခရီးဖြစ်စေကာမူ သွားရောက် လည်ပတ်လေ့ရှိကြသည်သာဖြစ်သည်။

ကျွန်တော်တို့သည် အပန်းဖြေအနားယူ စားသောက်ပျော်ရွှင်စွာ ခံစားကြပြီးနောက် မွန်းလွဲ ၂ နာရီ ခန့်တွင် စိုင်းဒင်မှ ပြန်လည်ထွက်ခွာလာခဲ့ကြသည်။ အပြန်လမ်းတစ်လျှောက်တွင် စိုင်းဒင်တွင် ပြန့်ကြဲကျန်နေခဲ့မည့် အမှိုက်များ၊ ပလတ်စတစ်အိတ်များကို မြင်ယောင်လာမိပါတော့သည်။

Most Read

Most Recent