အရပ်ဘက်နှင့် စစ်ဘက်ဆက်ဆံရေး (Civil-Military Relations)

အရပ်ဘက်နှင့် စစ်ဘက်ဆက်ဆံရေး (Civil-Military Relations)
ဓာတ်ပုံ - သီဟအောင်
ဓာတ်ပုံ - သီဟအောင်
Published 20 April 2021
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

၂၀၁၅ ခုနှစ် အရေးပေါ် အခြေအနေ အချိန်ကာလတွင် စာရေးသူ ပါဝင်ဆောင်ရွက်ခဲ့ရသည့် အတွေ့အကြုံကို မျှဝေလိုပါသည်။ စာရေးသူမှာ မိမိတို့ တိုင်းပြည်နိုင်ငံရှိ စီးပွားရေး တက္ကသိုလ်များတွင် ကျောင်းသားဘဝမှ ပါမောက္ခ (ဌာနမှူး) ဖြစ်သည်အထိ စာရင်းအင်းပညာ ဘာသာရပ်ကိုသာ အထူးပြုလေ့လာခဲ့ပြီးလျှင် စာရင်းအင်းပညာ ဘာသာရပ်၏ နယ်ပယ်အကျယ်အဝန်း အရသာ သိမြင်နားလည်ခွင့် ရရှိခဲ့ပါသည်။ စာရေးသူ ပင်စင်ယူပြီးချိန် ၂၀၁၅ ခုနှစ်၊ မိမိတို့ တိုင်းပြည်နိုင်ငံ ရေဘေးဖြစ်ပွားသည့်အချိန်၊ စာရေးသူမှာ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းစဉ်များကို ဦးစားပေးဆောင်ရွက်ရသည့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတစ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ချိန် ဖြစ်သည့်အတွက် အဆိုပါအဖွဲ့၏ တာဝန်ပေးချက်အရ နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် တစ်လခွဲခန့် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့ပါသည်။

ထိုစဉ်အချိန်အခါက နိုင်ငံတကာ အဖွဲ့အစည်းပေါင်းစုံ ပါဝင်သည့်အဖွဲ့ကို စုဖွဲ့ထားရှိခဲ့ပြီး ဝန်ကြီးဌာန၏ မြေညီထပ်အစွန်ရှိ အခန်းငယ် တစ်ခန်းတွင် စာရေးသူတို့အတွက် စီစဉ်ထားရှိခဲ့ပါသည်။ နိုင်ငံတကာ အဖွဲ့အစည်းများရှိ တာဝန်ရှိသူများ၊ အချို့ကလည်း နေ့စဉ် (အချိန်ပိုင်း၊ အချိန်ပြည့်)၊ အချို့ကလည်း တစ်ပတ်၊ အချို့မှာ နှစ်ပတ် စသည်ဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်း၊ အေဂျင်စီ၏ ခန့်အပ်လုပ်ပိုင်ခွင့်အာဏာ (Mandate) အရ လာရောက် ပူးပေါင်းဆောင်ရွက် ခဲ့ကြပါသည်။ ပြည်တွင်းအစိုးရ၊ ဌာနဆိုင်ရာများကမူ ပထမထပ်တွင် နေ့ရော၊ ညပါ ၂၄ နာရီပတ်လုံး တာဝန်ယူ ဆောင်ရွက်လျက် ရှိကြပါသည်။

အထက်ဖော်ပြပါ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် နိုင်ငံတကာ အဖွဲ့အစည်းများအနက် စာရေးသူ၊ အမေရိကန် ပြည်ထောင်စု အဖွဲ့အစည်းများ၏ တာဝန်ခံနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ကိုယ်စားပြုတာဝန်ရှိသူများမှာ အချိန်အကြာမြင့်ဆုံး ဖြစ်ခဲ့ကြပြီး စာရေးသူမှာ တစ်လခွဲခန့်နှင့် ကျန်နှစ်ဦးမှာ နှစ်လခန့်ကြာမြင့်ကာ နေ့စဉ် နံနက် ၇ နာရီခန့်မှ ည ၈ နာရီခန့်အထိ၊ အချို့နေ့များတွင် ည ၁၁ နာရီခန့်အထိ ရုံးတက်၍ ဆောင်ရွက် ခဲ့ကြရပါသည်။

