ရုရှားတွင် အစိုးရ အတိုက်အခံ နာဗာညီအား ပြန်လွှတ်ပေးရန် တောင်းဆို ဆန္ဒပြမှုများအတွင်း ဆန္ဒပြသူ ၁,၇၀၀ ကျော် ဖမ်းဆီးခံရ

ရုရှားတွင် အစိုးရ အတိုက်အခံ နာဗာညီအား ပြန်လွှတ်ပေးရန် တောင်းဆို ဆန္ဒပြမှုများအတွင်း ဆန္ဒပြသူ ၁,၇၀၀ ကျော် ဖမ်းဆီးခံရ
Published 22 April 2021
Ref: AFP

ဧပြီ ၂၁ ရက်က စိန့်ပီတာစဘတ်တွင် ဆန္ဒပြသူတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားစဉ် (Photo: AFP)

 

 

အကျဉ်းကျခံနေရသည့် ရုရှားအစိုးရ အတိုက်အခံ အလက်ဇီနာဗာညီကို ပြန်လွှတ် ပေးရန်နှင့် လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုများပေးရန် တောင်းဆိုဆန္ဒပြမှုများ ဧပြီလ ၂၁ ရက်နေ့တွင် ရုရှားနိုင်ငံရှိ မြို့အများအပြားတွင် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ဆန္ဒပြသူ ၁,၇၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။

အကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေသည့် နာဗာညီ၏ ကျန်းမာရေးအခြေအနေ ယိုယွင်းလာစဉ် ၎င်း၏မဟာမိတ်များက ဦးဆောင်စီစဉ်ကာ နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြို့တော် မော်စကို၌ ဆန္ဒပြပွဲများ မဖြစ်ပွားမီ နာရီပိုင်းအလိုတွင် နာဗာညီ၏ ပြောခွင့် ရအမျိုးသမီး ကီရာယာမုရှ်နှင့် မဟာမိတ် တစ်ဦးဖြစ်သူ လျူဘော့ဗ် ဆိုဘောလ်တို့ ထိန်း သိမ်းခံခဲ့ရပြီး ယာမစ်ရှ်သည် ဆန္ဒပြမှုများဖြစ် ပွားလာစေရန် လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် ၁၀ ရက် ချမှတ်ခံခဲ့ရသည်။

ဆန္ဒပြမှုများနှင့်ဖမ်းဆီးခံရမှု အခြေ အနေ ကို လေ့လာစောင့်ကြည့်သည့် OVD Info အဖွဲ့၏ အဆိုအရ ဧပြီလ ၂၁ ရက်နေ့ ဆန္ဒပြမှုများတွင် စိန့်ပီတာစဘတ်မြို့မှ ၈၀၄ ဦးနှင့် ယူဖာမြို့မှ ၁၁၉ ဦး အပါအဝင် လူ ၁,၇၈၂ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

မော်စကိုမြို့လယ်တွင် ဆန္ဒပြသူများက ‘နာဗာညီကို လွှတ်ပေးပါ’ ဟု သံပြိုင်ကြွေး ကြော်ခဲ့ပြီး ၎င်းဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်ခဲ့သည့် နာဗာညီ၏ ဇနီးဖြစ်သူ ယူလီယာ၏ အမည်ကိုလည်း သံပြိုင်အော်ဟစ်ခဲ့သည်။

၎င်းဆန္ဒပြပွဲများသည် ရုရှားနိုင်ငံ၏ ခေတ်သစ်သမိုင်းတွင် အကြီးမားဆုံး ဖြစ်လာမည်ဟု အတိုက်အခံများက မျှော်လင့်ထားခဲ့ပြီး နာဗာညီ ကို ၎င်း၏ဆရာဝန်များနှင့် ဆေး ကုသခွင့်ပြုရန် အာဏာပိုင်များကို တောင်းဆိုကာ နာဗာလ်နီ၏ အသက်ကို ကယ်တင်ရန် ကြိုးပမ်းမှုအဖြစ်လည်း ၎င်းတို့က ပုံဖော်ပြောဆိုခဲ့သည်။

သို့သော် ခံဝန်ကတိ စည်းမျဉ်းများကို ချိုးဖောက်မှုဖြင့် နာဗာညီ ထောင်ဒဏ် ၂ နှစ်ခွဲ မချမှတ်ခံရမီ ယခုနှစ် အစောပိုင်းက ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲများလောက် ဆန္ဒပြသူအင်အား များပြားခဲ့ဖွယ်မရှိပေ။

ဧပြီ ၂၁ ရက်၌ မော်စကိုတွင် ခွင့်ပြုချက် မရဘဲ ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုများတွင် လူ ၆,၀၀၀ ခန့်ပါဝင်ခဲ့ဟု ရဲတပ်ဖွဲ့က ပြောဆို ထားပြီး နာဗာညီ၏ Youtube ချန်နယ်၌မူ မော်စကို ဆန္ဒပြပွဲတွင် ပါဝင်သည့် လူအင်အားမှာ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်ထက် ဆယ်ဆ ပိုများကြောင်း ထုတ်လွှင့်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က အာရုံကြော ထိခိုက်စေသည့် အဆိပ်ဖြင့် တိုက်ခိုက်ခံရမှုမှ အသက် မသေဘဲ လွတ်မြောက်ခဲ့သည့် အသက် ၄၄ နှစ်အရွယ် အထင်ကရ အတိုက်အခံ နာဗာညီသည် အကျဉ်းထောင်ထဲတွင်အဆာငတ်ခံ ဆန္ဒပြခဲ့သည်မှာ သုံးပတ်ကြာရှိလာခဲ့သဖြင့်  ပီန်လှီပြီး အားအင်ချည့်နဲ့နေကာ ကျောက် ကပ်ထိခိုက်မှုနှင့် ရုတ်တရက် နှလုံးခုန်ရပ်သည့် ရောဂါဝေဒနာများ ခံစားလာရမည်ကို ၎င်း၏မိတ်ဆွေများက စိုးရိမ်လျက်ရှိသည်။

ဧပြီ ၂၀ ရက်တွင် ဖက်ဒရယ် အကျဉ်း ဦးစီးဌာန ပြင်ပမှ ဆရာဝန်လေးဦးသည် နာဗာညီ၏ အခြေအနေကို ကြည့်ရှုစစ်ဆေးပေး ခဲ့ပြီး ပြင်းထန်သည့် ရောဂါဝေဒနာခံစားရမှု များ မတွေ့ရှိရဟု လူ့အခွင့်အရေးကော်မရှင် နာတာတီယာနာမိုစကာလ်ကိုဗာက ဆိုသည်။

အမေရိကန်အစိုးရကမူ နာဗာညီ သေဆုံးသွားပါက ရုရှားအစိုးရအနေဖြင့် နောက်ဆက်တွဲ အကျိုးဆက်နှင့် ရင်ဆိုင်ရလိမ့်မည် သတိပေးခဲ့သည်။