တောင်သူလယ်သမားနေ့နှင့် တောင်သူလယ်သမားတို့၏ လူမှုစီးပွားဘဝ

တောင်သူလယ်သမားနေ့နှင့် တောင်သူလယ်သမားတို့၏ လူမှုစီးပွားဘဝ
Published 1 March 2021

တောင်သူလယ်သမားနေ့ကို ၁၉၆၃ ခုနှစ်ကစ၍ နှစ်စဉ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြသော်လည်း ၁၉၆၅ ခုနှစ်မှစ၍ တောင်သူလယ်သမားနေ့ကို မတ်လ ၂ ရက်နေ့တွင် ပြောင်းလဲ ကျင်းပလာခဲ့သည်။ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေး နိုင်ငံအဖြစ် ပုဂံခေတ် မတိုင်မီကတည်းက ယခုတိုင် နှစ်ပေါင်းထောင်ချီ ရပ်တည်လာခဲ့ပြီး မြန်မာနိုင်ငံသားအများစုမှာ တောင်သူလယ်သမား သို့မဟုတ် လယ်ယာကဏ္ဍကို အမှီပြု၍ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နေသူများ ဖြစ်ကြသည်။ မြန်မာနိုင်ငံလူဦးရေ၏ ရာခိုင်နှုန်း ၇၀ မှာ လယ်ယာ လုပ်ငန်းများဖြင့် အသက်မွေးကြသူများဖြစ်ရာ ခေတ်အဆက်ဆက် အစိုးရများနှင့် နိုင်ငံရေးသမားတို့အတွက် အရေးပါသော လူတန်းစားတစ်ရပ် ဖြစ်နေသည်။ တစ်နိုင်ငံလုံး၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ၏ ရာခိုင်နှုန်း ၃၀ ခန့်ကိုလည်း လယ်ယာကဏ္ဍမှ ရရှိသည်။ သို့သော် တောင်သူ လယ်သမားအများစုမှာမူ လူမှုစီးပွားဘဝ နိမ့်ကျနေဆဲဖြစ်သည်။

လူမှုစီးပွားဘဝဟူသည် အဘယ်နည်း။ လူမှုစီးပွားဘဝဟူသည် လူမှုရေးဆိုင်ရာ အပြုအမူများနှင့် စီးပွားရေးတို့အကြား ဆက်နွှယ်ချက်ဖြစ်ပြီး လူမှုရေးစံသတ်မှတ်ချက်များ၊ ကျင့်ဝတ်များနှင့် အခြားလူမှုရေးအတွေးအခေါ်များက လူတို့၏အပြုအမူအပေါ် သက် ရောက်ပြီး စီးပွားရေးကို ပုံသွင်းပုံကို စစ်ဆေးမှုမှ သိရှိနိုင်သည်။ လူ့အဖွဲ့အစည်း သို့မဟုတ်  စီးပွားရေးတစ်ခုအတွင်း အပြောင်းအလဲများမှ ဖြစ်နိုင်ဖွယ်ရလဒ်များကို စစ်ဆေးရန် သမိုင်း၊ နိုင်ငံရေးနှင့် အခြားလူမှုရေး သိပ္ပံဘာသာရပ်များကို အသုံးပြုနိုင်သည်။ လူမှုစီးပွားဘဝတွင် ၎င်းတို့၏ တတ်နိုင်စွမ်းအပေါ် အခြေခံလျက် အချို့သော လူတန်းစားများ အတွက် မရရှိနိုင်သည့် ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများ ရှိနေသည်ကိုလည်း စစ်ဆေးနိုင်သည်။ ယင်းတွင် တိုးတက်သော ကျန်းမာရေးစောင့်ရှောက်မှု သို့မဟုတ် လုံ လောက်သော ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးအခွင့်အလမ်းများနှင့် အာဟာရ ပြည့်ပြည့်ဝဝရရှိနိုင်စွမ်းတို့အား စစ်ဆေးသုံးသပ်မှု ပါဝင်သည်။ အမှန်တကယ်၌ တစ်ဦး ချင်း၏ လူမှုစီးပွားဘဝက ၎င်းတို့၏ ယုံကြည်မှုနှင့် သဘောထားများကို ပုံသွင်းခြင်းဖြစ် သည်။ ယင်းတွင် ၎င်းတို့အတွက်ရရှိနိုင်သော သို့မဟုတ် မရရှိနိုင်သော အခွင့်အလမ်း များနှင့်ပတ်သက်သော စိတ်ကူးများအပြင် သွားသင့်သော ဘဝလမ်းကြောင်းနှင့်ပတ် သက်သည့် ယုံကြည်မှုများ ပါဝင်သည်။

တောင်သူလယ်သမားတို့၏ လူမှုစီးပွားဘဝတိုးတက်လာစေရေးအတွက် စားနပ် ရိက္ခာဖူလုံမှု၊ အာဟာရပြည့်ဝရေးနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းမှုတို့ တိုးတက် လာစေရန်၊ တောင်သူလယ်သမားများ၏ အခွင့်အရေးပြည့်ဝစွာ ရရှိခံစားနိုင်စေရန်နှင့် အကျိုးစီးပွားမြင့်မား လာစေရန်တို့အပြင် လယ်ယာကဏ္ဍတွင် ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံမှုများ တိုးတက်လာစေရေး အားပေးဆောင်ရွက်ရန်တို့ လုပ်ဆောင်ရမည်ဖြစ်သည်။ လယ်ယာထွက်ကုန်သီးနှံများကို စျေးပြိုင်စနစ်ဖြင့် ရောင်းချသည့်စနစ်ဖြစ်သော နိုင်ငံတ ကာအဆင့်မီ လက်ကားစျေးကွက် (Whosale Market) များ ပေါ်ပေါက်လာရေး အတွက်လည်း စနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်သည်။ ပြည်ထောင်စုတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများအပါအဝင် နိုင်ငံသားအားလုံး၏ ရေရှည်အမျိုးသားရေးအကျိုး စီးပွားအတွက် ကြုံတွေ့ရင်ဆိုင်ကြရမည့် စိန်ခေါ်မှုများနှင့် အတားအဆီးများ၊ အခက်အခဲမှန်သမျှတို့အား ကျော်လွှားရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

အမှန်တကယ်၌ နိုင်ငံ၏ GDP ရာခိုင်နှုန်း ၃၀ သည် လယ်သမားများထံမှ ရရှိရုံသာမက မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးကို အားပြုနေရဆဲနိုင်ငံ၌ တောင်သူလယ်သမားများသည်  နိုင်ငံ၏ အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး လူတန်းစားတစ်ရပ်လည်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအကျဆုံးအချက်တစ်ရပ်မှာ တောင် သူလယ်သမားတို့၏ လူမှုစီးပွားဘဝကို တိုးတက်အောင် မြှင့်တင်ပေးရန်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■  မတ်လ  ၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်