လူ့အခွင့်အရေးကို အလေးမထား မျက်ကွယ်ပြုခြင်းသည် ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေးကို လျစ်လျူရှုခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

လူ့အခွင့်အရေးကို အလေးမထား မျက်ကွယ်ပြုခြင်းသည် ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေးကို လျစ်လျူရှုခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
Credit - Myanmar President Office
Credit - Myanmar President Office
Published 10 December 2020
ပြည့်ဖြိုးအောင်

လူ့အခွင့်အရေးကို အလေးမထား မျက်ကွယ်ပြုခြင်းသည် ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေးကို လျစ်လျူရှုခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောကြားသည်။

ဒီဇင်ဘာ ၁၀ ရက်တွင်ကျရောက်သော (၇၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတက ယနေ့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသည် ရှေ့တန်းသို့ ရောက်ရှိလာပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် အပြန်အလှန် ချိတ်ဆက်လျက်ရှိကြောင်း၊ နိုင်ငံတော်က တည်ဆောက်နေသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနှင့်လည်း ဆက်စပ်လျက်ရှိကြောင်း၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ချိတ်ဆက်လျက်ရှိပြီး ယင်းတို့အနက် အခွင့်အရေးတစ်ခုခု ချိုးဖောက်ခြင်းခံရလျှင် ကျန်အခွင့်အရေးနှစ်ခုသည်လည်း ချိုးဖောက်ခံရခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတက လူ့အခွင့်အရေးကို အလေးမထား မျက်ကွယ်ပြုခြင်းသည် ဒီမိုကရေစီရေးနှင့် တရားဥပဒေ စိုးမိုးရေးကို လျစ်လျူရှုခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လူ့အခွင့်အရေးအသိပညာများ ပြည်သူလူထုအတွင်း ပြန့်ပွားစေရေးသည် အလွန်တရာအရေးကြီးကြောင်း၊ လူ့အခွင့်အရေးကို မြှင့်တင်ကာကွယ်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီရေးတို့ကိုပါ ကျွဲကူးရေပါဆိုသလို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံတော်တွင် လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေးအတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အသီးသီးတို့နှင့် ပူးပေါင်းလျက် လူ့အခွင့်အရေးအခြေအနေများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာသည့် လူ့အသိုက်အဝန်းတစ်ရပ် ဖြစ်ထွန်းလာစေရေးအတွက် သက်ဆိုင်ရာပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

မျက်မှောက်ကာလတွင် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်လျက်ရှိသော COVID-19 ကပ်ရောဂါကို ကမ္ဘာ့နိုင်ငံအားလုံးတွင် ရင်ဆိုင်ကြုံတွေ့နေရပြီး ယင်းကပ်ရောဂါကြောင့် လူသားတို့၏ အသက်ရှင်ရပ်တည်နိုင်ရေး၊ လူသားထုတစ်ရပ်လုံး၏ စားဝတ်နေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ် ကြီးမားသော သက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization- WHO) အပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် ထိတွေ့ချိတ်ဆက်၍ ယင်းကပ်ရောဂါကို ကာကွယ်ကုသနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ပြည်သူတို့၏ အခြေခံလူ့အခွင့်အရေးများ ထိခိုက်မှုမဖြစ်စေရေးကိုလည်း တတ်နိုင်သမျှ ထည့်သွင်းစဉ်းစား၍ အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

(၇၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ဖြစ်သည့် “Recover Better- Stand Up For Human Rights” ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားများ၏ လူ့အခွင့်အရေးအခြေအနေ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် ပြည်ထောင် စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ပြည်သူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သတင်းမီဒီယာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက်တိုက်တွန်းကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

မိမိတို့မြန်မာနိုင်ငံတော်အနေဖြင့် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် အဓိကအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးသဘော တူစာချုပ်များဖြစ်သည့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR)၊ မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာသဘောတူစာချုပ် (CRPD)၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ (CEDAW)၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (CRC) တို့တွင် စာချုပ်ဝင်နိုင်ငံအဖြစ် ပါဝင်ချုပ်ဆိုခဲ့ကြောင်း၊ ယင်းစာချုပ်များနှင့်ဆက် စပ်သည့် နောက်ဆက်တွဲသဘောတူစာချုပ် အချို့ကိုလည်း ပါဝင်ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကို ပြဋ္ဌာန်းထားသကဲ့သို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးသဘောတူစာချုပ်များပါ အခွင့်အရေးများကို ရရှိခံစားနိုင်ရေးအတွက် ပြည်တွင်းဥပဒေများတွင်လည်း ပြဋ္ဌာန်း၍ ကျင့်သုံးလျက်ရှိပါသည်။ ယင်းလူ့အခွင့်အရေးကို ကျင့်သုံးရာတွင် အခြားသူများ၏ အခွင့်အရေးကိုလည်း လေးစားတန်ဖိုးထားပြီး ထိခိုက်နစ်နာမှုမရှိစေရန် အထူးဂရုပြုကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

 

Most Read

Most Recent