COVID-19 ဖြစ်ပွားသေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်လာသည့် အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများ

COVID-19 ဖြစ်ပွားသေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်လာသည့် အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများ
ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် COVID-19 ကာကွယ်ဆေးထိုးပေးနေစဉ် (ဓာတ်ပုံ-ဝေလင်း-ပြည်)
ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် COVID-19 ကာကွယ်ဆေးထိုးပေးနေစဉ် (ဓာတ်ပုံ-ဝေလင်း-ပြည်)
Published 25 April 2021
အိသဉ္ဇာကျော်

COVID-19 ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံအနှံ့တွင် ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှု ပြန်လည်မြင့်တက်လာပြီး ဧပြီ ၂၄ ရက်အထိ ရောဂါဖြစ်ပွားသူ ၁၄၆ သန်းကျော်နှင့်သေဆုံးသူ ၃၁ သိန်းကျော် ရှိလာပြီဖြစ်သည်။

လက်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသ (WHO Southeast-Asia Region) နိုင်ငံများတွင် COVID-19 ဖြစ်ပွားသေဆုံးနှုန်း အမြင့်ဆုံးဖြစ်နေပြီး တစ်ပတ်အတွင်း ရောဂါဖြစ်ပွားမှု ၆၃ ရာခိုင်နှုန်းခန့်မြင့် တက်လာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကမ္ဘာပေါ်မှာ တစ်ပတ်တစ်ပတ်ကို COVID ဖြစ်ပွားသူအသစ် ၄ ဒသမ ၅ သန်းကျော်ရှိပါတယ်။  အဲဒီ ၄ ဒသမ ၅ သန်းကျော်ဖြစ်တဲ့ အပြင်ကို သေဆုံးသူအသစ်တွေကလည်း ပြီးခဲ့တဲ့အပတ်နဲ့နှိုင်းယှဉ်ရင် ခုနစ်ရာခိုင်နှုန်း တက်လာပါတယ်။ သေဆုံးသူက တစ်ပတ်အတွင်းမှာကို ၇၆၀၀၀ ကျော်သေပါတယ်။ ဖြစ်ပွားမှုတွေရော သေဆုံးမှုတွေရော ကြည့်လိုက်မယ်ဆိုရင် အရှေ့တောင် အာရှဒေသတွေက အများဆုံးဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် အမေရိကဒေသတို့ ၊ ဥရောပဒေသတို့ ဖြစ်ပွားမှုများတယ်။ ကျွန်မတို့ အရှေ့တောင်အာရှ ဒေသနိုင်ငံတွေက တတိယနေရာလောက်က လိုက်နေခဲ့ပေမဲ့ အခုနောက်ဆုံးအစီရင်ခံစာအရဆိုရင် အရှေ့တောင်အာရှဒေသသည် ရောဂါဖြစ်ပွားမှုအမြင့်ဆုံးဖြစ်ပါတယ်” ဟု ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊  အရှေ့တောင်အာရှဒေသတွင် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံရှိပြီး ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ကိုရီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မော်ဒိုက်၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်း၊ တီမောနိုင်ငံတို့ပါဝင်ပြီး လက်ရှိ မြန်မာနိုင်ငံနှင့် အိမ်နီးချင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံတို့တွင် COVID-19 ဖြစ်ပွားမှုများ မြင့်တက်နေသည်။

