လားရှိုးမြို့ပေါ်သို့ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၀ ဦး ထက်မနည်းရှိလာ

လားရှိုးမြို့ပေါ်သို့ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၀ ဦး ထက်မနည်းရှိလာ
Published 5 July 2024

လားရှိုးမြို့ပေါ်သို့ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိလာကြောင်း လားရှိုးမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

“ဟိုတစ်နေ့က ပန်အုပ်ကျောင်းထဲ ရှော့တိုက်ဒုံးကျတာ ကားတွေလည်း မီးလောင်တယ်။အဲ့ဒီကျောင်းမှာ စစ်လာရှောင်ကြတဲ့ ကလေးငယ်လေးအပါအဝင် သုံးဦးထိမှန် သေဆုံးတယ်။ မနေ့က ရပ်ကွက် ၉ ၊ဗြုံးတောင်ဘက် ကျတဲ့ရှော့တိုက်ဒုံးကြောင့် သုံးဦးသေဆုံးတယ်လို့သိရတယ်။ မူလတန်းကျောင်းတစ်ကျောင်းပေါ်လည်းကျလို့ ကျောင်းဆောင်အဆောက်အဦတွေ ပျက်စီးကုန်တယ် ” ဟု ဒေသခံတစ်ဦးကဆိုသည်။

ဇူလိုင် ၂ ရက်ကလည်း လားရှိုးမြို့ ရပ်ကွက်(၁) သာယာလမ်းရှိ နေအိမ်တစ်လုံးပေါ်သို့ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုတွင် မိသားစုဝင်လေးဦးနှင့် ၎င်းနေအိမ်တွင် အခြားဒေသမှ လာရောက်နေထိုင်ကျောင်းတက်နေသည့် ကျောင်းသားနှစ်ဦး စုစုပေါင်းခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

လားရှိုးမြို့အနီး တိုက်ပွဲများ ဖြစ်ပွားလာမှုကြောင့် ဒေသခံများမှာ လွန်ခဲ့သည့် သုံးရက်ခန့်ကမှ စတင်ပြီး အခြားဒေသများသို့ ပြောင်းရွှေ့လျက်ရှိသည်။ “ ကျွန်မတို့လည်း ဒီမှာ မနေရဲတော့ဘူး။ အဓိကကြောက်တာက ရှော့တိုက်ဒုံး တွေ ကြောက်တာ။ သူက ပစ်ချင်သလိုပစ်ပြီး ကျချင်သလိုကျနေတော့ ကျွန်မတို့ မလုံခြုံတော့ဘူးလို့ စိတ်မှာခံစားနေရတယ်။ဒါကြောင့် ဆွေးမျိုးတွေရှိတဲ့ မြန်မာပြည်အလယ်ပိုင်းဒေသကိုပြန်တော့မယ်။” ဟု ရပ်ကွက်တွင်းကုန်စိမ်းဈေးရောင်းသူတစ်ဦးဖြစ်သည့် ဒေါ်အေးက ပြောကြားသည်။

ယင်းသို့ ပြောင်းရွှေ့ရာတွင် မော်တော်ယာဉ်များတွင် အလံဖြူထောင်က ပြောင်းရွှေ့နေရခြင်းဖြစ်သည်ဟု လားရှိုးဒေသခံများက ပြောကြားသည်။

'' ကားတွေမှာ အလံဖြူတွေထောင်ပြီး သွားကြတယ်။မိသားစုလိုက်ပဲ။တချို့လည်း သက်ကြီးရွယ်အို တွေကို နီးစပ်ရာ ဆွေမျိုးတွေဆီ ပို့ကြတာပေါ့” ဟု လားရှိုးမြို့ဒေသခံတစ်ဦးကပြောကြားသည်။

လားရှိုးမြို့မှ ဒေသခံအများအပြား အခြားမြို့များသို့ ထွက်ခွာနေမှုကြောင့် လားရှိုး-မန္တလေး ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ စဥ့်အင်ဖောင်ဆိပ်တွင် ဖောင်ဖြင့် ကမ်းကူးရန်စောင့်ဆိုင်း နေကြရသည့် ကားတန်းမှာ ယာဉ်စီးရေ ထောင်ချီထိ ရှိနေသည်။

“ မနေ့နေ့လယ် ၁၁ နာရီကတည်းက အိမ်ကကား လားရှိုးကနေ ထွက်သွားတာ။ ဒီနေ့ထိ စဥ့်အင်ဖောင်ဆိပ်မှာပဲရှိနေသေးတယ်။ ဒီနေ့ ညနေပိုင်းလောက်မှ ကူးနိုင်မယ်လို့သိရတယ်။ ဒီနေ့ ထွက်တဲ့ ကားတွေတော့ ဘယ်နေ့လောက်မှ ဖောင်ကူးရမယ်မသိဘူး။ဒီနေ့က လားရှိုးကနေ ထွက်တဲ့ကားတော်တော်များတယ် ” ဟု လားရှိုးဒေသခံ ကိုမျိုးကပြောကြားသည်။

လားရှိုးမြို့အနီးတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာလျက်ရှိနေသကဲ့သို့ လားရှိုးမြို့တွင်းတွင်လည်း ဈေးဆိုင်ဖွင့်လှစ်မှု နည်းပါးသွားကြောင်း သိရသည်။ ဇူလိုင် ၅ ရက်တွင်လည်း လားရှိုးမြို့ပတ်ဝန်းကျင်တွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုများ မကြာခဏကြားနေရကြောင်း သိရသည်။ 

Most Read

Most Recent