နမ့်တိန်းချောင်းဖြတ်စီးနေတဲ့ ရှမ်းပြည်နယ်ရဲ့ အလယ်ဗဟိုမှ သံရိုင်းထွက်တဲ့ မြို့ကလေး

နမ့်တိန်းချောင်းဖြတ်စီးနေတဲ့ ရှမ်းပြည်နယ်ရဲ့ အလယ်ဗဟိုမှ သံရိုင်းထွက်တဲ့ မြို့ကလေး
လဲချားမြို့ ဟော်ခမ်းကျောင်းတိုက် အဝင်ဝကိုတွေ့ရစဉ်
လဲချားမြို့ ဟော်ခမ်းကျောင်းတိုက် အဝင်ဝကိုတွေ့ရစဉ်
Published 7 March 2021
စည်သာ(တောင်ကြီး)

ရှမ်းပြည်နယ်တောင်ပိုင်းမှာ အင်မတန်သာယာလှပတဲ့ ရှုခင်းတွေ အများကြီးကျန်ပါသေးတယ်လို့ ကျွန်တော့်မိတ်ဆွေတွေကို ကြုံတိုင်းကြွားပါတယ်။ အမှန်တကယ်လည်း ရှုမျှော်မဆုံးတဲ့ သိပ်ကိုလှပတဲ့ နေရာဒေသတွေ ပိုင်ဆိုင်ထားတာပါ။ အဖိုးမဖြတ်နိုင်တဲ့ မြေပေါ်မြေအောက် သယံဇာတတွေနဲ့ သဘာဝတရားကြီး ပိုင်ဆိုင်ထားရတဲ့အတွက် ရှမ်းပြည်နယ်ဟာ ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုလိုပါပဲ။

ရှမ်းပြည်နယ်ရဲ့ အလယ်ဗဟိုတည့်တည့်က မြို့ကလေး

မယုံရင် GPS ကို ဖွင့်ကြည့်လိုက်လို့ရပါတယ်။ ရှမ်းပြည်နယ်ရဲ့ အလယ်တည့်တည့် မြို့ကလေးဟာ လဲချားမြို့ ဖြစ်ပါတယ်။ လွိုင်လင်ခရိုင်အတွင်းမှာဆိုရင်လည်း လွိုင်လင်နဲ့ မိုင်းကိုင်ကြားထဲမှာ လဲချားမြို့လေးဟာ အလယ်တည့်တည့် ရှိနေပါတယ်။

မြို့ရဲ့ မြောက်ဘက်ကနေ တောင်ဘက်အထိ ဒေါင်လိုက်အနေအထားအတိုင်း နမ့်တိန်းချောင်းလေးဟာ ဖြတ်သန်းစီးဆင်းနေတာလည်း ဖြစ်ပါတယ်။ လဲချားမြို့မြေပုံထဲမှာ ကြည့်လိုက်မယ်ဆိုရင် ဘယ်နဲ့ညာ အနားသတ်မျဉ်းအတိုင်း နမ့်တိန်းချောင်းကလေးက ပိုင်းခြားထားသလိုလည်း ဖြစ်နေပါတယ်။ လဲချားမြို့ဟာ လွိုင်လင်ခရိုင်မှာပါဝင်ပြီး တောင်ဘက်မှာ ပင်လုံမြို့၊ နမ့်စန်မြို့နယ်၊ အရှေ့ဘက်တွင် မိုင်းနောင်၊ မြောက်ဘက်တွင် မိုင်းကိုင်မြို့နယ်၊ အနောက်ဘက်တွင် ဟိုပုံးမြို့နယ်တို့နှင့် ထိစပ်နေပါတယ်။

ကုန်သည်တွေ သွားလာရာ နားခိုသောအရပ်

ရှမ်းအခေါ်လိုက်ခါ၊ (Lai Kha) လဲချားသည် ရှမ်းဘာသာစကား လိုက်ခါ (Lai Kha) ကုန်သည်လှည်းသမားများ သွားလာသောနေရာဟု အဓိပ္ပာယ်သက်ရောက်ကြောင်း သိရပါတယ်။ ရှေးခေတ်အခါက ကုန်သည်ကြီးများဟာ ပေါင်းမိုးပါတဲ့လှည်းတွေနဲ့ ခရီးထွက်လေ့ရှိကြပြီး တောင်ပေါ်ဒေသတွေမှာ လားတို့၊ မြင်းတို့နဲ့ အသုံးပြုကြတာ များပါတယ်။

