ကြေးစည်

ကြေးစည်
Photo:en.wiktionary
Photo:en.wiktionary
Published 5 March 2021
ဒေါက်တာခင်မောင်ညို

(၁)

သူ့ကိုရိုက်တော့ ချာချာလည်

ကြိုးကိုဆွဲလို့ ငိုရှာတယ်။

အဲဒါဘာလဲ။ ကြေးစည်ပေါ့။

(၂)

ကျွန်တော်တို့အိမ်မှာ ကြေးစည်တစ်ခုရှိတယ်။ ဘုရားရှိခိုးမေတ္တာပို့ အမျှဝေပြီးရင် ကြေးစည်တီးပါတယ်။ ညဘက် အမေဘုရားရှိခိုးပြီး ကြေးစည်တီးသံကြားရင် စာကျက်စားပွဲမှာ အိပ်ငိုက်နေတဲ့ ကျွန်တော်တို့ မောင်နှမတွေ စာကိုကုန်းဖတ်တာကို သတိရမိတယ်။ ကြေးစည်သံနောင်ဝေဝေဆိုတာ ကျွန်တော်တို့ နားထဲကျက်သရေ အင်မတန်ရှိတယ်လို့ ထင်ပါတယ်။

တကယ်တော့ကြေးစည်တွေဟာ သူရဲ့ အသံတင်သာတာမဟုတ်ပါဘူး အသွင်အပြင်ကလည်း အင်မတန်လှပ အနုပညာဆန်ပါတယ်။ ကြေးစည်ဟာ အချိုးညီတဲ့ပုံရှိပြီး မြန်မာဆန်တဲ့ပန်းဒီဇိုင်းတွေနဲ့ ထုဆစ်ထား သလိုမြင်နိုင်ပါတယ်။ ဘယ်ကြေးစည်ကိုပဲ ကြည့်ကြည့် နှစ်လိုဖွယ်အဆင်း ဖြစ်နေတာကို တွေ့ရမှာပါပဲ။

(၃)

“မြင်အပ်မမြင်အပ် နှစ်ရပ်များစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ” ဆိုတဲ့ မေတ္တာပို့ကို ကျွန်တော် စောဒကတက်ဖူးတယ်။

“မမြင်ရတဲ့သတ္တဝါဆိုတာ ဘာကိုပြောလဲအမေ”

ကျွန်တော်ကမေးတော့ ခပ်လှမ်းလှမ်းမှာထိုင်နေတဲ့ အဖေက “ဘက်တီးရီးယားတွေကိုပြောတာ ဖြစ်မှာပေါ့ကွ” လို့ ကျွန်တော့်ကို လှမ်းပိတ်လိုက်တယ်။

ကျွန်တော်ဟာ လောကဓာတ်ပညာ နည်းနည်းတတ်လာတယ်။ မော်လမြိုင်တက္ကသိုလ်မှာ ပညာသင်ယူနေတယ်။ သိပ္ပံကျောင်းသားတစ်ယောက်ပါ။ မြင်မှယုံမယ်ဆိုတဲ့ အစွဲကို လက်ကိုင်ထားသူဖြစ်နေတယ်။ တကယ်တော့ အစွဲတစ်ခုခုနဲ့ နေထိုင်ရင် အကုသိုလ်ပဲ။ အကုသိုလ်ဟာ စိတ်မချမ်းသာစေဘူးဆိုတာကို အတော်ကြီးမှ သိလာတယ်။ အခုတော့ အမေ့ကိုတောင် ငြင်းဖို့ကြိုးစားတယ်။ အဖေက ကျွန်တော် ငရဲကြီးမှာစိုးလို့ ကြားကနေ ဝင်ဖြေပေးလိုက်တာဖြစ်တယ်။

(၄)

တစ်နေ့ကျောင်းပိတ်ရက်မှာ ကျွန်တော်အိမ်ပြန်ခဲ့တယ်။ ညနေစာစားပြီး ကျွန်တော်တို့ မိသားစုအိမ်ရှေ့ဝရန်တာမှာထိုင်ပြီး ထန်းလျက်ခဲနဲ့ ရေနွေးကြမ်းသောက်နေကြတယ်။

ည ၇ နာရီလောက်ရှိနေပေမဲ့ တောမှာအတော်မှောင်နေပြီပဲ။ တကယ်တော့ ကျွန်တော်တို့အိမ်အပေါ်ထပ် ဝရန်တာကနေ ကြည့်လိုက်ရင် တမျှော်တခေါ် လယ်ကွင်းတွေကို မြင်ရတယ်။ အဲဒီအချိန်မှာ ဟိုအဝေးလယ်ကွင်းထဲမှာ မီးလုံးတွေ တက်လိုက်ဆင်းလိုက် ဖြစ်နေတယ်။