ရုံးတက်ဆောင်ရွက်နေစဉ်အတွင်း အရေးပေါ် အခြေအနေကာလ (Emergency Period) တွင်အသုံးပြုရသည့် အမေရိကန် ပြည်ထောင်စု၏ ဒီဇိုင်း၊ မိုဒယ်၊ ပုံစံဖြစ်သည့် “အရေးပေါ်အခြေအနေ လုပ်ဆောင်မှု ဗဟိုဌာန” (Emergency Operation Center (EOC)) အမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ရှေ့ပြေးဒီဇိုင်း (Pilot Design) ကို အမေရိကန် ပြည်ထောင်စုရှိ ‘‘တိုင်းပြည်ဖြစ်ရပ် စီမံခန့်ခွဲ မှုစနစ်’’ (Ntional Incident Management System (NIMS)) ရှိ ဒီဇိုင်း၊ ပုံစံ၊ မိုဒယ်ကို အခြေခံကာ မိမိတို့ တိုင်းပြည်နိုင်ငံ အခြေအနေ အရပ်ရပ်ဖြင့် ကိုက်ညီစေရန် မိမိတို့တိုင်းပြည် နိုင်ငံအတွက် ကိုယ်ပိုင်ဒီဇိုင်း၊ ပုံစံ၊ မိုဒယ်ကို ရရှိနိုင်စေရန် တစ်ဆင့်ချင်း ကြိုးပမ်းအားထုတ် ခဲ့ကြပါသည်။ ထိုကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်နေစဉ် အချိန်တွင် အတွေ့အကြုံများအရ အရပ်ဘက်နှင့် စစ်ဘက်ဆက်ဆံရေး၏ အရေးကြီးပုံကို တွေ့မြင်ခဲ့ရပြီး စာရေးသူ၏ အတွေ့အကြုံ၊ သိမြင်ခဲ့ရမှုကို စာဖတ်သူများအား ဝေမျှလိုပါသဖြင့် ယခု ဆောင်းပါးကို ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။

စာရေးသူသည် နိုင်ငံတကာရှိ စစ်မက်ရေးရာများကို ကျွမ်းကျင်သူ မဟုတ်သည့်အပြင် မြန်မာ့တပ်မတော် စစ်မှုထမ်းတစ်ဦးလည်း မဟုတ်ပါ။ ယခု စာရေးသူ၏တင်ပြ ချက်သည် သာမန်နိုင်ငံသားတစ်ဦးအနေဖြင့် အရပ်ဘက်နှင့် စစ်ဘက်ဆက်ဆံရေးကို အနည်းငယ် လေ့လာမိချိန်တွင် မိမိတို့ တိုင်းပြည် နိုင်ငံ၏ အခြေအနေသည် နိုင်ငံတကာ အသိုင်းအဝိုင်းက သိမြင်နားလည်ထားသည့် အရပ်ဘက်နှင့် စစ်ဘက်ဆက်ဆံရေး သဘောထား အခြေအနေဖြင့် နှိုင်းယှဉ်လေ့လာရာတွင် ကွာခြားချက်ကို စာရေးသူ သိမြင်နားလည်သည့်အတိုင်း စာဖတ်သူတို့အား သိမြင်နားလည်စေလိုသည့်အတွက် တင်ပြခြင်းသာ ဖြစ်ပါသည်။

ထိုစဉ်အချိန် စာရေးသူ လေ့လာသိရှိခဲ့ရသည်မှာ အမေရိကန်ပြည်ထောင်စုက လက်ခံကျင့်သုံး အကောင်အထည် ဖော်လျက်ရှိသည့် သီအိုရီများ၊ သဘောတရားများ၊ နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များသည် နိုင်ငံတကာ အသိုင်းအဝိုင်းက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအပေါ်တွင် တစ်နည်း မဟုတ် တစ်နည်း ဆက်စပ်ပတ်သက်လျက် ရှိနေပါသည်။ စာဖတ်သူများအနေဖြင့် သတိပြုစေလိုသည့် အချက်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အမေရိကန် ပြည်ထောင်စုက လက်ခံကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းစဉ်အားလုံးနီးပါး သို့မဟုတ် အများစုသည် မည်သည့်အခါမျှ (Zero – Sum Game) အပေါ်တွင် အခြေခံထားရှိခြင်း မပြုဘဲ အမြဲတမ်း (Win – Win Game) အပေါ်တွင်သာ အခြေခံထားရှိခြင်းပင် ဖြစ်ပါသည်။