‘ပင်လုံ’ ဆိုသော စကားသည် ရှမ်းစကားပန်လုံ (Pang Long) မှ ဆင်းသက်လာခြင်းဖြစ်ပြီး ကျယ်ဝန်းပြန့်ပြူးသော လွင်ပြင်ကျယ်ကြီး (ကွင်းပြင်)၊ ပန်(ကွင်း)လုံ (ကျယ်/ကြီးသည်) ဟု အဓိပ္ပာယ်ရကြောင်း သိရပါတယ်။ လွိုင်ဆမ်ဆစ်သည် တောင် ၃၀၊ လွိုင်လင်သည် ရှမ်းစကား တောင်ချွန်းကိုဆိုလိုကြောင်း စသဖြင့် မှတ်သားဖူးပါတယ်။

သံရိုင်းတွေထွက်တဲ့ တောင်ပေါ် မြို့ကလေး

လဲချားမြို့ဟာ ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း ၃၁၁၆ ပေအထက်တွင် တည်ရှိပါတယ်။ လဲချားမြို့နယ်ဟာ မုတ်သုန်ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်ရှိပြီး အနိမ့်ဆုံး ခုနစ်ဒီဂရီစင်တီဂရိတ်ရှိပါတယ်။

လဲချားမြို့နယ်မှ ထွက်ရှိသော သံနှင့်ယွန်းထည်ပစ္စည်းများမှာ ထင်ရှား၍ မြောက်ဘက်ရှိ နာမည်ကျော် ဓားထုတ်လုပ်ရာဒေသဖြစ်သော ဟမ်းငိုင်းသည်လည်း ဓားလုပ်ငန်းနဲ့ နာမည်ကြီး လူသိပါတယ်။ မိုင်းကိုင်ဟာဆိုရင် ခွန်ဆမ်လောနဲ့ နန်းဦးပြင်ပုံပြင်ရှိပြီး မြေသားရေတကောင်း နာမည်ကျော်ပါတယ်။ အနောက်ဘက်တောင်တန်းများမှ သံရိုင်းများကို တူးဖော်၍ရရှိလာသောသံများကို ထိုနေရာမှာပဲ သံရေကျိုပြီး သံထည်ပစ္စည်းများ လုပ်ကိုင်ကြကာ ရှမ်းတောင်တစ်ကြောကို ဖြန့်ဖြူးရောင်းချပါတယ်။ နောက်ပြီးနီကယ်လည်း ထွက်ရှိတယ်လို့ သိရတယ်။ ရှေးယခင်က လဲချားထွက်ရှိသော ယွန်းထည်ပစ္စည်းများ လက်ရာအထူးကောင်းမွန်တယ်လို့ ပြောစမှတ်ပြုကြပါတယ်။

ထင်ရှားသောချောင်းမှာ မိုင်းကိုင်မြို့မှ မြစ်ဖျားခံလာသော နမ့်တိန်းချောင်းဟာ မိုင်းကိုင်မြို့ကိုဂငယ်ပုံစံ ဖြတ်စီးပြီးတော့ တောင်ဘက်မှာရှိတဲ့ လဲချားမြို့နယ်ကို တောင်မှမြောက်သို့ ဖြတ်စီးဆင်းပြီးတော့ နမ့်စန်မြို့နယ် ဖြတ်သန်းကာ သံလွင်မြစ်အတွင်းသို့ စီးဝင်သွားပါတယ်။

လဲချားမြို့နယ် ထူးခြားချက်မှာ ကျွန်တော်ရောက်ရှိသော ကျေးရွာအတော်များများ ရေကန်ကြီးတွေ ပေါများတာကို တွေ့ရှိရပါတယ်။ ကျေးရွာတစ်ရွာကို ရေကန်ကြီး တစ်ကန်နှုန်းလို့တောင် ပြောလို့ရလောက်ပါတယ်။ ကျေးရွာရေတွင်းတွေကလည်း တောင်ခြေနီးရင် အင်မတန်ရေကောင်းပြီးတော့ တိမ်လွန်းလို့ လက်နဲ့ခပ်လို့ရလောက်ပါတယ်။ ရှမ်းပြည်မှာ အင်မတန်ရှားပါးတဲ့ လင်းတ(လဒ) ငှက်တွေ ပျံဝဲနေတာကိုလည်း တွေ့ရပြီးတော့ သစ်ပင်အောက်ခြေမှာ ခုန်ပေါက်နေတာကိုလည်း မြင်တွေ့ရတယ်။

