မြေလွှာအထက်ဝန်းကျင်၌ ရစ်သိုင်းနေသော အနက်ရောင်နွေဦး

မြေလွှာအထက်ဝန်းကျင်၌ ရစ်သိုင်းနေသော အနက်ရောင်နွေဦး
Published 8 March 2021
 ထူး (Glory)

လေပွေသည် နွေဦးကို စိတ်ရှိလက်ရှိ ဝင်နှောက် လျက် သူ ရောက်ရှိလာကြောင်း ဟန်ရေးပြနေ၏။ သူ့ကိုယ်သူလည်း လေဆင်နှာမောင်းဟု အထင်ရှိကာ ဘဝင်မြင့်နေဟန်လည်း တွေ့ရ၏။ မည်သည့်အရပ်ဆီမှ သယ်ဆောင်လာမှန်း မသိသည့် သစ်ရွက်ခြောက်များ၊ အမှိုက်အရှုပ်အပွများကို  ကြည်လင်နေသော ကန်ရေပြင်ထဲသို့ ပစ်ချနေသည်။ မြင်ကွင်းကား ...

သည်တစ်ခါ နွေဦးသည် ဒဏ်ရာဗရပွ နှင့် နွေဦးဖြစ်သည်။ သယ်ဆောင်လာသူ ဥသြငှက်ကိုယ်တိုင်ပင် နာမကျန်းဖြစ်နေ၏။ နွေကြိုတေးကို ဆိုဖို့ သူ အသံအက်နေ ကြောင်း အသံအက်အက်နှင့် ပြောရှာ၏။ တစ်ခါနွေတုန်းကတော့ သူ သည်လို အသံအက်လိုက်သေးသည်။ သိပ်မကြာလိုက်မီ မှာပင် သူ အသံပြန်ကောင်းသွား၏။ ယခုမူ ကား အတော်ပင်ကြာနေပြီ။ နွေဦးစ ဝင်ဖို့ တစ်ရက်နှစ်ရက်အလို မြေလွှာအထက် ဝန်း ကျင်၌ မြူခိုးများ အချက်ပြကတည်းက သူ အသံအက်နေခဲ့သည်။ အက်နေသော အသံ နှင့်တော့ သူ ဘယ်တော့မှ နွေကြိုတေးကို ဆိုမည်မဟုတ်ဟု သူ ယတိပြတ် ပြောထား သည်။ သူကား အသံမကောင်းဘဲ အသံ ကောင်းဟစ်တတ်သူမဟုတ်။ အသံသာမှ သာ သီဆိုတတ်သူဖြစ်၏။ ရာသီဥတုဖောက် ပြန်မှုများကိုကြည့်ရင်း သူ စိတ်ပျက်လာ သည်။ ဟိုဘက် လက်ပံပင်ကြီးဆီက ဆက် ရက်များ ဆူညံလှသည်။ အုံပြနေသောကောင်း ကင်အောက်မှာ သူတို့ပဲ အဆင်ပြေသည်။ ရာသီဥတုအခြေအနေ မည်သို့ရှိနေသည်ကို သူတို့စိတ်မဝင်စားကြ။ အဖော်အပေါင်း စုံ လျှင် ပျော်ပါးအော်ဟစ်ဖို့သာ သူတို့ တွေးနေ ကြဟန်တူသည်။ နေတတ်လျှင် ကျေနပ်စရာ ဟု ထင်နေသူ ထိုဆက်ရက်များကိုကြည့်ရင်း သူ စိတ်ပျက်မိသည်။ ရာသီဥတုဖောက်ပြန် မှုကြောင့် ဥသြငှက်အသံအက်ရသည်ဟုဆို ကာ ရာသီဥတုဒဏ်ကို မခံနိုင်လေခြင်းဟူ သော အထင်သေးသည့် အမူအရာများကို ပြလျက် ဆက်ရက်များကား တီးတိုးရယ်မော လိုက်ကြသေးသည်။ ရာသီဥတုဖောက်ပြန် ချွတ်ယွင်းမှုသည် ဥသြငှက်တစ်ကောင် တည်းအတွက်သာ ခံရနိုင်ဖွယ်ရာရှိသည်ဟု ဆက်ရက်များ ထင်မှတ်နေဟန်ရှိသည်။ အ ချိန်တန်လျှင် သိလာလိမ့်မည်ဟုသာ ဥသြ ငှက်က တွေးနေမိသည်။ တစ်ဆို့နေသော လည်ချောင်းထဲက ဘာအသံမှ ထွက်မလာ၍ ဥသြငှက်သည် နွေဦးကို စိတ်ထဲမှ တစ်ချက် ဆဲရေးလိုက်သည်။ ယုတ်မာရိုင်းစိုင်းသော နွေဦး။

