ပင်လယ်ငေးသူ

ပင်လယ်ငေးသူ
Photo:Britannica
Photo:Britannica
Published 5 March 2021
ကြူးနှစ်

ကမ္ဘာဦးရှေးလူတစ်ယောက်သည် ပင်လယ်ကမ်းခြေ သဲသောင်ပြင်ပေါ်မှာ အထီးတည်းထိုင်၍ ပင်လယ်ပြင်ကို ငေးကြည့်နေသည်။ သူ ရေကသိုဏ်းရှုနေခြင်းတော့ မဟုတ်။ ရေကသိုဏ်းရှုခြင်းဆိုသည် ထိုစဉ်ကရှိခဲ့မှာ မဟုတ်။ ရေကသိုဏ်းဟူသည် ဘယ်အရာဟု ဘယ်သူကမျှ သိရှိသေးသည်လည်း မဟုတ်ပါချေ။ ထိုမလုံတလုံ အဝတ်အစား၊ ဆံရှည်ဖားလျားနှင့် ညှင်းသိုးသိုးလူကြီး ငေးကြည့်နေသည်မှာ ပင်လယ်နယ်နိမိတ်အစွန်ဆီမှာ မိုးကုပ်စက်ဝိုင်း၊ မိုးကုပ်စက်ဝိုင်းနောက်နားဆီက အရိပ်အယောင်ဆန်သော ၀ိုးတဝါး သဏ္ဌာန်များသာဖြစ်ကြသည်။ ထိုနေရာတွင် လက်ရှိသူ ရှင်သန်နေထိုင်ရာ ကုန်းမြေထက် အစစအရာရာ သာလွန်ကောင်းမွန်သော နေရာထိုင်ခင်း စားရေရိက္ခာ၊ မိမိနှင့် သွေးတူမွေးတူ ပေါင်းဖော်သင်းပင်းများ ရှိကြလေ သည်လားဟု သူစဉ်းစားနေခဲ့ခြင်းဖြစ်သည်။ သို့ဖြင့် ထိုသူသေဆုံးပြီး နှစ်ပေါင်းထောင်ချီ၍ ကြာသောအခါ ဥရောပတိုက် အီတလီနိုင်ငံရှိ ဂျီနိုဝါမြို့သား “ခရစ္စတိုဖာကိုလမ်ဘတ်” ဆိုသူ ယောက်ျားတစ်ယောက်သည် ပင်လယ်ငေးသူ ဖြစ်လာခဲ့သည်။