ပထမဦးစွာ စာရေးသူ လေ့လာသိရှိခဲ့ရသည့် အမေရိကန်ပြည်ထောင်စု၏ ‘‘တိုင်းပြည်ဖြစ်ရပ် စီမံခန့်ခွဲမှုစနစ်’’ (National Incident Management System (NIMS) ၏ အခြေခံသဘောတရားကို စတင်ဆွေးနွေး တင်ပြပါမည်။ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်သမ္မတက (The Secretary of Homeland Security) အား NIMS ကို စတင်ကျင့်သုံးရန် ညွှန်ကြားခဲ့ပါသည်။ စာရေးသူတို့ အသေးစိတ် လေ့လာခဲ့ရသည့် ‘‘ဖြစ်ရပ်ကွပ်ကဲ အုပ်ချုပ်သည့်စနစ်’’ (Incident Command System (ICS)) သည် ‘‘တိုင်းပြည်ဖြစ်ရပ် စီမံခန့်ခွဲမှုစနစ် မူဘောင်’’ (NIMS Framework) ၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါသည်။ (ICS) အရ ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် လုပ်ဆောင်ချက်များအောက်တွင် ‘‘အရေးပေါ် လုပ်ဆောင်မှုဗဟိုဌာန’’ (Emergency Operation Center (EOC)) ထူထောင်ခြင်းလည်း ပါဝင်ပါသည်။ (EOC) သည် အဆောက်အအုံနေရာ ဖြစ်ပြီးလျှင် ဖြစ်ရပ်စီမံခန့်ခွဲသည့် လုပ်ငန်းများအား အထောက်အပံ့၊ အထောက်အကူ ပေးနိုင်စေရန် အရင်းအမြစ်များနှင့် သတင်းအချက်အလက်များကို ညှိနှိုင်းပူးပေါင်း ဆောင်ရွက် (Coordination) ပေးရသည့် ဗဟိုဌာန ဖြစ်ပါသည်။

‘‘အရေးပေါ် လုပ်ဆောင်မှု ဗဟိုဌာန’’ (EOC) ကို ဖွဲ့စည်းရာတွင် ကျွမ်းကျင်သည့် ပညာရပ်၊ ဘာသာရပ် နယ်ပယ်အလိုက် (Discipline) ကို အခြေခံကာ အခြေအနေ၊ အချိန်အခါ လိုအပ်ချက်အရ စုဖွဲ့ရပြီး (Discipline) အရ သက်ဆိုင်ရာ ကျွမ်းကျင်သည့် ပညာရပ်၊ ဘာသာရပ် နယ်ပယ်အလိုက် တည်ရှိနေသည့် ဝန်ထမ်းများဖြင့် တာဝန်အသီးသီးကို ထမ်းဆောင်စေရပါသည်။ (EOC) လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သည့် အထောက်အပံ့၊ ပစ္စည်းပစ္စယ အဆောက်အအုံ (Faciliites) စသည်တို့သည် တိုင်းပြည်နိုင်ငံ၏ အရေးပေါ် အခြေအနေ ဖြစ်ပေါ်စေနိုင်မှု အလားအလာ အပေါ်တွင် မူတည်ကာ ယာယီ သို့မဟုတ် အမြဲတမ်း ပြင်ဆင်ထည့်သွင်း ထားရှိကြပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်း၏ အမြင်အရ မိမိတို့ တိုင်းပြည်နိုင်ငံ၏ တည်ရှိမှု အခြေအနေသည် သဘာဝဘေးအန္တရာယ်နှင့် လူတို့၏ ပြုမူဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်သည့် ဘေးအန္တရာယ် ဖြစ်ပေါ်နိုင်ခြေ များပြားနိုင်သည့် တိုင်းပြည်နိုင်ငံအဖြစ် ယူဆကာ ယခု ရှေ့ပြေးဒီဇိုင်း (Pilot Design) တွင် လိုအပ်ချက်များအနက် ဂျပန်နိုင်ငံက အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် ကျန်လိုအပ်သည့်အ ထောက်အပံ့၊ ပစ္စည်းပစ္စယများ၊ သင်တန်းများကို အဖွဲ့အစည်းပေါင်းစုံက ကူညီပံ့ပိုးခဲ့ပါသည်။ စာရေးသူ သိမြင်နားလည်ချက်များ အရ ယခု (EOC) သည် ရှေ့ပြေးအဆင့်သာ ဖြစ်ပြီး တိုင်းပြည်နိုင်ငံအတွက် ပြီးပြည့်စုံသည့် ဒီဇိုင်း၊ ပုံစံရေးဆွဲတည်ဆောက်နိုင်ရန် ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ဤတွင် မိမိတို့ တိုင်းပြည်နိုင်ငံ၏ သမိုင်းကြောင်း အခြေအနေ၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာ အခြေအနေများအရ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ဒီဇိုင်း၊ ပုံစံသည် နိုင်ငံတကာတွင် အသုံးပြုလျက် ရှိသည့် သီအိုရီ၊ သဘောတရားများကို တိုက်ရိုက်အသုံးပြုရန် မဖြစ်နိုင်တော့ဘဲ မိမိတို့ တိုင်းပြည်၊ နိုင်ငံအတွက် သီးခြား (Model) ဒီဇိုင်း၊ ပုံစံ ရေးဆွဲတည်ဆောက်ရန် လိုအပ်လျက်ရှိနေခြင်းပင် ဖြစ်ပါသည်။