လေပွေသည် နွေဦးကို စိတ်ရှိလက်ရှိ ဝင်နှောက်လျက် သူ ရောက်ရှိလာကြောင်း ဟန်ရေးပြနေ၏။ သူ့ကိုယ်သူလည်း လေ ဆင်နှာမောင်းဟု အထင်ရှိကာ ဘဝင်မြင့်နေ ဟန်လည်း တွေ့ရ၏။ မည်သည့်အရပ်ဆီမှ သယ်ဆောင်လာမှန်းမသိသည့် သစ်ရွက် ခြောက်များ၊ အမှိုက်အရှုပ်အပွများကို ကြည် လင်နေသော ကန်ရေပြင်ထဲသို့ ပစ်ချနေ သည်။ မြင်ကွင်းကား မည်သို့မျှ ကြည့်မ ကောင်း။ အင်အားရှိသူ လေပွေသည် အင် အားမဲ့သူ ကန်ရေပြင်ကို သက်သက်စော် ကားနေသကဲ့သို့ရှိ၏။ ကန်ရေပြင်သည် စိတ် လွတ်လက်လွတ် အိပ်ပျော်နေရာမှ သူ့ရင် ဘက်ပေါ်ရှပ်ပြေးလာသော သစ်ရွက် ခြောက်အပိုင်းအစ အချို့ကြောင့် နိုးလာ သည်။ နိုးလည်း နိုးလေခါပင်။ ကန်ရေပြင် သည် ခေါင်းလေးတစ်ချက်ပင် ထောင် မကြည့်ဘဲ အေးဆေးတည်ငြိမ်စွာလှဲလျောင်း နေလေသည်။ လေပွေသယ်ဆောင်လာ သော သစ်ရွက်ခြောက်အပိုင်းအစအချို့ သည်လည်း လေပွေနှင့် ထူးမခြားနားပင်။ ရမ်းကားကြ၏။ မိုက်ရူးရဲဆန်ကြ၏။ ကန် ရေပြင်တစ်ခုလုံးကို စိတ်ကြိုက် တပ်စွဲထား ကြ၏။ လေလွင့်သူတို့ သဘာဝအတိုင်း စိတ် ကြိုက်နေတတ်ကြသည်ကို ကန်ရေပြင်ကြီး က သိရှိထား၍ ခွင့်လွတ်သော်လည်း မြင်ရ သူများအဖို့တော့ စိတ်မသက်သာဖြစ်ကြ ရသည်။ ကန်ရေပြင်၏ သည်းခံခွင့်လွှတ်စိတ် ကိုမြင်ရလေလေ ကြည့်ရှုသူတို့မှာ အောင့် သက်သက်ဖြစ်ရလေပင်။ အမှန်တော့ ကန် ရေပြင်ကြီးမှာ လှိုင်းထပေးရုံကလွဲ၍ မည်သို့ မျှ မတတ်နိုင်။ မည်သို့မျှ လုပ်၍မရသည့် အဆုံး မည်သည့်အရာကိုမျှ မလုပ်ဘဲနေခြင်း သာ ဖြစ်ပေလိမ့်မည်။