ကိုလမ်ဘတ်သည် ပင်လယ်ငေးရာမှ သူ့စိတ်ကူးထဲတွင် အရှေ့ဘက်ပထဝီတိုက် ကြီးမှ လိုတရပစ္စည်းဥစ္စာ ပဒေသာပင်ကြီး မြင်ယောင်လာသည်။ စပိန်ဘုရင် “ဖာဒီနန်နှင့် မိဖုရား အဇ္ဇဘဲလား” တို့က ကိုလမ်ဘတ်၏ စိတ်ကူးကို အကောင်အထည် ရုပ်ဒြပ်အသွင်ပြောင်းရန် အင်တိုက်အားတိုက် ပံ့ပိုးကူညီသည်။ သို့ဖြင့် ကိုလမ်ဘတ်သည် အမေရိကအလယ်ပိုင်းကျွန်းစုများကို စတင်တွေ့ရှိသွားကာ စပိန်အလံတော် စိုက်ထူလိုုက်သည်။ ကိုလမ်ဘတ်တွေ့ရှိခဲ့သော နယ်သစ်ပယ်သစ် အမေရိကကုန်းမြေမှ နည်းအမျိုးမျိုးဖြင့် ရရှိခဲ့သည့် ပစ္စည်းဥစ္စာရတနာများကို အရင်းအနှီးပြုကာ စပိန်နိုင်ငံသည် (စစ်ပွဲများ အကြိမ်ကြိမ် ဆင်နွှဲခဲ့ရသော်လည်း) လူချမ်းသာ နိုင်ငံအဆင့်မှ လျှောကျမသွားခဲ့ရတော့ပေ။ ဟာသတစ်ပုဒ်တော့ တွင်ရစ်ခဲ့သည်။ ကိုလမ်ဘတ်သည် သူတွေ့ခဲ့သော ကုန်းမြေမှာ အိန္ဒိယ ပထဝီတိုက်ကြီးဟူ၍ သူသေသည့်တိုင် မှတ်ယူစွဲပိုက်သွားခဲ့ခြင်းဖြစ်တော့သည်။ နောက်ထပ်ဟာသတစ်ပုဒ်မှာ ကိုလမ်ဘတ်သည် သူတွေ့ခဲ့သည့် ကုန်းမြေသစ်အတွက် နာမည်ခံခွင့်မရ။ နယ်သစ်ရှာဖွေ၍ မြေပုံရေးဆွဲပြုစုသူ အီတာလျံလူမျိုး Amerigo Vescuppi ကသာ “အမေရိက” နာမည်ခံခွင့်ရသွားသည်။ ကိုလမ်ဘတ်အတွက် တောင်အမေရိကတိုက်တွင် “ကိုလမ်ဘီယာ” နိုင်ငံနှင့် မြောက်အမေရိကတိုက်တွင် “ကိုလမ်ဘတ်မြို့” တို့သာ နာမည်အမွေခံခွင့် ကျန်ရစ်ခဲ့သည်။ ၁၅၀၆ ခုနှစ်၌ ကိုလမ်ဘတ် ကွယ်လွန်သောအခါ သူသည် ကျောက်သံပတ္တမြား သယံဇာတပေါများ၍ အဖိုးတန်ဟင်းခတ်အမွှေးအကြိုင်များ အလျှံပယ်ရှိသော အိန္ဒိယပထဝီတိုက်ငယ်ကို တွေ့ခဲ့ရပြီဟု စိတ်နှလုံးဒုံးဒုံးချကာ အသေဖြောင့်ခဲ့ဖို့ များပါသည်။

အမေရိကတိုက်ကြီးကို တွေ့ရှိခဲ့သော ကိုလမ်ဘတ်သည် အမေရိကပင်မကုန်းမြေပေါ်သို့ မတက်ရောက်၊ ခြေမချခဲ့ဖူးသည့်တိုင် ထိုပထဝီတိုက်ကြီး၏ သမိုင်းလမ်းကြောင်းကို အသစ်ဖောက်လုပ်ပေးလိုက်သည်နှင့် တူသည်။ အမေရိကတိုက်ကြီးသည် အလယ်တွင် ခါးသိမ်နေသောကြောင့် တောင်မြောက်နှစ်ခြမ်းခွဲ၍ မှတ်သားကြသည်။ အမှန်တကယ် ယဉ်ကျေးမှုကြီးများ ဖွံ့ဖြိုးခဲ့သည်က တောင်အမေရိကတိုက်ဖြစ်သည်။ မူလဒေသခံ မာယာလူမျိုးကြီးတို့သည် ခမ်းနားသောယဉ်ကျေးမှုကြီး တည်ဆောက်နိုင်ခဲ့ကြသည်။ တောင်ဘက်ခြမ်းထက် မြေပြန့်လွင်ပြင်၊ မြစ်ချောင်းအင်းအိုင် ပိုမိုပေါများသော မြောက်ဘက်ခြမ်းရှိ ဒေသခံ တိုင်းရင်းသားများမှာ လူဦးရေများပြားသလို လူမျိုးစု၊ လူမျိုးစိတ် များပြားရှုပ်ထွေးသည့်တိုင် တောင်ဘက်ခြမ်းက ဒေသခံများ၏ ခမ်းနားလှသည့် ယဉ်ကျေးမှုမျိုး မရှိခဲ့။ သို့သော် တောင်ဘက်ခြမ်းက ယဉ်ကျေးမှုကြီးများသည် စောစီးစွာ ပြိုကျသွားပြီး လက်ကျန်ဒေသခံတို့သည် ရှေးဦးတောတွင်းသားဘဝသို့ ပြန်လည်ဆုတ်ခွာ ဝင်ရောက်သွားကြသည်။ အချို့သုတေသီများက ကပ်ရောဂါဘေးကျရောက်သဖြင့် မာယာနှင့် အင်ကာယဉ်ကျေးမှုများ ပျက်သုဉ်းသွားခဲ့ခြင်းဖြစ်နိုင်ကြောင်း မှန်းဆကြသည်။ အချို့ကတော့ သတ္တန္တရကပ် (စစ်ဘေး) ဆိုက်ရောက်ပြီး ယဉ်ကျေးမှုကြီးများလုံးပါးပါးသွားခဲ့ကြဟန်ရှိကြောင်း ယူဆကြသည်။ နှောင်းလူများ သိနိုင်သည်ကတော့ နယ်ချဲ့အစီအမံများတွင် လက်ရဲဇက်ရဲ ကြမ်းကြုတ်သော စပိန်များ ဦးဆောင်၍ ပေါ်တူဂီ၊ ဒတ်ချ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ အီတလီ နိုင်ငံသားများ ဝင်ရောက်စိုးမိုးနှိပ်ကွပ်ကြရာက  တောင်အမေရိကန်က၏ မူလယဉ်ကျေးမှုကြီးများ ပြိုလဲလွင့်ပါးသွားခြင်းဖြစ်ကောင်း ဖြစ်နိုင်သည်။ သတ္တုချလိုက်လျှင် အမေရိကကို လမ်းညွှန်ခဲ့သူ ခရစ္စတိုဖာကိုလမ်ဘတ်မှာ အပြစ်မကင်းသလိုမျိုး ဖြစ်နေတော့သည်။

စောဒကတက်စရာကား အမေရိကကို ခရစ္စကိုဖာကိုလမ်ဘတ် မတွေ့လျှင်လည်း အခြားစွန့်စားရှာဖွေသူ ဥရောပသားတစ်ယောက်ယောက်က သေချာပေါက်တွေ့ရှိမှာဖြစ်သည်။ တွေ့ရှိလျှင် အမေရိကရှိ ရှေးဟောင်းယဉ်ကျေးမှုကြီးများ၊ ဓလေ့ထုံးတမ်းများ၊ ဘဝဟန်ပန်များ ပျက်စီးပျောက်ကွယ်သွားကြမှာဟု ပြောနိုင်သည်။ ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ ယုံကြည်မှုအတိုင်း ပြောရလျှင် ဘယ်အရာမျှမမြဲ၊ သက်ရှိသက်မဲ့ အရာအားလုံး ‘ဥပါဒ်-ထီ-ဘင်’ ဖြစ်စဉ် နိယာမအရ” ပျက်စီးလွင့်ပါးကြရမှာဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အချို့တင်စားကြသလို သမိုင်းဘီးကြီးသည် မည်သည့်အရာကမျှ တား၍ဆီး၍ မရသလို ရှေ့သို့ လှိမ့်သွားတတ်ပါသည်။ သမိုင်းဘီးကြီး လိမ့်သွားအောင် နောက်မှ တွန်းဖိသောအားသည် လူတို့၏ ‘လောဘ’ ဟူ၍သာ ကျွန်တော် ထင်သည်။ ဤရွေ့ဤမျှလောက် အထင်ကရ နာမည်ကျော်လွန်းသော လောကသားကြီး ခရစ္စတိုဖာကိုလမ်ဘတ်သည် အလွဲများ ဟာသကလေးများတော့ ချန်ထားရစ်ခဲ့သည်။