“သားတွေ့လား၊ အဲဒါ စုန်းကစားတာ”

ကျွန်တော်က ပြုံးလိုက်ပါတယ်။ အမေတို့ အယူစွဲတွေကို ချွတ်မယ်လို့ စဉ်းစားပြီး ပြောလိုက်တယ်။

“အမေ။ အဲဒါစုန်းတွေ မဟုတ်ဘူး။ မြေကြီးထဲက ဖော့စဖရပ်တွေ မြန်မာလိုဆိုတော့ မီးစုန်းပေါ့။ အဲဒီမီးစုန်းတွေဟာ အပူအအေးသဘာဝကြောင့် အပေါ်တက်အောက်ဆင်း ဖြစ်နေတာ”

“မီးလုံးကြီးတွေဖြစ်နေတယ် သားရဲ့”

“အမေတို့မျက်စိကို လှည့်စားနေတာပါ။ ဖော့စဖရပ််တွေဟာ ဒီလိုလယ်ကွင်းတွေမှာစုပြီး ညဘက်မှောင်တဲ့အခါ တက်လိုက်ဆင်းလိုက်ဖြစ်နေတော့ လူ‌တွေက ဒါကို စုန်းလို့ထင်နေတာ”

အမေက ဘာမှမပြောဘူး။

“မရှိစုန်းရိုးဆိုတာရှိတယ်လေ အမေ။ ဆင်းရဲပြီးရုပ်ဆိုးရင် စုန်းလို့ယူဆတယ် မဟုတ်လား”

အမေရော အဖေရော ဘာမှဝင်မပြောပါဘူး။ ဒါပေမဲ့ဒီလိုကြည့်နေရင်း မီးလုံးကြီးတစ်လုံးဟာ ကျွန်တော်တို့ အိမ်ရှေ့ဘက်လာနေတာကိုတွေ့ရတယ်။ မီးလုံးဟာ လမ်းဟိုဘက်မှာ ရပ်သွားတယ်။ ပြီးတော့ အိမ်မျက်စောင်းထိုးက ဓာတ်တိုင်က မီးလုံးဆီကိုရောက်သွားလေတယ်။ မီးရောင်အောက်မှာ မီးလုံးကြီးဟာ ဆပ်ပြာပူပေါင်းလို ဖြစ်သွားပြီး တက်လိုက်ကျလိုက်နဲ့ ကစားနေတယ်။ ကျွန်တော်တို့သုံးယောက်သား ကြည့်နေတယ်။ မီးစုန်းတစ်ဖြစ်လဲ ပူဖောင်း (Bubble) ဟာ တက်လိုက်ကျလိုက်နဲ့ပါပဲ။

ကျွန်တော်တို့ ဘာမှမပြောကြတော့ပါ။ညနက်လာပြီလေ။ ကျွန်တော်တို့ အိမ်ထဲဝင်ပြီး အိပ်လိုက်ကြတယ်။ မနက်ကျတော့ ဓာတ်တိုင်မှာ ပူဖောင်းမရှိတော့ပါ။ အဲဒီကစပြီး ကျွန်တော်အမေ့ကို စောဒကမတက်တော့ပါ။

(၄)

ကျွန်တော် ပြောနေတာက ကြေးစည် အကြောင်းပါ။ အမေ မရှိတော့ပေမဲ့ အမေ့ကြေးစည်သံဒူဝေဝေကို ကျွန်တော်ကြားနေပါတယ်။ ကြေးစည် ဘယ်အချိန်က စတာလဲ။ကြေးဆိုတော့ ကြေးခေတ်ပစ္စည်းတစ်ခုပေါ့။ကျောက်ခေတ်ပြီးရင် ကြေးခေတ်ပဲလေ။ လူတွေဟာကြေးကိုတွေ့လာပြီးနောက် အလွယ်တကူကို ချက်နိုင်လာလို့ အသုံးပြုလာနိုင်တယ်။ တကယ်တော့ရွှေကိုလည်း တစ်ပြိုင်တည်းလောက်တွေ့ကြပေမဲ့ ရွှေကပမာဏမများဘူး။ ကြေးကို ကောင်းကောင်းနိုင်နင်းလာတဲ့အခါမှာမှ သံကိုသုံးလို့ တတ်လာတယ်။