အထက်တွင် စာရေးသူတင်ပြခဲ့သည့် အကြောင်းအရာများသည် အရပ်ဘက်နှင့် စစ်ဘက်အနေဖြင့် ဖြစ်ရပ်များတွင် စီမံခန့်ခွဲမှုအနေဖြင့်သော် လည်းကောင်း၊ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင်သော် လည်းကောင်း အတူတကွ ပူးပေါင်းဆောင်ရွက်ရသည့် နယ်ပယ်များ ဖြစ်သည့်အလျောက် စာရေးသူအနေဖြင့် အရပ်ဘက်နှင့် စစ်ဘက် ဆက်ဆံရေးနှင့် ပတ်သက်သည့် Doctrine, Concept, Principles, Terminology and Organization Processes များကို စိတ်ဝင်စားကာ လေ့လာမိခြင်း ဖြစ်ပါသည်။

ယခုအချိန်မှစတင်ပြီး မိမိတို့ တိုင်းပြည် နိုင်ငံ၏ အခြေအနေကို အခြေခံကာ စာရေးသူ သိမြင်နားလည်သည့် အရပ်ဘက်နှင့် စစ်ဘက် ဆက်ဆံရေး သဘောတရားအချို့ကို တင်ပြမည်ဖြစ်ပါသည်။ အရပ်ဘက်နှင့် စစ်ဘက်ဆက်ဆံရေးသည် အခြေခံအားဖြင့် တပ်မတော်၊ နိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံသားများအကြား ဆက်စပ်ပတ်သက်နေသည့် အခြေအနေ ဖြစ်ပါသည်။ အရပ်ဘက်နှင့် စစ်ဘက်ဆက်ဆံရေး အခြေအနေကို လေ့လာတင်ပြကြရာတွင် အများအားဖြင့် စစ်တမ်းများပြုလုပ်ကာ တင်ပြလေ့ရှိကြသော်လည်း ယခုဆောင်းပါးသည် စစ်တမ်းများအပေါ်တွင် အခြေခံတင်ပြခြင်း မပြုလုပ်နိုင်ဘဲ စာရေးသူ၏ အမြင်သက်သက်ကို အကျဉ်းမျှသာ တင်ပြနိုင်ပါသည်။ တာဝန်ရှိသူများ အနေဖြင့် စစ်တမ်းများ ပြုလုပ်တင်ပြကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

စာရေးသူတို့ တိုင်းပြည်နိုင်ငံ၏ သမိုင်းကြောင်း အခြေအနေမှာ ထူးခြားလှပါသည်။ အဆိုပါ ထူးခြားချက်မှာ မိမိတို့ တိုင်းပြည် နိုင်ငံ၏ သမိုင်းကြောင်း အခြေအနေအရ လွတ်လပ်ရေး ရရှိနိုင်စေရန် ကြိုးပမ်းအားထုတ် ခဲ့ကြရာတွင် နိုင်ငံရေး Institution ကို ခိုင်မာစေရန် ဖွဲ့စည်းတည်ဆောက်ပြီးစီးမှ တပ်မတော် Institution ကို ထူထောင်ခဲ့ခြင်း မဟုတ်ဘဲ တပ်မတော် Institution ကို ဦးစွာ တည်ဆောက်ပြီးမှ အကွဲအပြဲနိုင်ငံရေး Institutions များဖြင့် လွတ်လပ်ရေးကို ရရှိခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံရေး သီအိုရီ သဘောတရားများအရ နိုင်ငံရေး Institutions များသည် တိုင်းပြည်နိုင်ငံတော် တည်ဆောက်ရာတွင် ဘက်ပေါင်းစုံ ခိုင်မာအားကောင်း သန်မာရမည် ဖြစ်သော်လည်း ယနေ့တည်ရှိနေသည့် တပ်မတော် Institution အဆင့်မျှကိုပင် ခိုင်မာအားကောင်း လာစေရန် မတည်ဆောက် နိုင်ကြသေးသည်မှာ ယနေ့ထက်တိုင် ဖြစ်ပါသည်။ အကျိုးဆက်အဖြစ် မိမိတို့ တိုင်းပြည် နိုင်ငံ၏ ခေတ်မီလူ့အဖွဲ့အစည်း၊ လူမှုဖွံ့ဖြိုးတိုးတက်မှု (Civilizations) အခြေအနေမှာ ကန့်သတ်ထားရှိသကဲ့သို ဖြစ်နေစေခဲ့ပါသည်။