သည်တစ်ခါနွေဦးသည် ရေနည်းငါးတို့ ကို ပို၍ အခက်တွေ့စေ‌သော နွေဦးဖြစ် သည်။ တစ်ရာသီလုံး စိတ်‌ကောက်နေခဲ့သော မိုးကြောင့် ရေအိုင်များလည်း ဟိုးယခင်ကကဲ့ သို့ မစိုပြည်၊ မဖြစ်ထွန်းခဲ့။ မိုးရာသီဝင်စတွင် မျှော်လင့်ချက်အိပ်မက်ကလေးများ အင် အားအပြည့်ဖြင့် ရောက်လာတတ်သော် လည်း မိုးရာသီကုန်လျှင် ထိုမျှော်လင့်ချက် များကား အလိုလို ပျောက်ရှသွားတော့သည်။ လှေဦးစိုလျှင် စို၍၊ လှေဦးခြောက်လျှင် ခြောက်ရသော တံငါသည်မိသားစု၏ ဘဝ များနှင့် ထူးမခြားနားပင်ဖြစ်သည်ဟု ရေ အိုင်ကလေးများက သူတို့ကိုယ်သူတို့ မှတ်ယူ ကြဟန်တူသည်။ ယခုအခါ ဗေဒါပင်ကလေး တစ်ရုံမျှတောင် အနားသို့ ကပ်မလာနိုင် အောင် ခြောက်ကပ်နေကြသည်။ အချို့ဆို ခြောက်ကပ်ရုံပင်မကတော့ဘဲ အက်ကွဲပါ အက်ကွဲလာကြသည်။ ပြီးခဲ့သည့် မိုးရာသီ တုန်းက မစိုပြည်ခဲ့သော တောစပ်က ရေ အိုင်ကလေးတစ်အိုင်သည် နွေဦးဆိုသော အသံကို ကြားသည်နှင့် ထိတ်လန့်တုန်လှုပ် နေသည်။ နာဖျားချင်သလိုလို ဖြစ်နေရှာ သည်။ ကြက်မတစ်ဝပ်စာမျှသာ ကျန်တော့ သည့် ရေကလေးနှင့်အသက်ရှင်ရန်ရုန်းကန် နေသော ထိုရေအိုင်ကလေး၏ စိတ်ပူပင်မှု ကို မြင်ရုံနှင့် ကိုယ်ချင်းစာမိသည်။ သူလည်း တစ်မိုးလုံး သူမိသားစုနှင့်သူ ရုန်းကန်နေခဲ့ လိမ့်မည်။ သူထိတ်လန့်နေမိသည်က သူ့ အတွက်မဟုတ်။ သူ့လို အချိန်တန်လျှင် ခန်း ခြောက်ရမည့် ရေအိုင်ကလေးဆီသို့ အားကိုး တကြီး လာရောက်ပျော်ပါးကြသော ရေနည်း ငါးကလေးများအတွက်သာ သူ ထိတ်လန့်မိ သည်။ သူ့ပတ်ဝန်းကျင်က ပက်ကြားအက် များသည် သူ့ကိုနေ့စဉ်ထိုးဟောင်နေသော ခွေးနက်များဖြစ်ကြသည်။ သူ မကြာမီရက် ပိုင်းအတွင်း သေရတော့မည်။  သူ သေရမည် ကို မကြောက်။ သူ သေလျှင် ကျန်ရစ်ခဲ့သော သံယောဇဉ်များအတွက်သာ သူ စိတ်မ ကောင်း ဖြစ်နေရှာသည်။ ထိုရေအိုင်ငယ်က လေးသည် ညညတွင်လည်း ကောင်းကောင်း အိပ်မရ။ လရောင်ပျပျ၏အောက်တွင် သူ၏ ရေနည်းငါးကလေးများအကြောင်းတွေးနေမိ၏။ အချို့ငှက်များက ရေဆင်းသောက် သလိုနှင့် သူ၏ရေနည်းငါးကလေးများကို တစ်ကောင်ပြီး တစ်ကောင် ဖမ်းယူသတ်စား သွားကြသည်။ ဤကမ္ဘာပေါ်တွင် ရေအလျှံ ပယ် ပေါကြွယ်ဝပြီး သည်ထက် ပိုကောင်း သော၊ သည်ထက်ပို အဆီအသားများသော ငါးများကို စိတ်ကြိုက်ဖမ်းယူစားသောက်နိုင် သော မြစ်များ၊ ပင်လယ်များရှိပါသည်။ သို့ ပါလျက် ဤ ရေခန်းခြောက်စပြုနေသော ရေ အိုင်ကလေးဆီမှ ငါးများကို အဘယ်ကြောင့် လာရောက်ဖမ်းစားနေကြသနည်း။ မြေနိမ့် ရာ လှံစိုက်ချင်၍လား၊ မျက်နှာမွဲ၍ ခဲနှင့်ပစ် ချင်၍လား။ ဤနွေဦးကို လွန်စွာ ရွံရှာမုန်းတီး မိပါသည်။