ဝမ်ယိန်းကျေးရွာအုပ်စုကို သွားတဲ့လမ်းကို ခုထိမှတ်မိပါသေးတယ်။ ပင်လုံရောက်ခါနီးအထိ ပြန်ဆင်းလာပြီး လမ်းခွဲအတိုင်း တောင်နှစ်လုံးလမ်းကြားလေးအတိုင်း ၄၅ မိနစ်လောက် ကားမောင်းရပါတယ်။ ကောင်းကင်မြေပုံကနေ ကြည့်မယ်ဆိုရင် တောင်တန်းကြီးနှစ်သွယ်ရဲ့ကြားထဲမှာ ကားလမ်းလေးဖြစ်နေပါတယ်။ အဲဒီနေရာမှာ ဘာကြောင့် ကားလမ်းဖောက်ထားတာလဲ။ ကားဆရာပြောတာကတော့ ကျောက်မီးသွေးထွက်လို့ ကတ္တရာလမ်းဖောက်ထားတာလို့ ဆိုတယ်။ တည့်တည့်ဆက်သွားရင် ရပ်စောက်မြို့နယ်ကိုရောက်ဖို့ တောင်တန်းကြီးတစ်ခုပဲ ကျန်ပါတော့တယ်။

လဲချားမြို့နယ် အရှေ့ဘက်မှာ နမ့်စန်မြို့နယ်၊ အနောက်ဘက်မှာ ရပ်စောက်မြို့နယ်၊ မြောက်ဘက်မှာ မိုင်းကိုင်မြို့နယ်နဲ့  တောင်ဘက်မှာ လွိုင်လင်မြို့နယ်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

လဲချားမြို့ဟာ မြို့ပိုင်စိုက်သော မြို့ဖြစ်ပြီး လွိုင်လင်-သီပေါသွားလမ်း ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တည်ရှိကာ လွိုင်လင်မှ ၃၈ မိုင် ကွာဝေးပါတယ်။

ထွက်ကုန်များ

လဲချားမြို့နယ်ဟာ ရှမ်းတိုင်းရင်းသားအများစု နေထိုင်ကြပြီးတော့ တောင်ပေါ်ဒေသတွင် ပလောင်များ နေထိုင်ကြကာ အချို့သောကျေးရွာများတွင် ပအိုဝ်းတိုင်းရင်းသား အနည်းစုရောနှောနေထိုင်ကြတာ တွေ့ရပါတယ်။ စပါးအဓိက စိုက်ပျိုးကြပါတယ်။

ဒေသထွက်ကုန်ပဲပုပ်ဖြစ်ပါတယ်။ တောင်ပေါ်ပလောင်များမှာ လက်ဖက်တစ်မျိုးကိုသာ စိုက်ပျိုးကြပြီးတော့ ပအိုဝ်းတိုင်းရင်းသားများမှာ ရိုးရာအဖြစ် သနပ်ဖက်၊ ပြောင်းဖူးများ စိုက်ပျိုးကြပြီး ပဲစဉ်းငုံ၊ ပြောင်းနှမ်းဝါကြံတို့ကိုလည်း စိုက်ပျိုးပါတယ်။ လဲချားပဲပုပ်ဟာ စားလို့ကောင်းပြီး ရိုးရိုးပဲပုပ်၊ ချင်းပဲပုပ်နဲ့ ဆန်လုံးစီပဲပုပ်ချပ်တွေ စားလို့ကောင်းပါတယ်။ လဲချားခေါ ပုတ်နှမ်းထောင်း၊ ဆီတို့ဟူးနဲ့ ဝက်အူချောင်းတွေ အင်မတန်စားလို့ကောင်းပါတယ်။

