အမြန်လမ်းမကြီး ၁၁၅ မိုင်တိုးဂိတ် မှ မော်တော်ယာဉ်များကို ပြန်လွှတ်နေခြင်းမှာ မဟုတ်ဘဲ COVID-19 ရောဂါနှင့်ပတ်သက်သောအချက်အလက်များအား ပုံမှန်စစ်ဆေးခြင်းသာဖြစ်

အမြန်လမ်းမကြီး ၁၁၅ မိုင်တိုးဂိတ် မှ မော်တော်ယာဉ်များကို ပြန်လွှတ်နေခြင်းမှာ မဟုတ်ဘဲ COVID-19 ရောဂါနှင့်ပတ်သက်သောအချက်အလက်များအား ပုံမှန်စစ်ဆေးခြင်းသာဖြစ်
ပုံစာ။ ဖြူးမြို့နယ် အမြန်လမ်းမကြီး ၁၁၅ မိုင် တိုးဂိတ်တွင် ရန်ကုန်မှလာသော မော်တော်ယာဉ်များအား စစ်ဆေးနေသည်ကို ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက တွေ့ရစဉ်။
ပုံစာ။ ဖြူးမြို့နယ် အမြန်လမ်းမကြီး ၁၁၅ မိုင် တိုးဂိတ်တွင် ရန်ကုန်မှလာသော မော်တော်ယာဉ်များအား စစ်ဆေးနေသည်ကို ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက တွေ့ရစဉ်။
Published 29 January 2021
ဇော်ဝင်းချစ်(တောင်ငူ)

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၁၁၅ မိုင်တိုးဂိတ်မှ မော်တော်ယာဉ်များကို ပြန်လွှတ်နေခြင်းမှာ မဟုတ်ဘဲ COVID-19 ရောဂါနှင့်ပတ်သက်သောအချက်အလက်များအား ပုံမှန်စစ်ဆေးခြင်းသာဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။

အမြန်လမ်း ၁၁၅ မိုင်တွင် ရန်ကုန်မှလာသော မော်တော်ယာဉ်များအား ဖြတ်သန်းခွင့်မပြုဘဲ ပြန်လွှတ်နေ သည်ဟု လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းများပျံ့နှံ့ခဲ့သဖြင့် တာဝန်ရှိသူများကို မေးမြန်းခဲ့ရာ ယင်း သတင်းများမှာ မဟုတ်မှန်ဘဲ ပုံမှန်စစ်ဆေးမှုများသာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ကြသည်။

ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအောင်လွင်ငြိမ်းက “ အဲ့ဒါအမြန်လမ်းရဲစခန်းက သူတို့စစ်ဆေးတာပါ ကျွန်တော်တို့နယ်ရဲတော့ မဟုတ်ဘူးပေါ့နော်။ COVID-19 နဲ့ပတ်သက်လို့ ဆေးလက်မှတ်တွေပါမပါပေါ့။ အဲ့ဒါလေးတွေစိစစ်တာ။ အဲ့ဒါပါပဲ ကျန်တာမထူးပါဘူး။ အခြားဘာမှမရှိပါဘူးပုံမှန်ပါပဲ” ဟုပြောကြားသည်။

အမြန်လမ်းမကြီး ၁၁၅ မိုင်တိုးဂိတ်တွင် မော်တော်ယာဉ်များအားရဲတပ်ဖွဲ့ဝင်များမှ သတ်မှတ်စာရွက် စာတမ်းများ ပါရှိခြင်းရှိမရှိကို စစ်ဆေးပေးနေခြင်းဖြစ်ကြောင်း၊ မပါရှိသည့်မော်တော်ယာဉ်များကို သက်ဆိုင်ရာ ကော်မတီများသို့ လွှဲပြောင်းဆုံးဖြတ်စေကြောင်း နေပြည်တော်အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး မျိုးလင်းသန့်က ပြောကြားသည်။