အထက်ဖော်ပြပါ အခြေအနေကို လေ့လာသိမြင်နားလည်သည့် နိုင်ငံခြားသား အရာရှိများနှင့် ပညာရှင်အချို့၏ အကြံပြုချက်ကို မျှဝေလိုပါသည်။ စာရေးသူ ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်စဉ် စာရေးသူ၏ ဌာနရှိ ဝန်ထမ်းအကြီးအကဲအသစ်နှင့် သံအမတ်ကြီး အချို့တို့၏ ဝေဖန်သုံးသပ်ချက်များအရ မိမိတို့ တိုင်းပြည်နိုင်ငံကို တာဝန်ထမ်းဆောင်ကြရမည့် နိုင်ငံခြားသားများ အနေဖြင့် တာဝန်မထမ်းဆောင်မီ မိမိတို့ တိုင်းပြည် နိုင်ငံ၏ ပကတိ အခြေအနေမှန်များကို လေ့လာသိရှိလိုပါလျှင် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်ကို ဦးစွာ လေ့လာသင့်ကြောင်း အကြံပြုချက်ကို ကြားသိခဲ့ရပါသည်။ မိမိနှင့်အတူ လေ့လာပြီးချိန်တွင် တပ်မတော် (ကြည်း) ကို တစ်ရက်၊ တပ်မတော် (လေ) နှင့် တပ်မတော် (ရေ) ကို တစ်ရက် သီးခြားစီ လေ့လာသင့်ကြောင်း ကိုလည်း ဆွေးနွေးဖြစ်ကြပါသည်။

စာရေးသူတို့ တိုင်းပြည်နိုင်ငံ၏ အခြား ထူးခြားချက်တစ်ရပ်မှာ နိုင်ငံ၏တည်နေရာနှင့် ပထဝီဝင်ဆိုင်ရာ အချက်အလက်များ ဖြစ်ပါသည်။ မိမိတို့ တိုင်းပြည်နိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများတွင် လာအိုနိုင်ငံမှလွဲ၍ ကျန်လေးနိုင်ငံဖြစ်သည့် အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံတို့မှာ မိမိတို့ တိုင်းပြည်နိုင်ငံထက် လူဦးရေ များပြားထူထပ်သည့် နိုင်ငံများ (အထူးသဖြင့် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှာ ကမ္ဘာပေါ်တွင် လူဦးရေနှင့် နိုင်ငံ၏အရွယ် ပမာဏကြီးမားသော နိုင်ငံများဖြစ်ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုင်ငံ၏ အရွယ်ပမာဏ သေးငယ်ပြီး လူဦးရေ အထူထပ်ဆုံးနိုင်ငံ ဖြစ်ပါသည်။) ထို့ပြင် ကွဲပြားခြားနားသည့် နိုင်ငံရေးစနစ်များကို ကျင့်သုံးလျက်ရှိကြပြီး နယ်စပ်ဒေသများတွင် အချို့သော လူမျိုးစုတူသည့် တိုင်းရင်းသားများမှာ အိမ်နီးချင်း နိုင်ငံများတွင်လည်း နေထိုင်လျက် ရှိကြပါသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း လွတ်လပ်ရေး ရရှိပြီးချိန်ကတည်းက တည်ရှိဖြစ်ပေါ်နေခဲ့သည်မှာ ယနေ့ထက်တိုင် ဖြစ်ပါသည်။

အရပ်ဘက်နှင့် စစ်ဘက်ဆက်ဆံရေးတို့နှင့် ပတ်သက်သည့် သီအိုရီများ၊ သဘောတရားများသည် ကျယ်ပြန့်လွန်းသည့်အတွက် မိမိတို့ တိုင်းပြည်နိုင်ငံ၏ အခြေအနေနှင့် တိုက်ရိုက်ပတ်သက်စေနိုင်မည့် အကြောင်းအရာများကို ရွေးချယ်ပြီး ထုတ်နုတ်တင်ပြနိုင်စေရန် အလို့ငှာ ၂၀၂၁ ခုနှစ် မတ် ၂၇ ရက်တွင် ပြုလုပ်ခဲ့သည့် (၇၆) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များကို အခြေခံမည် ဖြစ်ပါသည်။ ဦးတည်ချက်များအရ ထုတ်နုတ်လေ့လာရာတွင် အခြေခံရမည့် အချက်များမှာ (၁) ပါတီစုံဒီမိုကရေစီ လမ်းကြောင်း၊ (၂) ခေတ်မီတပ်မတော် တည်ဆောက်ရေး၊ (၃) သဘာဝဘေး အန္တရာယ်နှင့် အခြားဘေးအန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရေး၊ (၄) လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေး နှင့် (၅) ထာဝရငြိမ်းချမ်းရေး တည်ဆောက်ခြင်းတို့ ပါဝင်ပါသည်။ ထုတ်နုတ်လေ့လာ တွေ့ရှိချက်များကို အခြေခံကာ နိုင်ငံတကာရှိ အရပ်ဘက်နှင့် စစ်ဘက်ဆက်ဆံရေး အကြောင်းအရာများတွင် တင်ပြဆွေးနွေးလေ့ရှိသည့် အကြောင်းအရာများဖြင့် တိုက်ဆိုင်လေ့လာ တင်ပြပါမည်။

နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် အရပ်ဘက်နှင့် စစ်ဘက်ဆက်ဆံရေးကို လေ့လာရာတွင် နိုင်ငံရေး သိပ္ပံရှုထောင့်အရ ချဉ်းကပ်လေ့လာခြင်း (Political Science Approach) နှင့် လူမှုရေးရှုထောင့်အရ ချဉ်းကပ်လေ့လာခြင်း (Sociological Approach) စသည်ဖြင့် ရှုထောင့်နှစ်မျိုးကို အသုံးပြုကာ ချဉ်းကပ်လေ့လာလေ့ ရှိကြပါသည်။ နိုင်ငံရေးသိပ္ပံ ရှုထောင့်အရ ချဉ်းကပ်လေ့လာခြင်းကို မိမိတို့ တိုင်းပြည် အခြေအနေဖြင့် နှိုင်းယှဉ်ကာ လေ့လာတင်ပြပါမည်။

နိုင်ငံရေးသိပ္ပံရှုထောင့်အရ ချဉ်းကပ် လေ့လာခြင်းသည် နိုင်ငံရေးစနစ် အမျိုးမျိုးအပေါ်တွင် အခြေခံရသည့်အတွက် ကျယ်ပြန့်များပြားသဖြင့် ယခုဆောင်းပါးဖြင့် ပြည့် စုံအောင်ရှင်းလင်းတင်ပြနိုင်မည် မဟုတ်ပါ။ နိုင်ငံရေးစနစ် တစ်မျိုးအပေါ်တွင် အခြေခံပြီး တင်ပြလျှင်ပင် နိုင်ငံရေးစနစ် သဘောသဘာဝအရ သက်ဆိုင်ရာ တိုင်းပြည် နိုင်ငံ၏သမိုင်း အတွေ့အကြုံများ နိုင်ငံရေး ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ဒီမိုကရေစီ သဘောတရားများနှင့် သမ္မတနိုင်ငံတော် သုံးမျိုးကို ပေါင်းစည်းကျင့်သုံးသည့် ဒီဂရီအပေါ်မူတည်ကာ ကွဲပြားခြားနားစွာ တည်ရှိနေမည်ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံတည်းပင်လျှင် အချိန်အခါ၊ အခြေအနေအရ ပေါင်းစည်းကျင့်သုံးခြင်း ဒီဂရီမှာ ပြောင်းလဲနေနိုင်ပါသည်။ မိမိတို့ တိုင်းပြည်နိုင်ငံသည် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းရန် ရွေးချယ်ထားပြီး ဖြစ်သည့်အတွက် ဒီမိုကရေစီ သဘောတရားကို အခြေခံသည့် အရပ်ဘက်နှင့် စစ်ဘက် ဆက်ဆံရေးကိုသာ ရှင်းလင်းတင်ပြပါမည်။