“အရှေ့တောင်အာရှဒေသမှာမှ လက်ရှိမှာဆိုရင် အိန္ဒိယနိုင်ငံက အဖြစ်အများဆုံး ဖြစ်ပါတယ်။ ဒါဆိုရင် အိန္ဒိယကလည်း သူ့နိုင်ငံမှာဖြစ်ပွားမှုတွေ သေဆုံးမှုတွေလျော့နည်းဖို့ သူ့နိုင်ငံအတွက် ကာကွယ်ဆေးတွေ ထိုးနှံပေးဖို့ ဆောင်ရွက်နေသလိုပဲ တခြားတစ်ဖက်ကလည်း သူ့ဆီက ဝယ်ယူထားတဲ့၊ စာချုပ်ချုပ်ဆိုထားတဲ့ နိုင်ငံတွေအတွက် ကာကွယ်ဆေးတွေပေးနိုင်ဖို့ အထူးကြိုးစားနေရတဲ့ အနေအထားဖြစ်ပါတယ်။ အရှေ့တောင် အာရှဒေသဟာဆိုရင် တစ်ပတ်အတွင်း ရောဂါဖြစ်ပွားမှုက ၉ ဒသမ ၇ သိန်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်နဲ့နှိုင်းယှဉ်လိုက်ရင် ၆၃ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။ သေဆုံးတဲ့သူကလည်း ၆၃၀၀ ကျော်ရှိတဲ့ အတွက်ကြောင့်မို့ ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်လို့ရှိရင် ၄၇ ရာခိုင်နှုန်း သေဆုံးမှုတွေ တက်ပါတယ်။ အဓိကကတော့ အိန္ဒိယနိုင်ငံရဲ့ ရောဂါဖြစ်ပွားမှုကဆိုရင် ရာခိုင်နှုန်း ၇၀ အထက်မှာနေရာယူပါတယ်။ ဒုတိယအများဆုံးနိုင်ငံက ဘင်္ဂလားဒေ့ရှ်ဖြစ်တယ်။ တတိယအများဆုံးက အင်ဒိုနီးရှားနိုင်ငံဖြစ်ပါတယ်။ ဒါတွေကပေါ့ဆလို့မရပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အိန္ဒိယနိုင်ငံတွင် နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း စံချိန်တင်မြင့်တက်နေသောကြောင့် နယူးဒေလီမြို့တော်၌သီတင်းတစ်ပတ်ကြာ Lockdown ချမှတ်ရန် အမိန့်ထုတ်ပြန်ခဲ့ချိန်တွင် မေလမှစတင်၍ အရွယ်ရောက်ပြီးသူတိုင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံနိုင်ပြီဖြစ်ကြောင်း အစိုးရက မတ် ၁၉ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

အိန္ဒိယတွင် ဇန်နဝါရီလလယ်ပိုင်းမှစတင်၍ ဗိုင်းရပ်စ်ကာကွယ်ဆေးစတင်ထိုးနှံပေးခဲ့ပြီး လက်ရှိတွင် အသက် ၄၅ နှစ်အထက်အရွယ်များကိုသာ အကန့်အသတ်ဖြင့် ကာကွယ်ဆေးထိုးနှံပေးရာ လူပေါင်း ၁၂၃ သန်းကျော်ကို ကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့ပြီ ဖြစ်သည်။

ဖေဖော်ဝါရီတွင် နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၀၀၀ အောက်လျော့ကျခဲ့ပြီးနောက် ဧပြီ ၁၉ ရက်တွင် နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၇၃၈၁၀  စံချိန်တင် မြင့်တက်လာမှုနှင့်အတူ နိုင်ငံတစ်ဝန်းဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁၅ ဒသမ ၀၆ သန်း အထိရှိလာခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် အမေရိကန်ပြီးလျှင် အိန္ဒိယသည်ဗိုင်းရပ်စ် ကူးစက်မှုနှုန်း အများဆုံးဖြစ်သည်။

“သေဆုံးသူတွေကိုကြည့်တဲ့အခါမှာလည်း အိန္ဒိယရဲ့သေဆုံးမှုက အရှေ့တောင်အာရှနိုင်ငံတွေ သေဆုံးသူ လူနာအားလုံးရဲ့ ၅၁ ရာခိုင်နှုန်းရှိပါတယ်။ အင်ဒိုနီးရှားက ၃၇ ရာခိုင်နှုန်းရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်က ရာခိုင်နှုန်း ၃၀ ရှိပါတယ်။ ပြောချင်တာကတော့ ကျွန်မတို့ အရှေ့တောင်အာရှမှာရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေအားလုံးရဲ့ ရောဂါဖြစ်ပွားမှုရော သေဆုံးမှုရောကဆိုရင် တော်တော်ကြီးကို တက်နေတာကို တွေ့ရမှာဖြစ်ပါတယ်” ဟု ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

WHO South-East Asia Region နိုင်ငံများအပြင် Western Pacific Region နိုင်ငံများတွင်လည်း COVID-19 ဖြစ်ပွား သေဆုံးမှုများ မြင့်တက်လျက်ရှိနေသည်။

