စိတ်ကူးယဉ် ဟာသဇာတ်လမ်းတွဲ Sell Your Haunted House ကို KBS2 ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသနေ

စိတ်ကူးယဉ် ဟာသဇာတ်လမ်းတွဲ Sell Your Haunted House ကို KBS2 ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသနေ
Published 25 April 2021

စိတ်ကူးယဉ် ဟာသဇာတ်လမ်းတွဲ Sell Your Haunted House ကို တောင်ကိုရီးယားရုပ်သံလိုင်း KBS2 တွင် ထုတ်လွှင့်ပြသနေပြီး ကြည့်ရှုအားပေးသူအရေအတွက် များပြားနေကြောင်း Soompi သတင်းဌာနက ဖော်ပြခဲ့သည်။

Sell Your Haunted House ဇာတ်လမ်းတွဲကို ၂၀၂၁ ခုနှစ် ဧပြီ ၁၄ ရက်တွင် စတင်ထုတ်လွှင့်ပြသခဲ့ပြီး ဇာတ်လမ်းတွဲ၏ ဇာတ်သိမ်းပိုင်းကို ဇွန် ၃ ရက်တွင် ထုတ်လွှင့်ပြသရန် စီစဉ်ထားကြောင်း သိရသည်။

ဒါရိုက်တာ Park Jin Suk ရိုက်ကူးထားသော Sell Your Haunted House ဇာတ်လမ်းတွဲကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ နှင့် ကြာသပတေးနေ့၌ ထုတ်လွှင့်တင်ဆက်ပေးနေပြီး အပိုင်း ၁၆ ပိုင်း ပါဝင်မည်ဖြစ်သည်။

ပရောဂဆရာမ တစ်ဦးဖြစ်သည့် ဟုန်ဂျီအာသည် Daebak အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကို တည်ထောင်ဦးစီးနေသူဖြစ်ပြီး မကျွတ်မလွတ်သေးသော တစ္ဆေသူရဲ၊ ၀ိညာဉ်များ ခြောက်လှန့်နေ၍ ရောင်းမထွက်နိုင်ဖြစ်နေသည့် အိမ်များတွင်မကောင်းဆိုးဝါး နှင်ပေးကာ ထိုအိမ်များကို ရောင်းထွက်စေရန် အကျိုးဆောင်ပေးသူလည်း ဖြစ်သည်။ လူလိမ်တစ်ဦးဖြစ်သူ အိုအင်ဘမ်းသည် ၎င်း၏ကလိမ်ကကျစ် အကြံအစည်များတွင် တစ္ဆေများကို အသုံးချခြင်းဖြင့် ငွေရှာသူဖြစ်သည်။ ဟုန်ဂျီအာ၏ မိခင်ဖြစ်သူမှာ လွန်ခဲ့သော နှစ် ၂၀ က သေဆုံးသွားခဲ့ပြီး မိခင်ဖြစ်သူ သေဆုံးမှုနောက်ကွယ်တွင်ရှိနေသော လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် ဟုန်ဂျီအာနှင့်အိုအင်ဘမ်းတို့ အတူတကွ ကြိုးစားကြရာမှ တွေ့ကြုံရင်ဆိုင်လာရသည့် အဖြစ်အပျက်များကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။

Sell Your Haunted House ဇာတ်လမ်းတွဲတွင် နာမည်ကြီး မင်းသမီး ဂျန်နာရာက ဟုန်ဂျီအာ ဇာတ်ကောင်နေရာတွင်လည်းကောင်း၊ နာမည်ကျော် တောင်ကိုရီးယား အမျိုးသားတီးဝိုင်းအဖွဲ့ CNBLUE မှ အဖွဲ့ခေါင်းဆောင် ဂျန်ယုံဟွာက အိုအင်ဘမ်း ဇာတ်ကောင်နေရာတွင်လည်းကောင်း ပါဝင်သရုပ်ဆောင်ထားပြီး Kang Mal Geum ၊ Choi Wuu-Sung အပါအဝင် နာမည်ကြီးဇာတ်ပို့၊ ဇာတ်ရံအများအပြား ပါဝင်အားဖြည့်ထားသည်။

ဧပြီ ၂၂ ရက်တွင် ထုတ်လွှင့်ခဲ့သည့် Sell Your Haunted House ဇာတ်လမ်းတွဲ အပိုင်း (၄) ကို တောင်ကိုရီးယားတစ်နိုင်ငံလုံးတွင် ပျမ်းမျှကြည့်ရှုသူနှုန်းသည် ၃.၇ ရာခိုင်နှုန်းနှင့် ၅.၃ ရာခိုင်နှုန်းရှိခဲ့ပြီး ဧပြီ ၂၁ ရက်တွင် ထုတ်လွှင့်ခဲ့သည့် အပိုင်း (၃) သည် ပျမ်းမျှ ကြည့်ရှုသူနှုန်း ၃.၇ နှင့် ၅.၉ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း Nielsen Korea ၏ ဖော်ပြချက်အရ သိရသည်။

လတ်တလောတွင် ထုတ်လွှင့်ပြသနေဆဲဖြစ်ပြီး ကြည့်ရှုသူများပြားနေသော ကိုရီးယားရုပ်သံ ဇာတ်လမ်းတွဲများတွင် JTBC ရုပ်သံလိုင်းမှ ထုတ်လွှင့်သော လျှို့ဝှက်ဆန်းကြယ်မှုခင်းဇာတ်လမ်းတွဲ Law School ၊ MBC မှ ထုတ်လွှင့်သော Oh My Ladylord tvN ရုပ်သံလိုင်းမှထုတ်လွှင့်သော Mouse ဇာတ်လမ်းတွဲတို့ ပါဝင်သည်။

Most Read

Most Recent