စပိန်သင်္ဘောသုံးစီးဖြင့် စတင်ရွက်လွှင့်တုန်းက ကိုလမ်ဘတ်၏ ရည်ရွယ်ချက်မှာ စိန်ရွှေငွေကျောက်သံပတ္တမြားနှင့် ဟင်းခတ်အမွှေးအကြိုင်များ လှိုင်ဘောလယ်အောင် ပေါများသည့် အိန္ဒိယပထဝီတိုက်ကြီးဆီသို့ ဆိုက်ရောက်ရန်ဖြစ်သည်။ သို့ရာတွင် သူရောက်ရှိသွားသည့် အမေရိကပထဝီတိုက်ကြီး အလယ်ပိုင်းမှ ပင်မကုန်းမြေကြီး၏ အရှေ့ဘက်ရှိ (ယခု ကာရစ်ဘီယန်ကျွန်းစု ဟုခေါ်သော) ကျွန်းစုများထဲမှ ကျွန်းကြီးတစ်ကျွန်းဆီသို့သာ ဖြစ်သည်။ ထိုကျွန်းကို San Salvador ဟု နာမည်မှည့်လိုက်သည်။ သူ့ကိုယ်သူ အိန္ဒိယရောက်ရှိပြီဟု ထင်ကာ ဒေသခံကျွန်းသားများကို Indios ဟု ကိုလမ်ဘတ်က ကင်ပွန်းတပ်ပြန်သည်။  Indien ဟုလည်းကောင်း၊ Indianer ဟု လည်းကောင်း ခေါ်ကြရာက ဥရောပသားတို့၏ နှုတ်ဖျားတွင် Indian ဟု အတည်ဖြစ်သွားသည်။ သို့နှင့် ယင်းတို့ကျွန်းစုဒေသကို နောင်သော် အနောက်အိန္ဒိယကျွန်းစု West Indies ဟု ခေါ်ကြသည်။ အလွဲလွဲအချော်ချော်နှင့် အတည်ဖြစ်သွားသည်။ ဒေသခံတို့မှာလည်း မဆီမဆိုင်နှင့် အိန္ဒိယသား Indian ဟု အခေါ်ခံကြရသည်။ နောက်ပိုင်းတွင် အသားရောင် နီမြန်းသူများအဖြစ် Peaux-rouges ဟု ခေါ်ကြရာ ဒေသခံတို့မှာ ‘လူနီ’ redskin အဖြစ် သမုတ်ခံကြရရှာ ပြန်လေသည်။

ပမာနှိုင်းရလျှင် လွင်ပြင်တစ်ခုမှာ ချည့်နဲ့ယိမ်းယိုင်စွာ ရွေ့လျားနေသော တိရစ္ဆာန်တစ်ကောင်ကို ကောင်းကင်အမြင့်မှာ ဝေ့ဝဲပျံသန်းရင်း အစာရှာနေသည့် လင်းတတစ်ကောင်က တွေ့ရှိသွားသည့်နှယ်ဖြစ်ပါသည်။ သူအချက်ပြလိုက်သဖြင့် လင်းတအပေါင်းအဖော်အုပ်စုကြီး ရောက်ရှိလာကြကာ မြေပြင်ဆီသို့ တဝီဝီထိုးဆင်းသွားကြသည်။ ထို့နောက် သေလုအံ့ဆဲဆဲအကောင်ကို နိဂုံးချုပ်စေလိုက်ပြီး ထိုးကြ၊ ဖောက်ကြ၊ ဆိတ်ကြ၊ ဆွကြနှင့် နောက်ဆုံးမှာတော့ တိရစ္ဆာန်အကောင်သည် ဦးခေါင်းခွံနှင့် နံရိုးအိမ်သာ ကျန်ရစ်ခဲ့ရှာသည်။