မြေလွှာအထက်ဝန်းကျင်၌ ရစ်သိုင်း နေသော အနက်ရောင်နွေဦးသည် မြူခိုးဝေ သော နံနက်ခင်းများဆီမှ စိတ်ညစ်နွမ်းသော ဟန်ဖြင့် တိုးထွက်လာသည်။ သည်တစ်ခါ နွေဦးသည် ရောက်လာသည့်နေ့မှစ၍ မျက် နှာအခြင်းအရာ ကြည်လင်ခြင်း မရှိ။ နေ့စဉ် နှင့်အမျှ မှိုင်းမှုန်ရီဝေနေသည်။ တစ်တောလုံး တစ်တောင်လုံးလည်း မြူခိုးများဝေနေသည်။ ထိုမြူခိုးများကြားမှ ဖြတ်သန်းလာသော အရိပ်တို့သည် အနက်ရောင်အတိ ဖြစ်၏။ ရင်းထောင်ကို ထောင်သယ်သွားသော ထန်း တက်သမားကြီး၏အရိပ်သည်လည်းကောင်း၊ ထိုထန်းတက်သမားကြီး၏နောက်မှ ထပ် ချပ်မခွာ လိုက်နေသော ထန်းရည်အိုးကိုယ်စီ နှင့် ကလေးငယ်နှစ်ယောက်သည်လည်း ကောင်း၊ ထိုကလေးနှစ်ယောက်၏ ရှေ့ နောက်ဝဲယာမှ ခွေးတစ်အုပ်သည်လည်း ကောင်း အနက်ရောင် ရှိနေ၏။ သူတို့နှင့် မလှမ်းမကမ်းတွင် မှုန်ပျပျမြင်နေရသော ထန်းတဲသည်လည်းကောင်း၊ ထန်းသမား ကြီး၏ ဇနီးနှင့် သားမြေးမြစ်တို့သည်လည်း ကောင်း အနက်ရောင်အခင်းအကျင်း အောက်တွင် ရှိနေကြ၏။ ရသေ့သူတော်စင် တို့ပင် စျာန်ယိုင်အောင် လှသည်ဆိုသော နွေဦးသည် တစ်ခေတ်တစ်ခါ၌သာ ကျန် ရစ်ခဲ့တော့သည်။ ရိုးတံပြိုင်းပြိုင်းထနေသော သစ်ခြောက်ပင်တို့သည် ကြွေကျသွားသော သစ်ရွက်ခြောက်တို့ကိုငုံ့ကြည့်ရင်း ဝမ်းနည်း ပူဆွေးနေဟန်ရှိကြသည်။ အချိန်တန်၍ ကြွေကျရခြင်းကို အနိစ္စသဘောအဖြစ် မှတ် ယူနိုင်ကြသော်လည်း ရွက်နုအသစ်ထိုးချိန် ဖြစ်၍ ရွက်နုသစ်တို့ မထိုးနိုင်ကြသောအခါ သည်နွေဦးကို ကြောက်နေမိကြသည်။ အ ကယ်၍ သည်တစ်နွေလုံး ရွက်သစ်မထိုးနိုင် ပါက သူတို့သက်တမ်းသည် သည်နှစ်တွင် သာ ကုန်ဆုံးကြလိမ့်မည်ဟု သစ်ခြောက်ပင် ကြီးအချို့က ခြောက်လှန့်နေကြသည်။

တစ်နွေတုန်းက တောမီးလောင်ရာ၌ ပါသွားရှာသော ရွက်နုပြန်မထိုးနိုင်တော့ သည့် မီးလောင်ဒဏ်ရာဗရပွနှင့် တောပိ တောက်ပင်အခြောက်ကြီးအား နွယ်ပင်များ က ခြုံလွှမ်းတုတ်နှောင်ထားသည်ကို စိတ် မချမ်းသာဖွယ်ရာ တွေ့ရသည်။ ဤသို့ ခြောက်ကပ်လှပါသည်ဆိုသော နွေ၌ပင် ချုံ နွယ်များက ပိန်းပိတ်အောင် အငြိုးတကြီး ဖုံးလွှမ်းရစ်ပတ် အနိုင်ကျင့်နှိပ်စက်ထားကြ သေးရာ အညွန့်တလူလူတက်နေသော မိုး ရာသီ၌သာဆိုလျှင် ဆိုဖွယ်ရာမရှိတော့။ ပြန် လည် မစိုစွတ်နိုင်တော့သည့်ဘဝဖြစ်၍ ဖုံး လွှမ်းရစ်ပတ် အနိုင်ကျင့်နှိပ်စက်သမျှကို မ ဆွေးမြေ့မချင်း ဝဋ်တစ်ခုသဖွယ် ခံရပေဦး မည်။ ဤသို့ ပြုမူခြင်းသည် ခံရသူ ပိ‌တောက် ပင်ခြောက်ကြီးအတွက်လည်းမကောင်း၊ ပြုလုပ်သူ နွယ်ပင်များအတွက်လည်းမ ကောင်း။ ပိတောက်ပင်ခြောက်ကြီးကတော့ ဖုံးလွှမ်းရစ်ပတ် အနိုင်ကျင့်နှိပ်တတ်သော သူတို့ကား ဖုံးလွှမ်းရစ်ပတ် အနိုင်ကျင့်နှိပ် စက်ခြင်းကို သူတို့၏အလေ့အထသဖွယ် လုပ်နေဦးမည်ဖြစ်၍ အဖုံးလွှမ်းခံ၊ အရစ် ပတ်ခံ၊ အနိုင်ကျင့်နှိပ်စက်ခံ မိမိသာ တောင့် ခံနိုင်သမျှ တောင့်ခံနိုင်အောင် ကြိုးစားကျင့် ကြံသွားတော့မည်ဟု ဆုံးဖြတ်ထားပုံရသည်။ မည်သည့်နွယ်ပင်မှ အချိန်အကြာကြီး မရစ် ပတ်နိုင်ဟုလည်း ဖြစ်ပျက်တရားကို ယုံကြည် လျက်ရှိသည်။ တစ်နေ့တစ်နေ့ သူလည်း တောင်တန်းများကိုကြည့်ရင်း “သူတို့လိုသာ နေပူထဲမှာ အကြာကြီး မွဲပြာနေရရင် ခက်ရ ချည်ရဲ့”ဟု တီးတိုးညည်းညူနေမိသည်။ မည်သူ သယ်ဆောင်လာသော နွေဦးပင်ဖြစ် စေ နွေဦးတိုင်းကို သူ ရွံရှာနေမိသည်။