ဆက်သွယ်ရေး ပြတ်တောက်နေတဲ့ မြို့

အရင်တုန်းက ၂၀၁၅ ခုနှစ်လောက်မှာ တိုက်ပွဲတွေကြောင့် လဲချားမြို့ကို စစ်ဘေးရှောင်ဒုက္ခသည်တွေ ရောက်လာဖူးပါတယ်။ အဲဒီတုန်းက ဖုန်းဆိုရင်ဘာလိုင်းမှ မမိသေးတဲ့ကာလလည်း ဖြစ်နေပါတယ်။ ဆက်သွယ်ရေး ဆယ်လူလာဖုန်းတွေနဲ့ CDMA ခေါ်တဲ့ ကမ်းရိုးတန်းဖုန်းတွေလောက်ပဲ လိုင်းမိပါတယ်။ မငြိမ်းချမ်းတဲ့ဒေသမို့ ဆက်သွယ်ရေးတာဝါတိုင်တွေ စိုက်ထူဖို့ အချိန်ယူပြီး အခက်အခဲတွေကြားထဲ လုပ်ရလို့ထင်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ လဲချားမြို့ပေါ်တစ်ဝိုက်ကတော့ အင်တာနက်လိုင်းတွေ အတော်လေး ကောင်းမွန်နေပါပြီ။ ကျေးရွာတွေမှာတော့ လိုင်းတွေမရသေးပါဘူး။

သမိုင်းထဲက လဲချား

မောရစ်ကောလစ် ရေးသားသော နေဝင်အင်ပါယာစာအုပ်မှာ ၁၈၈၆ ခုနှစ် သီပေါမင်းပါတော်မူပြီးနောက် ပထမဆုံးယူနီယံဂျက်အလံထောင်သော စော်ဘွားမှာလဲချားစော်ဘွားကြီးဖြစ်ကြောင်း၊ ထိုသို့ အည့ံခံလိုက်ခြင်းကြောင့် အင်္ဂလန် ဘုရင်မကြီးက မန္တလေးမင်းနေပြည်တော်မှ ရှမ်းပြည်နယ် ပင်လုံ-လဲချားမြို့အထိ ကျောက်ခင်း ကတ္တရာလမ်းဖောက်ပေးခဲ့ခြင်းကြောင့် ပထမဆုံး လမ်းပန်းဆက်သွယ်ရေးကောင်းသော မြို့သည် ပင်လုံ- လဲချားမြို့တို့ ဖြစ်ကြောင်း သိရသည်။

၁၈၈၅ ခုနှစ် မြန်မာပြည်တစ်ပြည်လုံး အင်္ဂလိပ်လက်အောက် ကျရောက်သည့်အချိန်မှာ စော်ဘွားများသည် ဗြိတိန်နိုင်ငံသို့ အလိုအလျောက် သစ္စာခံခဲ့ကြပါတယ်။ ထိုစော်ဘွားနယ်များမှာ တရားသဖြင့်အုပ်ချုပ်ရန် အကြံပေးပုဂ္ဂိုလ်များအဖြစ် ဆောင်ရွက်နိုင်ရန် ဗြိတိသျှအရာရှိများကို ခန့်အပ်ထားပါတယ်။ မူလအစက နိုင်ငံရေးအခြေအနေအရ ရှမ်းပြည်နယ်ကို တောင်ပိုင်းနဲ့ မြောက်ပိုင်း ခွဲလိုက်သော်လည်း ၁၉၂၂ ခုနှစ်မှာ ဖက်ဒရေးရှင်း (ဗဟိုအစိုးရက ချုပ်ကိုင်မှုဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော) ဖွဲ့စည်းလိုက်ပါတယ်။ ၁၉၀၂ ခုနှစ်မှာ အစိုးရဟာ အနာဂတ်၌ နယ်မြေအကြီးအကဲဖြစ်လာမည့်သူများအား အနောက်ယဉ်ကျေးမှုနှင့်ပတ်သက်၍ ပညာပေးရန် ကြိုးစားမှုတစ်ခုခု လုပ်သင့်ကြောင်း ဆုံးဖြတ်ခဲ့ကြပြီး တောင်ပိုင်းရှမ်းပြည်၏ ဌာနချုပ်ဖြစ်တဲ့ တောင်ကြီးမှာ စော်ဘွားများ၏သားများနှင့် ဆွေမျိုးများအတွက် ကျောင်းတစ်ကျောင်းဖွင့်ခဲ့ကြခြင်း ဖြစ်ပါတယ်။

