သီလဝါအထူးစီးပွားရေးဇုန် Zoom B အဆင့်-၄ ဆောင်ရွက်ရာ၌ စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် အိမ်ထောင်စု ၅၈ စုအနက် လေးစုသည် ရွှေ့ပြောင်းရန်ငြင်းဆန်သည့်အတွက် မြေနေရာဖယ်ရှားပေးရန် အကြောင်းကြားစာပေးပို့

သီလဝါအထူးစီးပွားရေးဇုန် Zoom B အဆင့်-၄ ဆောင်ရွက်ရာ၌ စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် အိမ်ထောင်စု ၅၈ စုအနက် လေးစုသည် ရွှေ့ပြောင်းရန်ငြင်းဆန်သည့်အတွက် မြေနေရာဖယ်ရှားပေးရန် အကြောင်းကြားစာပေးပို့
သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 9 January 2021
ဆန်းထူးအောင်

သီလဝါအထူးစီးပွားရေးဇုန် Zoom B အဆင့်-၄ အကောင်အထည်ဖော်ရာတွင် စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် အိမ်ထောင်စု ၅၈ စုအနက် လေးစုသည် ရွှေ့ပြောင်းရန် ငြင်းဆန်သည့်အတွက် မြေနေရာဖယ်ရှားပေးရန် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

သီလဝါအထူးစီးပွားရေးဇုန်၏ ရှယ်ယာရှင်များအကြား ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် ရေးထိုးခဲ့သော နားလည်မှု စာချွန်လွှာပါ အချက်အလက်များအရ သီလဝါအထူးစီးပွားရေးဇုန် Zoom B ၏ အဆင့်-၄ (Phase-4) ကို  ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါ ရီ ၂၀ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ကြောင်း၊ သတ်မှတ်စီမံကိန်းဧရိယာ (၂-၂) အနောက်ပိုင်း တိုးချဲ့အမှတ်-၁ (အဆင့်-၄) ဇုန်-ဘီ မှ စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် အိမ်ထောင်စုများနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများအကြား ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် ဆွေးနွေးညှိနှိုင်းမှုများကို သီလဝါအထူးစီးပွား ရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလမှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်တွင် အတည်ပြုပေးခဲ့သည့် ပြန်လည်နေရာချထားရေး လုပ်ငန်းစီမံချက်အရ သတ်မှတ်လျော်ကြေးငွေကို စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် အိမ်ထောင်စုများထံ ပေးအပ်ခဲ့သော်လည်း အိမ်ထောင်စု ၅၈ စုအနက် လေးစုမှ လက်ခံရန် ငြင်းဆိုခဲ့ကြောင်း၊  စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် အိမ်ထောင်စုများအားပေးအပ်သည့် လျော်ကြေးငွေပမာဏသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများအပေါ် နိုင်ငံတကာစံချိန် စံညွှန်းများ၊ ၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေ ကဲ့သို့ မြန်မာနိုင်ငံတွင် ချမှတ်ထားသည့်စည်းမျဉ်းစည်းကမ်းများနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်း စီမံချက်တို့နှင့်အညီ သေချာစွာ တွက်ချက်ထားသော ပမာဏဖြစ်ကြောင်း၊ သဘောတူညီချက်များအရ စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် အိမ်ထောင်စုတိုင်းအတွက် ပြန်လည်နေရာချ ထားရန်လိုအပ်သည့် မြေနေရာနှင့် အိမ်တစ်လုံးဆောက်လုပ်ရန် လုံလောက်သည့်လျော်ကြေးပမာဏအား ပေးအပ်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် အိမ်ထောင်စုများသည် အဆိုပါပမာဏအပြင် ၎င်းတို့၏ သီးနှံ၊ ကျွဲ၊ နွားတိရစ္ဆာန်များနှင့် အခြားပိုင်ဆိုင်မှုများအတွက်လည်း လျော်ကြေးခံစားခွင့်ရှိပြီး လူမှုရေးအရ ထိခိုက်လွယ်သော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုများပေးအပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီ၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ညှိနှိုင်းရေးအဖွဲ့များအနေဖြင့် စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် အိမ်ထောင်စုများနှင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ မှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း ဒေသခံအရပ်ဖက် အဖွဲ့အစည်းများ ရှေ့မှောက်တွင် ခြောက်ကြိမ်တိုင်တိုင် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ညှိနှိုင်းဆွေးနွေးမှုများ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့သော်လည်း သဘောတူညီချက်မရရှိခဲ့သည့်အတွက် ၂၀၂၁ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက အိမ်ထောင်စုလေးစုထံသို့ လက်ရှိနေထိုင်ရာ မြေနေရာမှဖယ်ရှားပေးရန် အကြောင်းကြားစာတစ်စောင်ကို ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent