အီရန်သမ္မတရွေးကောက်ပွဲအပေါ် လွှမ်းမိုးထားသည့် နျူကလီးယားပြဿနာ

အီရန်သမ္မတရွေးကောက်ပွဲအပေါ် လွှမ်းမိုးထားသည့် နျူကလီးယားပြဿနာ
Photo:AP
Photo:AP
Published 5 March 2021
ရန်မျိုးအောင်

အီရန်နိုင်ငံတွင် လာမည့်ဇွန်လ၌ သမ္မတ ဟက်ဆန်ရိုဟာနီနှင့် ၎င်း၏ပြုပြင်ပြောင်းလဲရေး အစိုးရအဖွဲ့အတွက် တာဝန်ဆက်ခံမည့်သူကို မဲပေးရွေးချယ်သွားမည်ဖြစ်သော်လည်း အီရန်၏ နိုင်ငံရေးသည် နျူကလီးယား စီမံကိန်းပြဿနာဖြင့်သာ လွှမ်းမိုးနေပြီး ရွေးကောက်ပွဲတွင် ပြိုင်ဆိုင်မှုပြင်းထန်သည့် ကိုယ်စားလှယ်လောင်းများလည်း ထွက်ပေါ်ခြင်းမရှိသေးပေ။

ဇွန် ၁၈ ရက်တွင်ကျင်းပမည့် အီရန်သမ္မတရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ် အနည်းငယ်သာ ရေပန်းစားနေပြီး အနိုင်ရရှိသူသည် အစ္စလာမ်မစ်သမ္မတနိုင်ငံ၏ ဦးတည်ချက်ကို ကူညီချမှတ်နိုင်မည်ဖြစ်သည်။

“ဒီနေ့အချိန်အထိတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြိုင်ဆိုင်မှုအခြေအနေဟာ အေးအေးဆေးဆေးပဲ ရှိနေပါသေးတယ်။ နိုင်ငံရေးသမားတွေက သွေးပူအောင် လှုံ့ဆော်နေကြချိန်မှာ ပြည်သူတွေကတော့ အာရုံသိပ်မထားကြပါဘူး” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ အမီယာမိုဟီဘီယန်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ရွေးကောက်ပွဲအပြီး ၀ါရှင်တန်၊ ဥရောပအင်အားကြီးနိုင်ငံများနှင့် တီဟီရန်သည် ပျက်ပြယ်မည့် အခြေအနေသို့ရောက်ရှိနေသည့် ၂၀၁၅ ခုနှစ် အီရန်နျူကလီးယားသဘောတူညီချက်ကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေကြသည်။

ယင်းသဘောတူညီချက်အရ အီရန်၏ နျူကလီးယားစီမံကိန်းကို ထိန်းချုပ်ကန့်သတ်မှုများပြုလုပ်မည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အီရန်အပေါ် ချမှတ်ထားသည့် နိုင်ငံတကာပိတ်ဆို့မှုများကို ဖြေလျှော့ပေးရမည် ဖြစ်သည်။

သို့သော်လည်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်လက်ထက် ၂၀၁၈ ခုနှစ်တွင် အမေရိကန်သည် ယင်းသဘောတူညီမှုမှ နုတ်ထွက်ခဲ့ပြီး အီရန်အပေါ်အဆုံးစွန်ဖိအားပေးရေးလှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပိတ်ဆို့မှုများပြန်လည်ပြုလုပ်ခဲ့သဖြင့် ယင်းသဘောတူညီမှုမှာ ပျက်ပြယ်မည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။

အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားလက်ထက်က အနောက်နိုင်ငံများနှင့် စေ့စပ်ခဲ့သည့် ရိုဟာနီသည် ထရန့်လက်ထက်တွင်မူ ဆက်ဆံရေးများတင်းမာခဲ့ပြီး လက်ရှိ သမ္မတဘိုင်ဒင်လက်ထက်တွင် ပြန်လည်စေ့စပ်ဆွေးနွေးရန်ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။

သို့သော်လည်း လက်ရှိအီရန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရိုဟာနီသည် သမ္မတ သက်တမ်းနှစ်ဆက်ကို အပြည့်အဝတာဝန် ထမ်းဆောင်ခဲ့ပြီးဖြစ်သဖြင့် ရာထူးက ဆင်းပေးရတော့မည်ဖြစ်ကာ အီရန်၏ အမြင့်ဆုံး ခေါင်းဆောင် အယာတိုလာ အလီခါမေနီက  အာဏာဆက်လက်တည်မြဲနေမည်ဖြစ်သည်။