ဒီမိုကရေစီ အခြေခံသဘောတရား (Democratic Principles) များအရ အရပ်ဘက် ဖွဲ့စည်းတည်ဆောက်ပုံ စနစ် ယန္တရားများ (Civilian Institutions) တစ်နည်းအားဖြင့် နိုင်ငံရေး ဖွဲ့စည်းတည်ဆောက်ပုံစနစ် ယန္တရားများ (Political Institutions) ခိုင်မာ အားကောင်း သန်မာသန်စွမ်းနေရန်မှာ မရှိမဖြစ် လိုအပ်ချက် ဖြစ်ပါသည်။ အရပ်ဘက် Institutions များ သို့မဟုတ် နိုင်ငံရေး Institutions များ ခိုင်မာအားကောင်း သန်မာနေပါလျှင် ခေတ်သစ်အရပ်ဘက်နှင့် စစ်ဘက်ဆက်ဆံရေး သီအိုရီ သဘောတရားများနှင့်အညီ တပ်မတော် Institution သည်လည်း အခြားသော Institutions များနည်းတူ နိုင်ငံရေး စီမံကွပ်ကဲမှု (Political Control) သို့မဟုတ် အရပ်ဘက်စီမံကွပ်ကဲမှု (Civilian Control) ဖြစ်လာစေမည်ဖြစ်ပြီး တိုင်းပြည်နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေး ကိစ္စရပ်များ၊ မတည်မငြိမ်ဖြစ်မှုများကို ထိန်းသိမ်းရာတွင် တပ်မတော်သားများနှင့် အရပ်ဘက် နိုင်ငံသား အားလုံးတို့သည် ဒီမိုကရေစီ အခြေခံ သဘောတရားများ သို့မဟုတ် မူများ (Democratic Principles) များကို လေးစားလိုက်နာပြီး အတူတကွ ပူးပေါင်းအကောင်အထည်ဖော် ကြရမည်ဖြစ်ပါသည်။ အဆိုပါကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဆိုပါလျှင် တိုင်းပြည်နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ကောင်းမွန်သောညွှန်းကိန်း (Good Indicatior) ကို အသိအမှတ်ပြု ရရှိစေမည်ဖြစ်ပြီး တိုင်းပြည် နိုင်ငံတော်၏ ဂုဏ်သိက္ခာမှာလည်း နိုင်ငံတကာ အသိုင်းအဝိုင်းတွင် တစ်ရှိန်ထိုး တိုးတက်ရရှိသွားမည် ဖြစ်ပါသည်။

သို့သော်လည်း ထိုကဲ့သို့ ဖြစ်ပေါ်လာစေရန်မှာ အရပ်ဘက် Institutions များသည် ဘက်ပေါင်းစုံ ခိုင်မာအားကောင်းပြီး သန်မာစွာ ရပ်တည်နိုင်ရန် လိုအပ်မည့်အပြင် တပ်မတော် Institutions များသည်လည်း ဆောင်ရွက်သည့် လုပ်ငန်းကိစ္စမှန်သမျှ တရားဝင်ဖြစ်ခြင်း (Legistimacy) သဘောတရားကို အပြည့်အဝ နားလည် လေးစား လိုက်နာပြီး စစ်ဘက်ဆိုင်ရာ နယ်ပယ် လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်မှု (Professionalism) ဖြစ်နေရန်လည်း လိုအပ်ပါသည်။ (Professionalism) ကို အကျယ်ရှင်းလင်း တင်ပြရပါမူ တိုင်း ပြည် နိုင်ငံတော်အပေါ် သစ္စာရှိမှု (Loyalty) ပင် ဖြစ်ပါသည်။ ထပ်တူမကျသော်လည်း မိမိတို့ တိုင်းပြည် နိုင်ငံအနေဖြင့် သမရိုးကျ စစ်ပွဲဆင်နွှဲနိုင်သည့် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားရှိသည့် ခေတ်မီတပ်မတော် (Standard Army) တည်ဆောက်ရန် ရည်ရွယ်ချက်ထားရှိသည်ကို တွေ့ရှိနေရပါသည်။

အရပ်ဘက် ဖွဲ့စည်းတည်ဆောက်ပုံစနစ် ယန္တရားများ (Civilian Institutions) ခိုင်မာ အားကောင်းသန်မာခြင်း မရှိခဲ့ပါလျှင် အရပ်ဘက်နှင့် စစ်ဘက်ဆက်ဆံရေး (Civil – Military Relations) တွင် ဒီမိုကရေစီ၏ အခြေခံ သဘောတရားများ သို့မဟုတ် အခြေခံမူများ (Democratic Principles) ၏ အပြည့်အဝ (၅၀ ရာခိုင်နှုန်း) ကို ချမှတ်ကျင့်သုံးနိုင်ရန်ပင် မဖြစ်နိုင်ပါ။ ဒီမိုကရေစီ အနှစ်သာရ စံချိန်စံနှုန်းများဖြင့် စီမံကွပ်ကဲအုပ်ချုပ်နိုင်ရန် (Democratic Control) မှာ တပ်မတော်နှင့် အစိုးရဆက်ဆံရေး (Military – Government Relations) နှင့် တပ်မတော်နှင့် ပြည်သူလူထု ဆက်ဆံရေး (Military – Society Relations) တို့ကို အရပ်ဘက် ကျွမ်းကျင်သည့် လူပုဂ္ဂိုလ် ပညာရှင်များ နှင့် တပ်မတော် ခေါင်းဆောင်တို့အကြား လိမ္မာပါးနပ်စွာ ညှိနှိုင်းဖန်တီးတည် ဆောက်နိုင်ရမည် ဖြစ်ပါသည်။