သမိုင်းဆရာများ၏ အဆိုအရ လဲချားမြို့နယ်သည် မောကိုးပြည်ထောင်တွင် ပါဝင်သော မိုးမိတ်စော်ဘွား၏ အဆက်အနွယ်များက ကောဇာသက္ကရာဇ် ၈၆၀ ခုနှစ်တွင် နောင်အခါလဲချားဟုခေါ်သော လိုင်းခမြို့ကို ဟိုခိုက်၊ တိုက်ပန်၊ မတ်လန်းအရပ်၌ စတင်တည်ထောင်ခဲ့ပြီး သက္ကရာဇ် ၈၇၉ ခုနှစ်တွင် စဝ်စိတ်လောင်က နောင်ဆန်ခါအရပ်တွင်လည်းကောင်း၊ သက္ကရာဇ် ၉၄၆ ခုနှစ်တွင် ခွန်ဆန်မြတ်နိုးက နောက်ဆုံး ယခုမြို့တည်နေရာသို့ ပြောင်းရွှေ့တည်ထောင်ကာ ၎င်းလက်ထက်မှစတင်၍ လိုင်းခလို့ ခေါ်တွင်ခဲ့ပါတယ်။ မှတ်တမ်းများအရ လဲချားမြို့ကို စော်ဘွား ၂၂ ဆက် အုပ်ချုပ်ခဲ့သည်ဟု တွေ့ရှိရသော်လည်း စော်ဘွားစောနေယနှင့် စောခမ်းလင်းတို့အကြား၌ မဟာဒေဝီတစ်ဦးမှာ ၁၅ နှစ်ခန့် အုပ်ချုပ်ခဲ့ပြီး  နောက်ဆုံးစော်ဘွားစဝ်နွံမတိုင်မီ ၎င်း၏အစ်ကို စဝ်စောမောင်က ရှစ်လခန့် အုပ်ချုပ်ခဲ့ကြောင်း၊ ၁၂၇၀ ခုနှစ်က စဝ်နွံပညာသင်ကြားနေစဉ် မြို့ဝန်ကြီးဦးလှမှ လေးနှစ်ခန့် ယာယီအုပ်ချုပ်ခဲ့ကြောင်း သိရပါတယ်။

ပင်လုံမြို့သည် လွိုင်လင်ခရိုင်တွင် ပါဝင်ပြီး ယခင်ကလဲချား လက်အောက်ခံ မြို့တစ်မြို့ ဖြစ်ခဲ့ကြောင်း၊ လဲချားစော်ဘွားကြီးက အုပ်ချုပ်ကြောင်း သိရပါတယ်။ ယခင်က လွိုင်လင်ခရိုင်တွင် ၁၁ မြို့နယ်ရှိပြီး ၁၉၇၄ ခုနှစ် နောက်ပိုုင်းတွင် လင်းခေးခရိုင်ကို ခွဲထုတ်ခဲ့ကြောင်း သိရပါတယ်။ ၁၉၅၀ ပြည့်လွန်များက ပင်လုံနှင့် လွိုင်လင်စသော မြို့များသည် အအေးဆုံးဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်အထိ ရေခဲသည်အထိ အေးကြောင်း ဒေသခံများက ဆိုပါတယ်။

ဘုန်းကြီးကျောင်းအဖြစ် လှူဒါန်းလိုက်တဲ့ စော်ဘွားကြီးဟော်နန်း

နှစ်ထပ်ကျောင်းဆောင်အဖြစ် ဆောက်လုပ်ထားသော လဲချားစော်ဘွားကြီး၏ ဟော်နန်းကို ယခုအခါ ဟော်ခမ်းကျောင်းတိုက်အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးချိန်နောက်ပိုင်းမှာ လဲချားစော်ဘွားကြီး အဆောင်မီးလောင်ခဲ့ရလို့ အနောက်တိုင်း အုတ်တိုက်အဆောက်အအုံကို အသစ်ပြန်လည် တည်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီးတော့ အတော်လေးခေတ်မီတယ်လို့ ဆိုရပါမယ်။