တစ်ဦးတည်းသော ကွန်ဆာဗေးတစ် ကိုယ်စားလှယ်လောင်း

၂၀၂၀ ပြည့်နှစ်ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့် လွှတ်တော်ရွေးကောက်ပွဲများတွင် အီရန်နိုင်ငံသား ၅၇ ရာခိုင်နှုန်းသည် မဲမပေးခဲ့သဖြင့် မကြာသေးမီက ခါမေနီသည် ထက်မြက်သည့် သမ္မတတစ်ဦးကိုရွေးကောက် တင်မြောက်ရန် စိတ်အားထက်သန်စွာနှင့် တော်လှန်လိုစိတ်ဖြင့် ပါဝင်ကြရန် တိုက်တွန်းခဲ့သည်။

ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းကို အမည်စာရင်းတင်သွင်းသည့်ကာလကို မေ ၁၁ ရက်မှ ၁၅ ရက် ကြား သတ်မှတ်ထားသည်။

လက်ရှိအချိန်အထိ သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်ရည်ရွယ်ထားကြောင်း ကြေညာထားသူမှာ နှစ်ဦးသာရှိသေးသည်။ တစ်ဦးမှာ ကွန်ဆာဗေးတစ် ကာကွယ်ရေးဝန်ကြီးဟောင်း ဟော့စိန်ဒက်ဂင်နှင့် ပြုပြင်ပြောင်းလဲရေးဝါဒီ လွှတ်တော်အဖွဲ့ဝင်ဟောင်း အလီမိုတာဟာရီတို့ဖြစ်သည်ဟု ISNA သတင်းအေဂျင်စီတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလလယ်ပိုင်းတွင် သြဇာကြီးမားသည့် ကွန်ဆာဗေးတစ်အဖွဲ့ဖြစ်သည့် Combatant Clergy အသင်းက ၎င်းတို့သည် အီရန်တရားရေးအကြီးအကဲ အီဘရာဟင်ရာအီစီကို ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းသွားမည်ဟု ပြောကြားခဲ့သော်လည်း ရာအီစီသည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဟုတ်၊ မဟုတ် တရားဝင်ကြေညာခြင်းမရှိသေးပေ။

သြဇာကြီးမားသည့် ကွန်ဆာဗေးတစ်တစ်ဦးဖြစ်သူ ရာအီစီသည် သမ္မတရိုဟာနီ အနိုင်ရခဲ့သည့် ၂၀၁၇ သမ္မတ ရွေးကောက်ပွဲတွင် မဲ ၃၈ ရာခိုင်နှုန်းကျော်အထိရရှိခဲ့သည်။

အခြားဖြစ်နိုင်ချေရှိသည့် ကိုယ်စားလှယ်လောင်းတစ်ဦးမှာ ကွန်ဆာဗေးတစ် အင်အားကြီးဖြစ်ပြီး လွှတ်တော်ဥက္ကဌဖြစ်သည့် မိုဟာမက်ဘက်ဂါ ဂါလီဘက်ဖ် ဖြစ်သည်။

သူသည် အီရန်နိုင်ငံအနှံ့အစိုးရတာဝန်များဖြင့် ခရီးများသွားရောက်ခဲ့ချိန်အတွင်း မဲဆွယ်စည်းရုံးမှုများကို ဆောလျင်စွာ လုပ်ဆောင်ခဲ့သည်ဟု မကြာသေးမီက စွပ်စွဲခံခဲ့ရသည်။

“ကွန်ဆာဗေးတစ်တွေရဲ့ အစီအစဉ်ကတော့ ကိုယ်စားလှယ်လောင်းတစ်ဦးတည်းသာ ရွေးချယ်ဖို့ သဘောတူသွားကြမှာဖြစ်ပါတယ်” ဟု ကွန်ဆာဗေးတစ် မဟာမိတ်ဖြစ်ပြီး ပြီးခဲ့သည့် လွှတ်တော်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အစ္စလာမ်မစ်ညွန့်ပေါင်းပါတီမှ ထိပ်သီးအရာရှိ ဟာမစ်ဒရီဇာ တာရာကီက ပြောကြားခဲ့သည်။

သို့သော်လည်း ပြုပြင်ပြောင်းလဲရေးလိုလားသည့် Shargh နေ့စဉ်သတင်းစာမှ လေ့လာသူ မက်ဟီရာမန်နီယန်ကမူ ကွန်ဆာဗေးတစ်များသည် ကိုယ်စားလှယ်လောင်းတစ်ဦးသာရွေးချယ်ရန် သဘောတူညီချက်ရရှိလိမ့်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