၁၄၉၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် ‘စန်ဆာလဗေဒေါ’ ကျွန်းကလေးဆီသို့ ကိုလမ်ဘတ်ခြေချပြီးနောက် ဆယ်စုနှစ်တစ်စုမပြည့်ခင်ကာလအတွင်း အမေရိကဒေသခံတိုင်းရင်းသားများ သိန်းချီ၍ သက်ရှိလူသားစစ်စစ်ဘဝမှ မြေကြီးသြဇာ ဖြစ်သွားကြကုန်သည်။ ဥရောပသားများအတွက် သေနတ်၊ အမြောက်၊ မီးပေါက်လက်နက်တို့ကို အမေရိကဒေသခံများ အန်မတုနိုင်ရှာကြပါ။ စင်စစ် ကိုလမ်ဘတ်က ကျွန်းမြေပေါ်ခြေချခဲ့နိုင်သည့်ကာလသည် ဒေသခံတို့၏ ကျွန်နိဒါန်းအချိန်မျှသာ ရှိသေး၏။

အမှန်ဆိုရပါသော် အမေရိကဒေသခံ တိုင်းရင်းသားလူ့အဖွဲ့အစည်းကြီးသည် မည်သည့်ကုန်းမြေ ပထဝီတိုက်နှင့်မျှမတူသော သီးခြားပထဝီတိုက်ကြီးမှာ သီးခြားလူမျိုးနွယ်များအဖြစ် နှစ်ကာလသန်းချီကြာအောင် နေထိုင်ရှင်သန်ခဲ့ကြသူများဖြစ်ကြသည်။ သူတို့သည် တောတွင်းသား အရိုင်းအစိုင်း Savage မဟုတ်။ သားစိမ်းစား ငါးစိမ်းစားများ မဟုတ်။ ဘုရားမဲ့တိတ္ထိများ မဟုတ်။ သူတို့ ယုံကြည်ရာ ခမ်းနားလှပသည့် နတ်ဒေဝါများ ရှိကြ၏။ ဒီဇိုင်းအကွက်အဆင်လှပသော အဝတ်အစားများ  ဝတ်ဆင်ကြသည်။ စာပေမရှိသော်ငြား နှုတ်ပြောသမိုင်း၊ နှုတ်ပြောဒဏ္ဍာရီ၊ နှုတ်ပြောယဉ်ကျေးမှုဓလေ့တို့ ကြွယ်ဝကြသည်။ သူတို့၏ ရိုးရာယုံကြည်မှုသည်ပင်လျှင် သူတို့၏ ဘဝအမြင် ဒဿနဖြစ်သည်။ သူတို့ လူမျိုးစုများထဲမှာ စစ်သွေးကြွများ မရှိကြသည့်တိုင် သူတို့မှာ စစ်ရေးငင်ရန် စစ်ဆင်ရန် သေနင်္ဂဗျူဟာများ ရှိကြသည်။ အချုပ်ပြောရလျှင် သူတို့သည် ရိုးသားဖြောင့်မတ်သူများ ဖြစ်ကြသည်။

ကိုလမ်ဘတ်သည် မိမိတို့အား လှိုက်လှဲစွာ ခရီးဦးကြိုပြု၍ပျူငှာစွာ ဧည့်ဝတ်ပြုကြသော တိုင်နို Taino ဌာနေတိုင်းရင်းသားတို့အား ဥရောပသားများကဲ့သို့ ခေတ်မီယဉ်ကျေးမှုထဲသို့ ကူးပြောင်းပေးချင်သော စေတနာရှိခဲ့သည်ဟု ဆို၏။ ကိုလမ်ဘတ်ကိုယ်တိုင်ဆုံခဲ့သော တိုင်နိုဒေသခံ ၁၀ ဦးကို တိတ်တဆိတ် ပြန်ပေးဆွဲ၍ စပိန်သို့ခေါ်သွားသည်။ ရည်ရွယ်ချက်မှာ အမေရိကသားများကို ခေတ်မီယဉ်ကျေးမှုပုံသွင်းပေးရန် ဖြစ်သည်။ တိုင်နိုတစ်ယောက်မှာ သေဆုံးသွားရာ သူမသေဆုံးမီကလေးမှာ ကမန်းကတန်း ‘ရေဖြန်းမင်္ဂလာ’ ခံယူစေ၍ ခရစ်ယာန်ဘာသာထဲ သွတ်သွင်းပေးလိုက်သည်။ ထိုသူ ကွယ်လွန်သည်နှင့် ကောင်းကင်ဘုံသို့ ပထမဆုံးဝင်ရောက်နိုင်သူအဖြစ် အနောက်အိန္ဒိယကျွန်းစုများဆီ သတင်းလွှင့်လိုက်လေသည်။ ကိုလမ်ဘတ်သည် နယ်သစ်ရှာသူ လူစွန့်စားနယ်ချဲ့ နတ်လမ်းညွှန်မျှသာမဟုတ်ဘဲ ခရစ်ယာန် သာသနာပြုကြီးတစ်ဦးပါ ဖြစ်လာသေးသည်တကား။

