လူထုဆန္ဒထုတ်ဖော်မှုတွင် နေပြည်တော်ရှိ လက်ရွေးစင်အားကစားသမားများ သက်ဆိုင်ရာအားကစားနည်းအလိုက် ပြိုင်ပွဲဝင်ဝတ်စုံများဝတ်ဆင်၍ ပါဝင်ခဲ့ပြီး အစားအသောက်များလှူဒါန်း

လူထုဆန္ဒထုတ်ဖော်မှုတွင် နေပြည်တော်ရှိ လက်ရွေးစင်အားကစားသမားများ သက်ဆိုင်ရာအားကစားနည်းအလိုက် ပြိုင်ပွဲဝင်ဝတ်စုံများဝတ်ဆင်၍ ပါဝင်ခဲ့ပြီး အစားအသောက်များလှူဒါန်း
Published 14 February 2021

နေပြည်တော်ရှိ မြန်မာ့လက်ရွေးစင် အားကစားသမားများသည် ဖေဖော်ဝါရီ ၁၃ ရက်က လူထုဆန္ဒထုတ်ဖော်မှုတွင် ပူးပေါင်းပါဝင်ခဲ့ပြီး အစားအသောက်များ လှူဒါန်းခဲ့ ကြောင်း သိရသည်။

တပ်မတော်က အာဏာသိမ်းယူထားမှု အပေါ် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် အားကစားသမားများ၊ ကစားသမားဟောင်းများက လူထုဆန္ဒထုတ်ဖော်မှုတွင် ပါဝင်လျက်ရှိပြီး နေပြည်တော်သို့ ရောက်ရှိနေသည့် လက်ရွေးစင်အားကစားသမားများလည်း ပူးပေါင်းပါဝင်လာခြင်းဖြစ်သည်။ ဘိလိယက်၊ လှေလှော်၊ ဗိုဗီနမ်၊ မြားပစ်၊ အလေးမ၊ သေနတ်ပစ်၊ ဝူရှူး၊ စက်ဘီး၊ ဂျူဒိုစသည့် အား ကစားနည်းများမှ အားကစားသမားနှင့် အဖွဲ့ဝင်စုစုပေါင်း ၁၀၀ ကျော်က ပူးပေါင်းဆန္ဒ ထုတ်ဖော်ခဲ့ပြီး သပြေကုန်းအဝိုင်းရှိ ဗိုလ်ချုပ် ကြေးရုပ်အနီးတွင် အစားအသောက်များ လှူဒါန်းခဲ့ကြသည်။ 

"ကျွန်တော်တို့က လက် ရွေးစင်အားကစားသမားတွေဖြစ်ပေမဲ့ ပြည် သူကပေးတဲ့လစာကို ရယူထားတဲ့သူတွေ ဖြစ် ပါတယ်။ ဒါကြောင့် အခုလိုအခြေအနေမျိုးမှာ ကျွန်တော်တို့တတ်နိုင်တဲ့ဘက်က ပူးပေါင်း ပါဝင်တာဖြစ်ပါတယ်။ ကျွန်တော်တို့အပါ အဝင် နေပြည်တော်မှာရောက်ရှိနေတဲ့ တခြား အားကစားနည်းက အားကစားသမားတွေ လည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။ တချို့အား ကစားနည်းတွေကတော့ အင်အားအများကြီး မဟုတ်ပေမဲ့ တချို့တဝက် ပါဝင်ခဲ့ပါတယ်။ ကျွန်တော်တို့ အားကစားသမားတွေလည်း အာဏာသိမ်းယူတာကို လက်မခံနိုင်ဘူးဆို တာနဲ့ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည် တယ်ဆိုတာပြသချင်လို့ လူထုဆန္ဒထုတ်ဖော် မှုမှာ ပူးပေါင်းပါဝင်ခဲ့တာပါ။ ပြီးတော့ ကျွန် တော်တို့ ကစားသမားတွေ တတ်နိုင်သလောက် စုဆောင်းပြီး ဆန္ဒထုတ်ဖော်မှုမှာပါဝင်တဲ့ ပြည်သူလူထုတွေကို အအေး၊ မုန့်နဲ့ ရေသန့် ဘူးတွေ လှူဒါန်းခဲ့ပါတယ်။ နောက်ရက်တွေ မှာလည်း အဆင်ပြေသလို လှူဒါန်းသွားဖို့ရှိ ပါတယ်" ဟု လက်ရွေးစင်အားကစားသမား တစ်ဦးက ပြောကြားခဲ့သည်။

အားကစားနည်းအသီးသီးမှ မြန်မာ့ လက်ရွေးစင်ကစားသမားများသည် သက်ဆိုင်ရာ အားကစားနည်းအလိုက် ပြိုင်ပွဲဝင်ဝတ်စုံများ၊ လက်ရွေးစင်အသင်းအကျႌများ ဝတ်ဆင်၍ ပူးပေါင်းပါဝင်ခဲ့ခြင်းဖြစ်သည်။  တပ်မတော်က အာဏာသိမ်းယူမှုအပေါ် နာမည်ကြီးကစားသမားများအပါအဝင် အားကစားနည်းပေါင်းစုံမှ အားကစားသမားများ၊ အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ နည်းပြဆရာများက ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်လျက်ရှိသည်။ တပ်မတော်က အာဏာသိမ်းယူမှု အပေါ် ကန့်ကွက်ကြောင်း ၎င်းတို့၏ လူမှုကွန် ရက်များတွင် ရေးသား၍ဆန္ဒထုတ်ဖော်ခဲ့ကြသလို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပါ အဝင် မြို့အသီးသီး၌ ပြုလုပ်လျက်ရှိသည့် လူထုဆန္ဒထုတ်ဖော်မှုများတွင်လည်း အသင်း အဖွဲ့အလိုက်လည်းကောင်း တစ်ဦးချင်းအနေ ဖြင့်လည်းကောင်း ပူးပေါင်းပါဝင်လျက်ရှိသည်။ 

မြန်မာနိုင်ငံတွင် အားကစားအဖွဲ့ချုပ် ပေါင်း ၄၀ ကျော် ဖွဲ့စည်းထားပြီး အားကစားနည်းအများစုမှာ လူထုဆန္ဒထုတ်ဖော်မှုတွင် ပါဝင်လျက်ရှိသည်။ မြန်မာအားကစားအဖွဲ့ အနေဖြင့် ယခုနှစ်တွင် တိုကျိုအိုလံပစ်ပြိုင်ပွဲ၊ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲစသည့် အားကစား ပြိုင်ပွဲများစွာ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း လက်ရှိအချိန်အထိ စခန်းဝင် လေ့ကျင့်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ 

Most Read

Most Recent