ကွန်ဆာဗေးတစ် ကိုယ်စားလှယ်လောင်းများ များပြားနေခြင်းသည် မဲများကို ပြန့်သွားစေနိုင်ပြီး လွှတ်တော်ဥက္ကဋ္ဌဟောင်း အလီလာရီဂျာနီ (သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ဖွယ်ရှိ) ကဲ့သို့ နိုင်ငံရေးအရ သဘောထားအလယ်အလတ်ရှိသည့် ကိုယ်စားလှယ်လောင်းများအတွက် အသာစီးရရှိစေရန် လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်စေလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဟုတ်၊ မဟုတ် ရှင်းလင်းစွာပြောကြားခြင်းမရှိသေးသည့် အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်သည်လည်း သဘောထားအလယ်အလတ်ရှိသည့် ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်လာဖွယ်ရှိနေသည်။

ပိတ်ဆို့မှုများအဆုံးသတ်ရေး

ပြုပြင်ပြောင်းလဲရေးဝါဒီများအတွက်မူ ကိုယ်စားလှယ်လောင်းတစ်ဦးကိုသာ ရွေးချယ်မည်ဟုတ်၊ မဟုတ် သေချာရေရာမှုမရှိသေးဘဲ အကယ်၍ တစ်ဦးတည်းသာရွေးချယ်မည်ဆိုလျှင် အီရန်၏ ကွန်ဆာဗေးတစ်နှင့် သြဇာကြီးမားသည့် အုပ်ထိန်းသူကောင်စီ၏ အတည်ပြုချက်ရရှိရန် လိုအပ်မည်ဖြစ်သည်။

ပြုပြင်ပြောင်းလဲရေးဝါဒီ မိုတာဟာရီသည် ပြီးခဲ့သည့်နှစ်က လွှတ်တော်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် တားမြစ်ခံခဲ့ရပြီးကတည်းက ၎င်းသည် အတည်ပြုခံရရန် ဖြစ်နိုင်ဖွယ်မရှိပေ။

အလွန်ရှေးရိုးစွဲဆန်သည့် သမ္မတဟောင်း မာမွတ် အမာဒီနီဂျက်သည်လည်း မီဒီယာများနှင့် ပုံမှန်တွေ့ဆုံနေပြီး ယင်းသည် ရွေးကောက်ပွဲဝင်ပြိုင်ရန်ကြိုးပမ်းသည့် လှုပ်ရှားမှုများဖြစ်နိုင်ကြောင်း သုံးသပ်မှုများထွက် ပေါ်နေသည်။

သို့သော်လည်း အမာဒီနီဂျက်သည် အီရန်သမ္မတအဖြစ် ၂၀၀၅ ခုနှစ်မှ ၂၀၁၃ ခုနှစ် အထိ သက်တမ်းနှစ်ဆက်တာဝန်ထမ်းဆောင် ပြီးခဲ့သဖြင့် ၂၀၁၇ သမ္မတရွေးကောက်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ငြင်းပယ်ခံခဲ့ရကာ လာမည့်ရွေးကောက်ပွဲတွင်လည်း အုပ်ထိန်းသူများကောင်စီက ၎င်းအား လက်ခံဖွယ်မရှိဟု လေ့လာသူများက ဆိုသည်။

မည်ဆို့ပင်ဆိုစေ အီရန်နိုင်ငံအတွက် အမေရိကန်၏ ပိတ်ဆို့မှုများ ပြန်လည်ရုပ်သိမ်းရေးသည် အဓိကဖြစ်နေသည်။

“ရိုဟာနီဟာ သူ့ရဲ့ သက်တမ်းကုန်ကာနီးမှာ သံတမန်နည်းအရ အောင်မြင်မှုရမယ့် ဘယ်လိုကိစ္စမျိုးကိုမဆိုလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ တစ်ကယ်လို့ သူ့အနေနဲ့ ပိတ်ဆို့မှုတွေကို အဆုံးသတ်အောင် ဒါမှမဟုတ် ပြေလျော့အောင် စီမံလုပ်ဆောင်နိုင်မယ်ဆိုရင် သဘောထားအလယ်အလတ်ရှိပြီး နိုင်ငံရေးအမြင်မျှတတဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် အင်အားဖြစ်စေပါလိမ့်မယ်” ဟု အီရန်နိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ဟောင်း ဖရန်ဆွာနီကူလော့ က ပြောကြားခဲ့သည်။