သည်နွေဦး၏ လမ်းမပေါ်၌ ကားဟွန်း တီးသံများကို အစဉ်မပြတ် ကြားနေရသည်။ နာရေးကူညီမှုကားများ၏ လမ်းတောင်း သော ဟွန်းတီးသံများပင်ဖြစ်သည်။ သည် နွေဦးသည် သစ်ရွက်များကိုသာ တဖြုတ် ဖြုတ်ကြွေကျအောင် စွမ်းနိုင်သည်မဟုတ်၊ လူတွေကိုလည်း တစ်စတစ်စ ခြွေချနေ သည်။ ကြွေကျချိန်တန်၍ ကြွေကျသွားကြ သော ရွက်ဟောင်းများအတွက် စိတ်ထိခိုက် ဝမ်းနည်းမှုတစ်စုံတစ်ရာ အကြီးအကျယ် မရှိသော်လည်း ကြွေချိန်မတန်ဘဲ ကြွေကျ သွားကြသော လူငယ်ရွက်နုကလေးများအ တွက် စိတ်မချမ်းမြေ့ ဖြစ်ရသည်။ သည်နွေဦး သည် ခြေလှမ်းကျဲကျဲ၊ အသက်ရှူသံပြင်းပြင်း နှင့် အတင်းကာရော ဝင်ရောက်လာသော နွေဦးဖြစ်သည်။ သည်နှစ် သင်္ကြန်စာ မဖတ် ဖူး၍ သိကြားမင်းသည် မည်သည့်အရာကို ကိုင်၍ ဆင်းလာသည်ကို မသိရ သော်လည်း နှစ်ကြမ်းတစ်နှစ်ဖြစ်သည်ကတော့ အလွယ် တကူတွေ့နေရသည်။ လမ်း သွယ်တစ်ခုဆီမှ နာရေးကူညီမှုကားတစ်စီး ခပ်မြန်မြန်မောင်း ထွက်လာပြန်သည်။ သစ်ပင်တစ်ပင်လို ရွက် နုဝေဖို့ ရွက်‌ဟောင်းများ ကြွေခြင်းမျိုးဆိုလျှင် အဘယ်မျှကောင်းလိုက်မည်နည်း။ အဆင် ပြေပါစေဟုသာ ဆု တောင်းပေးနေရသည်။

ယခုအခါ နာမကျန်းဖြစ်နေသော ဥသြ ငှက်လည်း ပျောက်ခြင်းမလှ ပျောက်သွား လေပြီ။ ဘယ်အရပ်ဆီ ခရီးနှင်လေသနည်း ဟု ရှာကြံ၍ မတွေးမိတော့ပါ။ လိုက်လံ၍ လည်း မရှာဖွေလိုတော့ပါ။ သည်အချိန် သည် နွေဦးမှာ သည်အရပ်၌ မည်သူက ပျော် ပိုက်မည်နည်း။ အားလုံးက ထားသွားပြီဖြစ် ၍ နွေကြိုတေး ပျောက်ရှသွားသော မြေ လွှာအထက်ဝန်းကျင်၌ ရစ်သိုင်းနေသော အနက်ရောင် နွေဦးသည် ချောက်ချားမှုများ စွာဖြင့် သိမ်ငယ်စွာ ကျန်ရစ်ခဲ့ရသည်။

Most Read

Most Recent