တိုင်နိုနှင့် အာရာဝက် Arawak ဒေသခံ တိုင်းရင်းသားတို့သည် မုတ်ဆိတ်ထူသာသနာပြုများက အခမ်းအနားဖြင့် ဘာသာသွတ်သွင်းမှုကို ငြိမ်သက်စွာ ခံယူခဲ့ကြသည်။ သို့သော် ထိုမုတ်ဆိတ်ထူကြီးများကပင် ရွှေငွေရတနာများ ရှာဖွေကြ၊ တိုင်းရင်းသားရွာကလေးများကို သေနတ်အားကိုးနှင့် တိုက်ခိုက် လုယက်ကြသောအခါ ဘယ်လိုနားလည်ရမှန်း မသိကြတော့။

နယ်ချဲ့အင်္ဂလိပ်တို့ အမေရိကသို့ ရောက်ရှိလာကြပြီး ဒေသခံတို့ကို ကိုင်တွယ်ထိန်းချုပ်ပုံကလည်း ကိုလမ်ဘတ်၏လူစပိန်များနှင့် ထူးမခြားနားဟု ဆိုရမည်။ မြောက်အမေရိကမှ ဗာဂျီးနီးယားပြည်နယ်သို့ အင်္ဂလိပ်တို့ခြေမချမီ ၁၆၀၇ ခုနှစ်ကတည်းက ဒေသခံတို့သည် အင်္ဂလိပ်တို့၏သတင်းကိုရရှိခဲ့ပြီး ဖြစ်ကြသည်။ အင်္ဂလိပ်တို့သည် စပိန်တို့ထက် သိမ်မွေ့နူးညံ့ကြသည်ဟု ဒေသခံများက ထင်ကြသည်။ အင်္ဂလိပ်တို့သည် “ဂျိမ်းစ်တောင်း” Jamestown ဟု သမုတ်လိုက်သောမြို့၌ သူတို့အခြေစိုက်သည်နှင့် “ဝေဟန်ဆွန်နာကွတ်” ဟူသော ဒေသခံလူမျိုးစုခေါင်းဆောင်ကို ဘုရင်အဖြစ် သရဖူဆောင်းပေးကာ “ပေါင်ဟက်တန်” Phwhaton ဘုရင်ဧကရာဇ်ဟူ၍ သိဒ္ဓိတင်ပေးလိုက်သည်။ ပေါင်ဟက်တန်သည် သဘောကျနှစ်ခြိုက်ကာ သူ၏သမီးတော်နှင့် အင်္ဂလိပ်လူမျိုး “ဂျွန်ရာ့ဖ်” ဆိုသူကို လက်ထပ်ထိမ်းမြားပေးလိုက်သည်။ သူ့ကိုယ်သူလည်း အင်ဒီးယန်းတစ်ဦးထက် အင်္ဂလိပ်တစ်ဦးနှင့် ပို၍တူသွားပြီဟု ကြေညာသည်။ အမေရိကဒေသခံများထဲတွင် ဆိုခဲ့သော “ပေါင်ဟက်တန်” ကဲ့သို့ ရိုးစင်းထုံအသည့် လူမျိုးစုခေါင်းဆောင်များ ရှိကြသေးသည်။