“နောက်ထပ် ထူးခြားတာတစ်ခုက ဖိလစ်ပိုင်တို့ ဂျပန်တို့ မလေးရှားတို့လို နိုင်ငံမျိုးတွေမှာ ရောဂါဖြစ်ပွားတွေက ပြီးခဲ့တဲ့ အပတ်နဲ့နှိုင်းယှဉ်ရင် ခြောက်ရာခိုင်နှုန်း တက်လာပါတယ်။ သေဆုံးမှုအနေနဲ့ဆိုရင် ၁၈၉ ရာခိုင်နှုန်းတက်လာပါတယ်။ ၁၈၉ ရာခိုင်နှုန်းဆိုတာက ရာခိုင်နှုန်းကို အဆနဲ့ပြန်ပြီး နားလည်အောင် ပြောမယ်ဆိုရင် ၂ ဒသမ ၅ ကနေ သုံးဆလောက်အထိကို သေဆုံးမှုတွေ တက်နေပါတယ်။ သေဆုံးမှု အများဆုံးနိုင်ငံက ဖိလစ်ပိုင်နိုင်ငံ ဖြစ်ပါတယ်။ ဖိလစ်ပိုင်က အဆပေါင်း ငါးဆများပါတယ်။ ဖိလစ်ပိုင်၊ ဂျပန်၊ မလေးရှား ဒီနိုင်ငံတွေမှာ သေဆုံးမှုတွေများနေတယ်ဆိုတာ အစီရင်ခံစာတွေမှာ တွေ့ရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကမ္ဘာ့နိုင်ငံများတွင် COVID-19 ဖြစ်ပွားမှု ရက်သတ္တပတ် ခုနစ်ပတ်ဆက်တိုက် မြင့်တက်နေပြီး တစ်ပတ်လျှင် ထပ်တိုးလူနာ အသစ်လေးသန်းကျော်အထိ ရှိနေသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ရရှိသည့်အချက်အလက် အရသိရသည်။

“လက်ရှိအခြေအနေက ကမ္ဘာပေါ်မှာရောဂါဖြစ်ပွားမှုတွေ တောက်လျှောက်တောက်လျှောက် တက်လာနေတာ ခုနစ်ပတ်မြောက်အထိရှိပါပြီ။ အရင်တုန်းကဆိုရင် Case တွေက အတော်ကြီးကျသွားတဲ့ အနေအထားကနေ တောက်လျှောက်အကျမရှိဘဲ တက်လာတာ ဧပြီလ ၁၃ ရက်နေ့က ထုတ်တဲ့နောက်ဆုံး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ပြောခြင်းဖြစ်ပါတယ်။ အခုဆိုရင် ဆက်တိုက်တက်နေတာ ခုနစ်ပတ် ရှိပါပြီ။ တစ်ပတ်တစ်ပတ်ကို COVID ဖြစ်ပွားသူအသစ် ၄ ဒသမ ၅ သန်းကျော်ရှိပါတယ်” ဟု ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဧပြီ ၂၃ ရက်က COVID-19 ထပ်မံ ကူးစက်ဖြစ်ပွားသူ ၂၀၇၀ စံချိန်တင်တိုးလာပြီး နိုင်ငံအတွင်း စုစုပေါင်း COVID-19 အတည်ပြုလူနာပေါင်း ၅၀၀၀၀ ကျော် ရှိလာပြီ ဖြစ်သည်။

ထပ်မံကူးစက်ဖြစ်ပွားသော COVID-19 လူနာများအနက် ၂၀၆၂ ဦးမှာ ပြည်တွင်း ကူးစက်လူနာများဖြစ်ကာ ၇၄၀ မှာ မကြာသေးမီက COVID-19 ထပ်မံကူးစက်ဖြစ်ပွားရာ ဗဟိုချက်နေရာဖြစ်သော မြို့တော်ဘန်ကောက်မှဖြစ်ကြောင်းနှင့် ရှစ်ဦးမှာ ပြည်ပကူးစက်လူနာများဖြစ်ကြောင်း ထိုင်းနိုင်ငံ COVID-19 စီမံခန့်ခွဲရေးဌာန ပြောရေးဆိုခွင့်ရှိသူ တာဝီဆင်ဗီ ဆာနုယိုသင်က ပြောကြားထားသည်။