သတ္တုတွေထဲမှာ အလူမီနီယံ(ဒန်)သတ္တုဟာလည်း အရေးပါတဲ့ အသုံးအဆောင်ဖြစ်ခဲ့ပါတယ်။ အခုခေတ်မှာတော့ သတ္တုတွေကို  ပိုင်ပိုင်နိုင်နိုင်ထုတ် ဖော်အသုံးချနိုင်ပြီဖြစ်တယ်။ တန်ဖိုးရှိတဲ့ ရွှေငွေပလက်တီနမ်ကို ပထမအဆင့်မှာထားတယ်။ ကြေးအလူမီနီယံ သံတို့ကိုတော့ နောက်တစ်ဆင့်မှာတယ်။ ဒီနောက်တော့ မြေရှားဒြပ်စင်လို့ခေါ်တဲ့ Rare Earth Metals တွေကို ထားရှိပါတယ်။ သတ္တု မဟုတ်တဲ့ထဲမှာတော့ ဆီလီကွန်ဟာ အရေးပါတယ်ဒြပ်စင်ဖြစ်တယ်။ ဒီပစ္စည်းတွေ အားလုံးဟာ ကမ္ဘာ့စီးပွားရေးပို့ဆောင်ရေးဆက်သွယ်ရေးတွေမှာ အရေးအင်မတန်ပါတဲ့ ပစ္စည်းတွေပါပဲ။

(၅)

ဒါဆိုရင် မြန်မာတို့က ကြေးကိုဘယ်ကရပြီး ကြေးစည်တွေကို ပေါပေါလောလော ထုတ်နိုင်ခဲ့ကြတာလဲ။ ပထဝီအနေအထားအရ မြန်မာပြည်မှာ မြောက်ကလာတဲ့ ယူရေးရှားပြတ်ရွေ့ကြော၊ အနောက်ကလာတဲ့ အိန္ဒိယပြတ်ရွေ့ကြော၊ အရှေ့တောင်ကလာတဲ့ အင်ဒိုချိုင်းနားပြတ်ရွေ့ကြောတွေ ဆုံဆည်းရာ အရပ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် မြေကြီးထဲမှာရှိတဲ့ သတ္တုလိုသယံဇာတတွေဟာ မြေပေါ်တက်လာတယ်။ ဒီအတွက်မြန်မာနိုင်ငံမှာ သတ္တုသိုက်တွေ တွင်းထွက်ကျောက်သံပတ္တမြားတွေ ပေါကြွယ်ရခြင်းပါပဲ။

မြန်မာဘုရင်တွေလက်ထက်က ဒီကျောက်သံပတ္တမြားတွေ တူးယူလုပ်ကိုင်နေကြတာပါပဲ။ ရွှေတွင်းငွေတွင်းပယင်းဒုတ္ထာလို့ ပြောကြတာကိုကြားဖူးကြမှာပဲ။တကယ်တော့ ဒုတ္ထာဆိုတာ ကြေးရဲ့ သတ်တ္တုရိုင်းပဲဖြစ်တယ်။ ဒုတ္တာကနေ ကြေးနီကို ထုတ်လို့ရတယ်။

မြန်မာတွေက မုံရွာတစ်ဖက်ကမ်း ယနေ့နာမည်ကြီးနေတဲ့ လက်ပံတောင်းတောင်အနီးရှိ ကြေးစင်တောင်ကနေ ကြေးကိုအများဆုံးထုတ်ယူကာ ဘုရာစေတီများမှာ ခေါင်းလောင်း၊ ကြေးစည်၊ မောင်းတို့အပြင် လူသုံးကိရိယာ တူရိယာပစ္စည်းများစွာကိုလည်း ထုတ်လုပ်ခဲ့ကြတယ်။ မင်းဖြူမှန်မှန်ပြောဆို တဲ့ ၅၅၅၅၅ ပိဿာရှိတဲ့ မင်းကွန်းခေါင်းလောင်းဟာ ယနေ့ကမ္ဘာအကြီးဆုံးကြေးခေါင်းလောင်းဖြစ်တယ်။

ကြေးကိုမြန်မာတွေက လက်နက်ကိရိယာများမှာလည်း သုံးကြတယ်။ အထူးသဖြင့် မြန်မာတို့ဟာ အမြောက်တွေကိုကြေးသတ္တုစပ်များနဲ့သွန်းလုပ်ကြတယ်။ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီးမှာ အင်္ဂလိပ်တွေက ပြည်တိုက်ပွဲအပြီးမှာ သိမ်းဆည်းရမိတဲ့ ကြေးအမြောက်တွေ များလွန်းတဲ့အတွက် ဧရာဝတီ မြစ်ထဲချပစ်ရတယ်လို့ သမိုင်းစာအုပ်ထဲမှာ ဖတ်ဖူးပါတယ်။ ကြေးသွန်းဘုရားဆိုပြီး ဗုဒ္ဓရဲ့မျက်နှာတော်၊ ဦးခေါင်းတော်များကိုလည်း ကြေးဖြင့်သွန်းထုကြတဲ့ မြန်မာ့လက်ရာများကိုဖူးတွေ့နိုင်ပါတယ်။

ယနေ့မှာတော့ကြေးကို လျှပ်စစ်နန်းကြိုးများကွန်ပျူတာချစ်(ပ်)များမှာ သုံးကြတာကိုတွေ့ရတယ်။