ဘာကြောင့်လဲဆိုတော့ အဲဒီခေတ်က ပထမဆုံးဗိုလ်ထိုင်အိမ်သာကို စတင်သုံးစွဲခဲ့ခြင်းဖြစ်ပြီး အောက်ထပ်မောင်းမတော် အဆောင်တွေမှာလည်း ကြွေကမုတ် အိမ်သာတွေကို ထည့်သွင်းတည်ဆောက်ထားတာ မြင်တွေ့ရပါတယ်။ အပေါ်ထပ်အတွင်းခန်း အုတ်တံတိုင်း အထုအထည်ဟာ သုံးပေနီးပါးလောက် ထူပြီးတော့ ကြွေပြားခုံးလေးတွေကိုလည်း ဖောင်းကြွအဖြစ် ဒီဇိုင်းဆင်ထား တာတွေ့ရပါတယ်။ အရင်တုန်းက ကျွန်းခုတင်ကြီးတွေ ရှိခဲ့ဖူးတယ်လို့ သိရပေမဲ့ အခုထိမြင်တွေ့နိုင်သေး တာကတော့ လှေကားလက်ရမ်းကျွန်းသစ် ရှေးလက်ရာတွေပဲ ဖြစ်ပါတယ်။

ယခုအခါ ပစ္စည်းတွေကို ထပ်မံစုဆောင်းထားပြီး ရွှေချထားတဲ့ ရှေးဟောင်းပေစာ၊ ပုရပိုက်စာများ၊ ပထမဆုံး လက်နှိပ်စက်၊ အနောက်တိုင်း စားပွဲတင်နာရီစင်အသေး၊ ချည်ငင်ဝါဖတ်တဲ့ လက်လှည့်သစ် သားစက်လေး၊ ယွန်းပစ္စည်းများ၊ ကွမ်းစားထုံးထည့်တဲ့ ငွေထည်၊ ကြေးထည် ပစ္စည်းလေးတွေကို ပြသထားသေးပါတယ်။

စော်ဘွားအိမ်တော်ကနေ ကြည့်နေမယ်ဆိုရင် စေတီတော်ဓာတ်ပေါင်းစုနဲ့ ကြာကန်ကို အပေါ်စီးတည့်တည့်မြင်ရပြီး ညနေတိုင်းစော်ဘွားကြီး လေညင်းခံသောက် စားလေ့ရှိတယ်လို့ သိရတယ်။ အခု အခါမှာတော့ အိမ်တွေတိုးကျပ်လာလို့ မြင်ကွင်းမရှင်းတော့ဘဲ ကြာကန်ကိုတော့ မမြင်ရတော့ပါဘူး။

ရှမ်းပြည်နယ်ဟာ အထင်ရှားဆုံး

ရှမ်းပြည်နယ်ဟာ ထူးခြားချက်တွေ အများကြီးရှိပါတယ်။ အထက်က ပြောခဲ့သလိုပဲ အဲဒီအချက်တွေအပြင် တခြားထင်ရှားထူးခြားချက်တွေ၊ အံ့သြဖွယ်ရာတွေ အများကြီးကျန်ရှိပါသေးတယ်။ သမိုင်းကြောင်း စဉ်လာအရ ပြောမယ်ဆိုရင်လည်း ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ မြို့တော်တော်များများမှာ ကျောက်ခေတ်အထိ မီတဲ့နေရာတွေကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပြီး သုတေသနလုပ်ငန်းတွေ လုပ်ဖို့လိုနေတာ ဖြစ်တယ်။ ရှမ်းပြည်နယ်ဟာ တောင်ပေါ်ဒေသဖြစ်တဲ့အတွက် အေးတဲ့ရာသီဥတုရှိတဲ့အတွက် ကိုလိုနီခေတ်က မျက်နှာဖြူတွေ ကြိုက်နှစ်သက်တဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် မျက်နှာဖြူတွေက တောင်ပေါ်ဒေသတွေကို ဆက်လက်အုပ်ချုပ်ချင်တဲ့အတွက် လွတ်လပ်ရေးပေးတဲ့နေရာမှာ ချန်ထားလိုကြတယ်။ နောက်ဆုံးမဖြစ်မနေ ပေးရတော့မယ်ဆိုတော့မှ တိုင်းရင်းသားအချင်းချင်း သွေးခွဲသပ်လျှိုပြီး နည်းမျိုးစုံနဲ့ ယုတ်မာခဲ့တယ်။ အဲဒီနည်းတွေထဲမှာ အများသိတဲ့အတိုင်း အလယ်ပိုင်းဒေသကို ကန္တာရပင်တွေ လေယာဉ်နဲ့ ကြဲချတာမျိုး၊ တောင်ပေါ်ဒေသမှာ ဘိန်းစိုက်ပျိုးရေးကို စတင်မျိုးစေ့ချခဲ့တာမျိုးတွေပေါ့။