ကမ္ဘာ့နိုင်ငံများတွင် COVID-19 ကူးစက်မှု တတိယလှိုင်းအဖြစ် ရောဂါဖြစ်ပွားသူဦးရေ တစ်ရှိန်ထိုး မြင့်တက်လာပြီး ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများလည်း ဆက်လက်မြင့်တက်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

ဗြိတိန်၊ တောင်အာဖရိကနှင့် ဘရာဇီးနိုင်ငံများတွင် စတင်တွေ့ရှိခဲ့သည့် ဗီဇပြောင်းဗိုင်းရပ်စ်သည် နိုင်ငံအများအပြားသို့ ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း၊ ယင်းဗီဇပြောင်းဗိုင်းရပ်စ်သုံးမျိုးသည် လူသားများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိပြီး ယင်းဗိုင်းရပ်စ်များသည် လူသားတို့၏ ကိုယ်ခံစွမ်းအားကို မည်မျှတိုက်ခိုက်နိုင်စွမ်းရှိကြောင်းနှင့် ၎င်းတို့၏ ကူးစက်ပျံ့နှံ့နိုင်မှုအခြေအနေများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဆေးဘက်ဆိုင်ရာပညာရှင်များက အနီးကပ်လေ့လာလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

COVID-19 ရောဂါသည် ကမ္ဘာ့နိုင်ငံများတွင် အရှိန်အဟုန်ဖြင့် ဆက်လက်ကူးစက်ပြန့်ပွားလျက်ရှိပြီး ထိုသို့ ကူးစက်ပြန့်ပွားရခြင်းအကြောင်းများအနက် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး၏ မျိုးရိုးဗီဇများ ပြောင်းလဲလာခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် လူစုလူဝေးများ ဖြစ်ပေါ်ခြင်း၊ ရောဂါဖြစ်ပွားမှု ကျဆင်းလျက်ရှိသည့်နိုင်ငံများတွင် ဖြေလျှော့မှုများ ဆောင်ရွက်ပေးလာခြင်း၊ လူအများစုမှ ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာမှုအားနည်းလာခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးသူများမှလည်း ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာဆောင်ရွက်မှု အားနည်းခြင်း စသည်တို့ကြောင့်ဖြစ်သည်ကို တွေ့ရှိရကြောင်းသိရသည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းအိန္ဒိယနိုင်ငံတွင် ဧပြီ ၂၀ ရက်အထိ COVID-19 ရောဂါဖြစ်ပွားသူဦးရေ ၁၅ သန်းကျော်၊ ရောဂါကြောင့် သေဆုံးသူဦးရေ တစ်သိန်းရှစ်သောင်းကျော်ရှိနေပြီဖြစ်ပြီး ကမ္ဘာတွင် ဖြစ်ပွားမှု ဒုတိယအများဆုံး ဖြစ်နေကြောင်း၊ ရောဂါဖြစ်ပွားမှု တတိယလှိုင်းကိုလည်း ခံစားရလျက်ရှိပြီး ဧပြီ ၁၈ ရက် တစ်နေ့တာအတွင်း ဖြစ်ပွားသူ စုစုပေါင်း ၂၇၅၃၀၆ ဦးအထိ စံချိန်တင် ကူးစက်ဖြစ်ပွားလျက်ရှိကြောင်း၊ ထိုသို့ ကူးစက်မှုများအတွင်းတွင် ကိုရိုနာဗိုင်းရပ်စ်၏ မျိုးရိုးဗီဇပြောင်းလဲမှုများအနေဖြင့် ကူးစက်မှုနှုန်း ရာခိုင်နှုန်း ၇၀ အထိ ပိုမိုမြန်ဆန်နိုင်သည့် UK Variant (B.1.1.7) နှင့် ကူးစက်မှုနှုန်းမြန်၍ အချို့ကာကွယ်ဆေးများ၏ ထိရောက်မှုကို လျော့ကျစေနိုင်ဖွယ်ရှိသည့် Africa Variant (B.1.351) တို့ကို လေ့လာတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း COVID-19 ရောဂါ ဖြစ်ပွားသူဦးရေ ခုနစ်သိန်းကျော်၊ ရောဂါကြောင့် သေဆုံးသူဦးရေ တစ်သောင်းကျော်ရှိနေပြီဖြစ်ပြီး ယခုအခါ ရောဂါဖြစ်ပွားမှု တတိယလှိုင်းကို ခံစားရလျက်ရှိရာ ဧပြီ ၇ ရက် တစ်နေ့တာအတွင်း  ဖြစ်ပွားသူ ၇၆၂၆ ဦးအထိ ကူးစက်မှုများ ပြန်လည်မြင့်တက်လျက်ရှိသည်ကို တွေ့ရကြောင်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူဦးရေ လေးသောင်းကျော် ၊ရောဂါကြောင့် သေဆုံးသူဦးရေ ၁၀၀ ကျော်ရှိနေပြီဖြစ်ပြီး ဧပြီလဆန်းမှစတင်၍ ရောဂါကူးစက်မှု တတိယလှိုင်းအဖြစ် ကူးစက်ဖြစ်ပွားသူဦးရေ သိသာစွာမြင့်တက်လာခဲ့ပြီး ဧပြီ ၁၈ ရက် တစ်နေ့တာအတွင်း ကူးစက်သူဦးရေ ၁၇၆၇ ဦးရှိခဲ့ကာ နေ့စဉ်ကူးစက်သူဦးရေ တစ်ထောင်ကျော် ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