လူမှုရေးရှုထောင့်အရ ချဉ်းကပ်လေ့လာခြင်း (Sociological Approach) တွင် ပညာရှင်များ၏အဆိုအရ အရပ်ဘက်နှင့် စစ်ဘက်ဆက်ဆံရေးစနစ် (System of Civil Military Relations) ကို ထူထောင်သကဲ့သို့ အရပ်ဘက်နှင့် စစ်ဘက် စိတ်နေသဘောထားများ (Civil Military Mentalities) ကို အပြန်အလှန် နားလည်ပြောင်းလဲ လာစေရန်အတွက် လုံခြုံရေး မူဝါဒအစုအဖွဲ့ (A Security Policy Committee) တစ်ရပ်ကိုလည်း ထူထောင်ထားရှိရန် လိုအပ်သည်ဟု အကြံပြုကြပါသည်။ ထပ်တူမကျသော်လည်း မိမိတို့ တိုင်းပြည် နိုင်ငံအခြေအနေဖြင့် နှိုင်းယှဉ်ရပါလျှင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (The National Defense and Security Council) ဖွဲ့စည်းခြင်းကဲ့သို့ ဖြစ်ပါမည်။

ယနေ့ တပ်မတော် Institutions ၏ ရည်ရွယ်ချက်အနေဖြင့် လူသားချင်းစာနာ ထောက်ကူမှုနှင့် သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေး (Humanitarian Assistance and Disaster Relief (HADR)) လုပ်ငန်းစဉ်များ အတွက် လမ်းညွှန်ချက်အနေဖြင့် ‘‘သဘာဝဘေးအန္တရာယ် ဖြစ်ပွားသည်နှင့် အမိန့်တစ်စုံတစ်ရာ စောင့်ဆိုင်ခြင်း မပြုဘဲ အမြန်ဆုံး အကူအညီ လိုအပ်သည့်နေရာများသို့ သွားရောက် ကူညီဆောင်ရွက်ပေးကြရန်’’ ကိုလည်း တွေ့ရှိနေရသည့်အပြင် ပြည်တွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲစေရေး လုပ်ငန်းစဉ်များနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်လည်း ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နေသည်ကို တွေ့ရှိနေရပါသည်။ စာရေးသူ၏ ကိုယ်ပိုင်အမြင်အရ တင်ပြရပါလျှင် မိမိတို့ တိုင်းပြည်နိုင်ငံ၏ အဓိက စိန်ခေါ်မှုမှာ ရေရှည်တည်တံ့ခိုင်မြဲပြီး ခိုင်မာအားကောင်းသည့် အရပ်ဘက် Institutions များ သို့မဟုတ် နိုင်ငံရေး Institutions များ တည်ရှိဖြစ်ပေါ် လာစေရေးပင် ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ တိုင်းပြည် နိုင်ငံတော် တည်ဆောက်ကြရာတွင် အချုပ်အခြာအာဏာ (Sovereignty) နှစ်ရပ်ကို မျှတစွာ ပေါင်းစည်းတည်ဆောက်ကြရန် လိုအပ်ပါသည်။ ပထမတစ်ရပ်မှာ ဒီမိုကရေစီ သဘောတရားကို အခြေခံထားသည့် ပြည်သူ ပြည်သားများ (ပြည်သူလူထု) ၏ အချုပ်အခြာအာဏာ (Democracy means the sovereignty of the people) ဖြစ်ပြီး ဒုတိယ တစ်ရပ်မှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာ (State Sovereignty) ဖြစ်ပါသည်။ အထက်ဖော်ပြပါ အချုပ်အခြာအာဏာ နှစ်ရပ်ကို မျှတစွာ ပေါင်းစည်းနိုင်စေမည့် အခြေအနေတစ်ရပ်မှာ အရပ်ဘက်နှင့် စစ်ဘက်ဆက်ဆံရေး (Civil-Military Relations) နှင့် ပတ်သက်သည့် စနစ်များကို မှန်ကန်စွာ လည်ပတ်နေစေရန် တည်ဆောက် ထားရှိခြင်းပင် ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

References:

၁။ Jeff Jones (2011), “National Incident Management System (NIMS)”, “Incident Command System (ICS)”, Field Guide, Second Edition.

၂။ Vladimir O. Rukavishnikov and Michael Pugh (2006), “Civil-Military Relations”, in “Handbook of the Sociology of the Military”, Chapter 8, pp-131-149. https://link.springer.com/chapter/10.1007%2F0-387-34576-0_8

https://link.springer.com/content/pdf/bfm%3A978-0-387-34576-5%2F1.pdf

၃။ (၇၆) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်။ ကြေးမုံသတင်းစာ၊ ၂၀၂၁ ခုနှစ် မတ်လ ၂၁ ရက်။

Most Read

Most Recent