Squid Game Season 2 နှင့် 3 တစ်ဆက်တည်းထွက်ပေါ်လာဖွယ်ရှိဟု သတင်းများထွက်ပေါ်

Squid Game Season 2 နှင့် 3 တစ်ဆက်တည်းထွက်ပေါ်လာဖွယ်ရှိဟု သတင်းများထွက်ပေါ်
Photo: Netflix
Photo: Netflix
Published 15 June 2024

Squid Game Season 2နှင့်3 တစ်ဆက်တည်း ထွက်ပေါ်လာဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသည်။

Squid Game သရုပ်ဆောင်များနှင့်အဖွဲ့သားများက Season နှစ်ခုလုံးအတွက်ရိုက်ကူးရေးပြီးစီးခဲ့ပြီးဖြစ်ကာ ဇွန် ၁၁ ရက်နှင့်၁၂ ရက်တွင် ဂါဖြောင်း၌နှစ်ရက်ကြာ ပါတီကျင်းပခဲ့သည်။

“Season 2 နဲ့ 3 ကို တစ်ချိန်တည်းရိုက်ကူးခဲ့တယ်ဆိုတာ မှန်ပါတယ်။အတိအကျပြောရမယ်ဆိုရင် ဇာတ်လမ်းအရှည်ကြီးတစ်ခုကို ရိုက်ကူးခဲ့တာဖြစ်ပြီး Season2 နဲ့ 3 ဆိုပြီး နှစ်ခုခွဲပြီး ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်”ဟု  နီးစပ်ရာသတင်းအရင်းအမြစ်တစ်ဦးက ပြောကြားခဲ့သည်။

ထွက်ပေါ်လာသော သတင်းများအရ Season 2 တွင် အပိုင်းခြောက်ပိုင်းပါဝင်ပြီး Season 3 တွင် အပိုင်းခြောက်ပိုင်းမှ ခုနစ်ပိုင်းအထိ ပါဝင်လိမ့်မည်ဟုဆိုသည်။

Season နှစ်ပိုင်းလုံး ရိုက်ကူးပြီးစီးပြီးဖြစ်ကာ ဇာတ်လမ်းတွဲနှစ်ခုလုံးကို Netflix ၏အခြားနာမည်ကြီး ဇာတ်လမ်းတွဲ The Glory ကဲ့သို့ အချိန်ကာလမခြားဘဲ တစ်ဆက်တည်းထုတ်လွှင့်သွားမည်ဟု ဆိုသည်။

ထွက်ပေါ်လာသောသတင်းများကို တုံ့ပြန်သည့်အနေဖြင့် Netflix က “ကျွန်တော်တို့အနေနဲ့ Squid Game Season 2 ထွက်ရှိ နိုင်ဖို့ ပြင်ဆင်နေတဲ့ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပါပြီ။ Season 3 နဲ့ပတ်သက်ပြီးအ ခုချိန်မှာတော့ အသေးစိတ်အတိအကျကို မပြောနိုင်သေးပါဘူး”ဟု မှတ်ချက်ပြုဖြေကြားခဲ့သည်။

Squid Game သည် ဝမ် ၄၅ ဒသမ ၆ ဘီလျံ(ဒေါ်လာ ၃၃ သန်း)ဆုကြေးနှင့်အတူ လျှို့ဝှက်ဆန်းကြယ်ရှင်သန်ရေး ဂိမ်းကစားပွဲကို အခြေခံ၍ ရိုက်ကူးထားခြင်းဖြစ်သည်။

Season 2 တွင် Season 1 ၌ ကစားပွဲ အနိုင်ရရှိခဲ့ပြီးနောက် ၎င်း၏ကိုယ်ပိုင်ရည်မှန်းချက်ကို ဆက်လက်လုပ်ဆောင်ရန် အမေရိကန်သို့ ထွက်ခွာမည့်အစီအစဉ်ကို လက်လွှတ်ခဲ့သော ဇာတ်ကောင်ဆန်းကီဟွန်း(လီဂျွန်ဂျေး)ဆက်လက်ပါဝင်သွားမည်ဖြစ်သည်။

Squid Game 2 တွင် သရုပ်ဆောင်လီ ဂျွန်ဂျေး၊ လီဗြောင်ဟွန်းနှင့် ဝီဟဂျွန်တို့ကပြန် လည်ပါဝင်သွားမည်ဖြစ်ကာ သရုပ်ဆောင်အသစ်များအဖြစ် အင်ဆီဝမ်၊ ကန်ဟာနူး၊ပက်ဂယူယောင်း၊ ဂျိုယူရီ၊ ဝမ်ဂျီအန်၊ ပက်ဆန်ဟွန်း၊ ယန်ဒုန်ဂွမ်၊ တီအိုပီ၊ လီဂျင်ဝု၊ဒေးဗစ်လီ၊နိုဂျေဝန်၊ ကန်အေဆင်းနှင့် အိုဒယ်ဆူးတို့ကပါဝင် သရုပ်ဆောင်ထားသည်။

လီဂျွန်ဂျေးက အင်တာဗျူးတစ်ခု၌ Season 2 သည် ရိုက်ကူးရေးနောက်ဆုံးအဆင့် တွင်ရောက်ရှိနေပြီး ဆောင်းရာသီတွင်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း မေ ၁၇ ရက်ကဖြေကြားခဲ့သည်။

Most Read

Most Recent