ရှမ်းပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ လေးပုံတစ်ပုံရှိကာ ဧရိယာ ၆၀၁၅၅ စတုရန်းမိုင်ကျယ်ဝန်းပြီး တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် ဧရိယာအားဖြင့် အကြီးဆုံးလည်း ဖြစ်သည်။ အကြမ်းအားဖြင့် တြိဂံပုံသဏ္ဌာန်ရှိပြီး ရှမ်းပြည်အရှေ့ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်းဟူ၍ ခွဲခြားပြောဆိုလေ့ရှိကြပါတယ်။

နေထိုင်သော လူမျိုးများကတော့ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ အင်းသား၊ တောင်ရိုး၊ ပဒေါင်၊ ပလောင်၊ ကိုးကန့်၊ “၀” ၊ ကချင် ၊ ဗမာ ၊ အာခါ၊ လားဟူ၊ လီဆူးနဲ့ လီရှော စသဖြင့် နေထိုင်ကြတယ်။ ရှမ်းတွင် လူမျိုးစု စုစုပေါင်း ၃၃ မျိုး ထပ်မံကွဲပြားပြန်ပါတယ်။ (အသေးစိတ် မဖော်ပြတော့ပါဘူး။)

တန်ဖိုးထားစေချင် တို့ရှမ်းပြည်

အချုပ်အားဖြင့် ပြောရမယ်ဆိုရင် လဲချားမြို့နယ်ဟာ ရှေးသမိုင်းထဲမှာ ထင်ရှားတဲ့ အထင်ကရ မြို့ကလေးတစ်မြို့လည်း ဖြစ်လို့နေပါတယ်။ ရှမ်းပြည်သမိုင်းမှာ ထင်ရှားတဲ့ စော်ဘွားကြီးများဖြစ်တဲ့ ကျိုင်းတုံစော်ဘွား၊ တောင်ပိုင်စော်ဘွား၊ ညောင်ရွှေစော်ဘွားနဲ့ သီပေါစော်ဘွားတို့ဟာ အထူးထင်ရှားတဲ့ စော်ဘွားကြီးတွေ ဖြစ်ပြီး ထိုစဉ်အချိန်က သြဇာအာဏာညောင်းတဲ့ တောင်ပေါ်လူထုစော်ဘွားကြီးတွေ ခေါင်းဆောင်ကြီးတွေလည်း ဖြစ်ပါတယ်။ အဲဒီထဲမှာ လဲချားစော်ဘွားဟာလည်း ပင်လုံစာချုပ် ဖြစ်မြောက်လာအောင် ကြိုးပမ်းခဲ့သူတွေထဲမှာတစ်ဦး အပါအဝင်လည်း ဖြစ်ပါတယ်။

အဲဒီလို သမိုင်းကြောင်းကောင်းလှတဲ့ အစဉ်အလာများ၊ ရိုးရာအမွေအနှစ်များနဲ့ သဘာဝပတ်ဝန်းကျင်တို့ကို ထိန်းသိမ်းရင်းဖြင့် ခရီးသွားလုပ်ငန်းကို ဖိတ်ခေါ်လိုက်မယ်ဆိုရင်ဖြင့် ရှမ်းပြည်နယ်ဟာလည်း နိုင်ငံ့ဝင်ငွေကို တစ်ထောင့်တစ်နေရာကနေ ရှာဖွေပေးနိုင်တယ်ဆိုတာ တင်ပြရင်းဖြင့် နိဂုံးချုပ်လိုက်ပါတယ်။