“ ဒါက ပဲခူးတိုင်းရဲတပ်ဖွဲ့အစီအစဉ်နဲ့လုပ်တာဗျ။ ပဲခူးတိုင်းရဲတပ်ဖွဲ့မှူးကိုယ်တိုင် အဲ့မှာထိုင်ပြီးတော့လုပ်တာ၊ ကျွန်တော်တို့က အင်အားပေါင်းပေးတာပဲရှိတယ်၊ ကျွန်တော်တို့က သေချာပြောပြနိုင်မှာမဟုတ်ဘူး၊ သူတို့က တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကနေပြီးတော့ တိုင်းဒေသကြီးရဲတပ်ဖွဲ့တွေအစီအစဉ်တွေနဲ့ ကျွန်တော်တို့ဆီမှာလာပြီးပေါင်းတာဗျ၊ ကျွန်တော်တို့ကတော့ လုံခြုံရေးအရ အင်အားပေါင်းပေးတာပဲရှိတယ် ကျွန်တော်တို့တပ်ဖွဲ့အနေနဲ့သီးခြားဆောင်ရွက် တာမျိုးမရှိပါဘူး၊ ကျွန်တော်တို့ကတော့ ယာဉ်ကိုစစ်မယ် အဓိကတော့ ယာဉ် တွေကိုတာဆီးမယ် စစ်ဆေးမယ် စစ်ပြီးတော့ ဒီကျန်းမာရေးထောက်ခံချက် ပါတဲ့ကားဆိုရင်တော့ ပါတဲ့အလျောက်လွှတ်ပေးတယ်၊ မပါတဲ့ကားဆိုရင်လည်း သတင်းပို့လိုက်တယ် ပို့တဲ့အခါမှာ သူတို့သက်ဆိုင်တဲ့ကော်မတီအဖွဲ့နဲ့ပေါ့။ သူတို့ကစီစစ်ပြီးတော့မှ သူတို့ကလုပ်တာဗျ။ ကျွန်တော်တို့ကတော့ သူတို့ဆုံးဖြတ် တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ကားနဲ့ပတ်သက်တဲ့ အထောက်အထားစာရွက်စာတမ်းတွေ ယာဉ်မောင်းလိုင်စင်တွေ ပြည့်ပြည့်စုံစုံပါမပါ၊ နောက်ပြီး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ထောက်ခံချက်စာတွေပါမပါ ဒါလောက်ပဲ ကျွန်တော်တို့ကတော့ လုံခြုံရေးအရအင်အား ပေါင်းပေးတဲ့သဘောပဲ။ ကျွန်တော်တို့ကတော့ ပုံမှန်လုပ်တာပဲ။ ဒါပေမယ့် အခုလက်ရှိဒီဟာကတော့ ပြန်လွှတ်တယ်မလွှတ်ဘူးဆိုတာကတော့ ကျွန်တော်တို့အမြန်လမ်းရဲတပ်ဖွဲ့အနေနဲ့ သီးခြားဆောင်ရွက်တာမျိုးမရှိပါဘူး” ဟုပြောကြားသည်။

မော်တော်ယာဉ်စစ်ဆေးမှုများမှာ COVID-19 နှင့်ပတ်သက်သော စာရွက်စာတမ်းများ၊ တို့ဖတ်နမူနာနဲ့ပတ်သက် သော မှတ်ချက်များကိုစစ်ဆေးခြင်းဖြစ်ပြီး လိုအပ်သောအထောက်အထားများမပါသောမော်တော်ယာဉ်များ ကိုသာ ပြန်လွှတ်ခြင်းဖြစ်ကြောင်း၊ နောက်ပိုင်းဖြတ်သန်းသောမော်တော်ယာဉ်များမှာ COVID-19 ဆေးစစ်ချက် အထောက်အထားစာရွက်စာတမ်းများ ယူဆောင်လာကြသဖြင့် သွားလာ၍ရကြောင်း၊၊ လတ်တလော အနေအထား အရ လူများစွာပါဝင်လာသောမော်တော်ယာဉ်များကိုမူ ဆေးစာပါသော်လည်း သေချာကြပ်မတ် စီစစ်လျှက်ရှိပြီး လူသုံးဦးထက်မများသော မော်တော်ယာဉ်များကိုမူ ဆေးစာပါလျှင် အလွယ်တကူ သွားလာခွင့် ပေးထားကြောင်း၊ ယခုကဲ့သို့ စစ်ဆေးမှုမှာ တစ်ခြားအကြောင်းအရာကြောင့်စစ်ဆေးခြင်းမဟုတ်ပဲ COVID-19 ရောဂါနဲ့ပတ်သက်သော အချက်အလက်များကို စစ်ဆေးခြင်းသာဖြစ်ကြောင်း ဒေသံမော်တော်ယာဉ်မောင်း တစ်ဦးက ပြောကြားသည်။