ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် သဘာဝတရားမျှတမှု မူသဘောကို အခြေခံ၍ ပွင့်လင်းမြင်သာမှု၊ သန့်ရှင်းမျှတမှုတို့ဖြင့် သံသယများ ကင်းစင်ပပျောက်မှုကို ဆောင်ကြဉ်းပေးသင့်ဟု တပ်မတော် ထုတ်ပြန်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် သဘာဝတရားမျှတမှု မူသဘောကို အခြေခံ၍ ပွင့်လင်းမြင်သာမှု၊ သန့်ရှင်းမျှတမှုတို့ဖြင့် သံသယများ ကင်းစင်ပပျောက်မှုကို ဆောင်ကြဉ်းပေးသင့်ဟု တပ်မတော် ထုတ်ပြန်
Published 10 December 2020

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် သဘာဝတရားမျှတမှု မူသဘောကို အခြေခံ၍ ပွင့်လင်းမြင်သာမှု၊ သန့်ရှင်းမျှတမှုတို့ဖြင့် သံသယများ ကင်းစင်ပပျောက်မှုကို ဆောင်ကြဉ်းပေးသင့်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာ ၁၀ ရက်တွင် သဘောထား ထုတ်ပြန်သည်။

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ခုအဖြစ် သံသယကင်းရှင်းစွာ အသိအမှတ်ပြုနိုင်ရေးအတွက် ရွေးကောက်ပွဲဖြစ်စဉ်များအား စိစစ်သုံးသပ်ရာတွင် လိုအပ်သည့် စာရွက်စာတမ်းများကို ကူးယူခွင့် တောင်းခံသည့်အခါ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အနေဖြင့် သက်သေခံ ဥပဒေပုဒ်မ ၇၄ နှင့် ပုဒ်မ ၇၆ တို့အရ အများပြည်သူနှင့် သက်ဆိုင်သည့် စာတမ်းအမှတ်အသားများကို ဥပဒေနှင့်အညီ ကူးယူခွင့်ပေးရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လိုအပ်သလို ညွှန်ကြားပေးရန် မေတ္တာရပ်ခံကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာ ၃၀ ရက်တွင် သဘောထားထုတ်ပြန်ခဲ့သည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ အဆိုပါ သတင်းထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၇ ရက်တွင် သတင်းထုတ်ပြန်ချက်တစ်ရပ်အား ထုတ်ပြန်ခဲ့ပြီး အဆိုပါ သတင်းထုတ်ပြန်ချက်တွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မေတ္တာရပ်ခံသည့်အတိုင်း ဆောင်ရွက်မည်ဆိုပါက  သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအသီးသီးအား ဥပဒေနှင့်မညီသော ဆောင်ရွက်မှုကို ပြုလုပ်စေရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်မညီသော ညွှန်ကြားမှုကို ပြုရာရောက်မည် ဖြစ်သဖြင့် ညွှန်ကြားပေးနိုင်မည် မဟုတ်ကြောင်း ပြန်လည်တုံ့ပြန် ဖော်ပြခဲ့သည်။

ယခုအခါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဒီဇင်ဘာ ၇ ရက် သတင်းထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ၎င်းတို့၏ သဘောထားကို ပြန်လည်ထုတ်ပြန်ခြင်းဖြစ်ပြီး အဆိုပါ သဘောထား ထုတ်ပြန်ချက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပွင့်လင်းမြင်သာမှု၊ သန့်ရှင်းမျှတမှုတို့ဖြင့် သံသယများ ကင်းစင်ပပျောက်မှုကို ဆောင်ကြဉ်းပေးသင့်ကြောင်း ထည့်သွင်း ဖော်ပြခဲ့သည်။

သဘာဝ တရားမျှတမှု တစ်နည်းအားဖြင့် တရားမျှတစွာ ဆောင်ရွက်ရန် တာဝန်အရ အခြေခံစည်းမျဉ်း နှစ်ရပ်ရှိပြီး ပထမစည်းမျဉ်းမှာ ဘက်လိုက်မှုကို ဆန့်ကျင်ခြင်းနှင့် ဒုတိယစည်းမျဉ်းမှာ မျှတစွာ ကြားနာခွင့် ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရားစီရင်ရေး သဘောဆောင်ပြီး သက်သေခံ ဥပဒေနှင့် တရားမကျင့်ထုံး ဥပဒေတို့ကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည့် ရွေးကောက်ပွဲခုံအဖွဲ့က စစ်ဆေးမည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအတွက် တင်သွင်းမည့် စာတမ်း အမှတ်အသားများကို ကူးယူခွင့်တောင်းခံခြင်းသည် ဥပဒေကြောင်းအရ ကျိုးကြောင်းဆီလျော်မှုရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ယခု သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က စာရွက်စာတမ်းများအား မိတ္တူကူးယူခွင်ပြုနိုင်ရေး မေတ္တာရပ်ခံချက်သည် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဥပဒေနှင့်မညီသော ညွှန်ကြားမှုကို ပြုလုပ်ရာရောက်သဖြင့် ညွှန်ကြားပေးနိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍ ထိုသို့ ဆောင်ရွက်ခြင်းသည် ဥပဒေနှင့်မညီသော ညွှန်ကြားမှုကို ပြုလုပ်ရာ ရောက်မည် မဟုတ်ကြောင်းလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ယခု သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအချက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သဘောထားက မည်သို့ပင် ဖြစ်စေကာမူ တရားစီရင်ရေး သဘောဆောင်ပြီး သက်သေခံဥပဒေနှင့် တရားမကျင့်ထုံး ဥပဒေတို့ကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည့် ရွေးကောက်ပွဲခုံအဖွဲ့က စစ်ဆေးမည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအတွက် တင်သွင်းမည့် စာတမ်းအမှတ်အသားများကို ကူးယူခွင့် တောင်းခံခြင်းသည် နိုင်ငံသားတစ်ဦး၏ ဥပဒေနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးနှင့် ကန့်ကွက်ပိုင်ခွင့် အခွင့်အရေးတို့အရ တောင်းခံခြင်းဖြစ်၍ ဥပဒေနှင့် မညီသော ညွှန်ကြားမှုကို ပြုရာရောက်မည် မဟုတ်ကြောင်း သုံးသပ်ရရှိပါသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဒီဇင်ဘာ ၁၀ ရက် သဘောထားထုတ်ပြန်ချက်တွင် ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်အပေါ်  ပြန်လည် ရှင်းလင်းတုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် သက်သေခံဥပဒေပုဒ်မနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့အကြား သဘောထားကွဲလွဲမှုများ အပါအဝင် အခြားသော ဥပဒေကြောင်းဆိုင်ရာ အငြင်းပွားမှုများကို ဖော်ပြခဲ့သည်။

Most Read

Most Recent