နယူးအင်္ဂလန်ဟု အမည်မတွင်သေးမီ ကာလတုန်းက ထိုဒေသတွင် “ပီမာကွစ်” တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်တစ်ဦး ရှိခဲ့သည်။ ၁၆၂၅ ခုနှစ်တွင် ထိုဒေသသို့ အင်္ဂလိပ်လူမျိုးများ အခြေချစပြုလုပ်ကြ၏။ အင်္ဂလိပ်တွေက ဒေသခံခေါင်းဆောင် “ဆာမိုဆက်” ထံမှာ မြေဧက ၁၂,၀၀၀ တောင်းခံသည်။ ဆာမိုဆက်ထံမှာ မြေတောင်းခံသည်မှာ ဒေသခံများအတွက် ရယ်စရာဖြစ်နေသည်။ ဆာမိုဆက်က ဤမြေပြင်တစ်ဝန်းသည် သူတို့ ယုံကြည်ကိုးကွယ်ကြသည့် မဟာဝိညာဉ်တော်သခင်က လူသားအားလုံးအတွက် ပေးသနားတော်မူခဲ့ဖြစ်၍ မည်သူမဆို လိုချင်လျှင် ယူနိုင်သည်ဟု ဆိုသည်။ အင်္ဂလိပ်လူလည်များက သဘောတူစာချုပ်ဆိုပြီး စာမတတ်ပေမတတ် ဆာမိုဆက်ကို စက္ကူတစ်ရွက်ပေါ်မှာ အမှတ်အသား လုပ်ခိုင်းသည်။ (လက်ဗွေနှိပ်ခိုင်းခြင်းဖြစ်အံ့ထင်ပါသည်။) ဒေသခံ အင်ဒီးယန်းတို့သည် ဤမျှအထိ ရိုးအ၊ ဤမျှအထိ လိုက်လျောလွယ်ကြသော်လည်း တိုင်းရင်းသားလူငယ်ပိုင်းက အင်္ဂလိပ်တို့ကို မကျေနပ်။ အင်္ဂလိပ်တို့ မတရားအမှားကျူးလွန်ခြင်းကို တုံ့ပြန်တိုက်ခိုက်၊ သတ်ဖြတ်ဖျက်ဆီးကြသည်။ နယ်ချဲ့တို့က တပ်ထောင်ကာ ဗိုလ်ထုနှင့် နိုင်ထက်စီးနင်းတိုက်ခိုက်ကြသည်။ ရက်ပိုင်းအတွင်းမှာပင် မူလက ဦးရေရှစ်ထောင်ကျော်ရှိခဲ့သည့် ဒေသခံတိုင်းရင်းသားများမှာ အင်္ဂလိပ်တို့၏ မီးပေါက်အမြောက်ကျည်ဆန်များ အောက်မှာ အသက်ရှင်ခွင့်ရသူဆို၍ တစ်ထောင်ပင်မပြည့်တော့ဟု ဆိုသည်။

ဘာမျှ မကြာလှသေးသည့် ဘော်လ်ကန်စစ်ပွဲအတွင်းမှ ပေါ်ထွက်လာခဲ့သည့် “မျိုးတုံးသုတ်သင်မှု” Ethnic Cleaning ဆိုသည်မှာ ၁၇ ရာစုကတည်းက အမေရိကမှာ ရှိခဲ့ဖူးသည် မဟုတ်ပါလော။

အမေရိကပင်ရင်းဒေသခံများမှ ဝေးလှမ်းကြာမြင့်စွာ ဆင်းသက်လာခဲ့ကြသော အင်ဒီးယန်းကပြားဗန္ဓတ်များ ယနေ့အမေရိကမှာရှိနေကြပါသေးသည်။ သူတို့ထဲမှာ အချို့သည် အမျိုးလည်းပြုန်း၊ တိုင်းပြည်သည်လည်း ဆုံးခဲ့ရသည့်သမိုင်းကို သတိရကာ ပင်လယ်ငေးသူကြီး ခရစ္စတိုဖာကိုလမ်ဘတ်ကို ကျိန်ဆဲကောင်း ကျိန်ဆဲနေကြပေလိမ့်မည်။