(၆)

ကြေးကို သတ္တုအတိုင်းသုံးပါက အနီရောင်ရှိပြီး သွပ်နဲ့ ရောပါက ကြေးဝါကိုရ တယ်။ကြေးဝါမှာ သံစတဲ့သတ္တုများလည်း ပါတတ်ပါတယ်။ ခေါင်းလောင်ကြီးများ သွန်းလုပ်ရာမှ သံသွပ်တို့အပြင် ရွှေငွေများပင် ပါတတ်တာကိုတွေ့ရတယ်။ ငွေကြေးဆိုတဲ့ စကားအရ ကျွန်တော်တို့ ဒင်္ဂါးများကို ငွေသတ္တု၊ ကြေးသတ္တုများကို သုံးခဲ့ကြတာ ထင်ရှားပါတယ်။ နောက်ပိုင်းမှာ ကြေးကိုဒင်္ဂါးအဖြစ် သုံးပေမဲ့ ငွေကိုလျှော့ကာ သံနီကယ် ကိုဗော့စတဲ့ သတ္တုများကို သုံးလာကြတာ ကိုတွေ့ရတယ်။

နိုင်ငံအများမှာ ငွေကြေးများကို ဒင်္ဂါးအနေနဲ့သုံးစွဲလျက်ရှိပေမဲ့ မြန်မာနိုင်ငံမှာတော့ သတ္တုပိုက်ဆံများ ကွယ်ပျောက်ကုန်ပြီ ဖြစ်တယ်။ ဖွံ့ဖြိုးပြီးနိုင်ငံအများမှာ ငွေကြေးကို ကတ်စနစ်အသုံးပြုလာကြတဲ့အတွက် စက္ကူရော အကြွေစေ့များပါ ပျောက်ကုန်စ ပြုလာတာကို တွေ့ရတယ်။  မြန်မာနိုင်ငံမှာလည်း အကြွေးကတ်များ (Credit Card) ကြို တင်ငွေဖြည့်ကတ် (Debit Card) တွေကို အသုံးတွင်လာပြီ ဖြစ်တယ်။

တကယ်တော့ ပိုက်ဆံအကြွေစေ့တွေကတော့ကျွန်တော်တို့ဆီ အမှတ်တရ သိမ်းသူတွေထံနဲ့ ပြတိုက်ထဲကို ရောက်သွားပြီဖြစ်တယ်။ တောရွာအချို့မှာတော့ သူကြီးက အကြောင်းတစ်စုံတစ်ရာ နှိုးဆော်တဲ့အခါ မောင်းဖြင့်ဒူဟူဟူဆိုပြီး လှည့်လည်အော်နေတာကိုတွေ့နေရသေးပေမဲ့ တရုတ်ပြည်ကလာတဲ့ မဂ္ဂါဖုန်း (အသံချဲ့စက်) ကိုသာ အသုံးများလာတာကိုတွေ့ရတယ်။ သံဃာတော်များ တန်းဆွမ်းခံကြွတဲ့အခါတွေမှာလည်း ကြေးစည်နဲ့ ဆွမ်းခံမကြွတော့ဘဲ မဂ္ဂါဖုန်း (အသံချဲ့စက်)နဲ့သာ ကြွကြတာကိုတွေ့ရတယ်။ အသုဘတွေမှာတော့ ကြေးစည်အကြီးကြီးကို သုံးကြပါတယ်။

တစ်ခေတ်က ထောက်ကြန့်မှာရှိတဲ့ ကိုယ်ရေပြားရောဂါသည်တွေကို ဖောင်ကြီးရွာအနီး မရမ်းတလင်းပို့တဲ့အခါ အသေအပျောက်များလွန်းလို့ အသုဘချတဲ့အခါ သုံးတဲ့ကြေးစည်ပါထုရင်း နှစ်ခြမ်းကွဲရတယ်ဆိုတဲ့အဖြစ်ကို အဲဒီမှာ ဟောပြောပွဲသွားစဉ် ကြားရဖူးတယ်။

ဒါပေမဲ့ ကြေးစည်ကထွက်တဲ့ နောင်ဝေဝေသံလေးကတော့ အိမ်အများမှာ ယနေ့တိုင် ကြားနေဆဲပဲ။ ကြေးစည်သံကြားရင် အမေ့ကို သတိရမိသလို မြန်မာ့ယဉ်ကျေးမှုအတွက်လည်း ဂုဏ်ယူမိတယ်။ ရိုးရာစစ်စစ် မြန်မာတို့ရဲ့ပြည်တွင်းဖြစ်ကြေးစည်များကို အားပေးကြပါလို့ တိုက်တွန်းကြောင်း တင်ပြအပ်ပါတယ်။