ဧပြီ ၂၁ ရက်က နေပြည်တော်၌ ပြုလုပ်သည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် အိမ်နီးချင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံတို့တွင် COVID-19 ရောဂါဖြစ်ပွားမှု မြင့်တက်နေ၍ နယ်စပ်ဝင်ပေါက် ထွက်ပေါက်များတွင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကထည့်သွင်း ပြောကြားထားသည်။

နယ်စပ်ဝင်ပေါက် ထွက်ပေါက်များမှတစ်ဆင့် ရောဂါကူးစက်ဖြစ်ပွားမှုများမရှိစေရန် လက်ရှိ ဧရာဝတီ၊ တနင်္သာရီ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြင်ဆင်ဆောင်ရွက်နေသည်ဟု သိရသည်။

ယင်းဒေသများတွင် ရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ဧပြီ ၂၃ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်တို့မှ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး များ၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တို့နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြု လုပ်ခဲ့သည်။

အစည်းအဝေးတွင် နယ်စပ်ဂိတ်များ၊ နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်လာသူများမှတစ်ဆင့် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးများ မိမိတို့နိုင်ငံအတွင်းဝင်ရောက် ကူးစက်ပြန့်ပွားမှုအား ထိရောက်စွာကာကွယ်တားဆီးရေး နှင့် COVID-19 ရောဂါ နောက်ထပ်လှိုင်းတစ်ခုအသွင် ဖြစ်ပွားမှုမရှိစေရေးအတွက် ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ယခုထက် ပိုမိုအားဖြည့်ဆောင်ရွက်မည့်အစီအစဉ်များ၊ ပြည်သူလူထုအတွင်း COVID-19 ရောဂါ ဖြစ်ပွားသူ သံသယလူနာများအား ရှာဖွေဖော်ထုတ်၍ ဓာတ်ခွဲစစ်ဆေးမှုများကို အားဖြည့်မြှင့်တင် ဆောင်ရွက်ရမည့် အစီအစဉ်များ၊ ရောဂါကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သည့် ဆေးဝါးနှင့်ဆေးပစ္စည်း များအလုံအလောက် ဖြန့်ဖြူးပေးမည့် အစီအစဉ်များ၊ ပြည်သူ့ဆေးရုံများတွင် COVID-19 ရောဂါ လူနာများလက်ခံကုသပေးမည့် အစီအစဉ်များ၊ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းများတွင် လိုအပ်သည့် အရင်းအမြစ်များ ယခုထက်ပိုမိုလုံလောက်စွာရရှိစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များ၊ ကျန်းမာရေးပညာပေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးထားသည်ဟု သိရသည်။                 

Most Read

Most Recent