မြန်မာနိုင်ငံ၏ ဆေးဝါးထုတ်လုပ်ရေးနှင့် ကုသရေးတွင် အစ္စရေးနိုင်ငံက ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ပြီး ကျန်းမာရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ကဏ္ဍများ၌ မြန်မာ-အစ္စရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်

မြန်မာနိုင်ငံ၏ ဆေးဝါးထုတ်လုပ်ရေးနှင့် ကုသရေးတွင် အစ္စရေးနိုင်ငံက ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ပြီး ကျန်းမာရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ကဏ္ဍများ၌ မြန်မာ-အစ္စရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်
ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး H.E. Mr. Ronen Gilor တို့ ဒီဇင်ဘာ ၈ ရက်က တွေ့ဆုံစဉ် (Photo : MIFER)
ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး H.E. Mr. Ronen Gilor တို့ ဒီဇင်ဘာ ၈ ရက်က တွေ့ဆုံစဉ် (Photo : MIFER)
Published 9 December 2020
နီလာ

မြန်မာနိုင်ငံ၌ ဆေးဝါးထုတ်လုပ်ရေးနှင့် ကုသရေးတွင် အစ္စရေးနိုင်ငံက ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ပြီး ကျန်းမာရေး၊ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍများတွင် မြန်မာ-အစ္စရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန (MIFER) မှ သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး H.E. Mr. Ronen Gilor တို့ ဒီဇင်ဘာ ၈ ရက်က တွေ့ဆုံဆွေး နွေးခဲ့ကြကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက အစ္စရေးနိုင်ငံနှင့် လက်ရှိပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးကဏ္ဍ၊ အထူးသဖြင့် အရည်အသွေးမြင့် မျိုးစေ့များ ထုတ်လုပ်ရေး၊ မြန်မာ့သစ်သီးဝလံများကို တန်ဖိုးမြှင့် စျေးကွက်များသို့ အရည်အသွေးမီ တင်ပို့နိုင်ရေးအတွက် ရိတ်သိမ်းချိန်လွန် နည်းပညာ ကဏ္ဍများတွင် နည်းပညာ အကူအညီရရှိရေး ဆွေးနွေးခဲ့သည်။

နည်းပညာနှင့် သက်မွေးပညာ လေ့ကျင့်သင်ကြားရေး ကဏ္ဍဆိုင်ရာ အစ္စရေးနိုင်ငံ၏ အတွေ့အကြုံများကို မျှဝေပေးရေးနှင့် ကျန်းမာရေးကဏ္ဍ အထူးသဖြင့် ဆေးဝါး ထုတ်လုပ်ရေးနှင့် ကုသရေးတို့တွင် အစ္စရေး နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းက ဖိတ်ခေါ်ခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် သံအ မတ်ကြီးသည် နှစ်နိုင်ငံအကြား လက်ရှိ ပူးပေါင်းဆောင်ရွက်နေသည့် ကဏ္ဍများတွင် ပိုမိုတိုးမြှင့်ပူးပေါင်း ဆောင်ရွက်မည့် အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့အကြား ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာ-ဒိန်းမတ် နိုင်ငံဆိုင်ရာ အစီအစဉ် (၂၀၁၆-၂၀၂၀) ကို သက်တမ်းတိုးမြှင့်၍ လုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာ-ဒိန်းမတ် နှစ်နိုင်ငံဆိုင်ရာ အစီအစဉ် (၂၀၁၆-၂၀၂၀) အရ ဒိန်းမတ်နိုင်ငံက ကူညီထောက်ပံ့ ပေးလျက်ရှိသော ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ အရည်အသွေး ပြည့်ဝသည့် အခြေခံ မူလတန်းပညာ သင်ယူနိုင်မှု တိုးမြှင့်စေရေးနှင့် ရေရှည်တည်တံ့ပြီး အားလုံးပါဝင်သည့် စီးပွားရေး ဖွံ့ဖြိုးမှု တိုးမြှင့်လာစေရေး ကဏ္ဍများအပေါ် သုံးသပ်ဆွေးနွေးခဲ့ပြီး လုပ်ငန်းများ ဆက်လက်တိုးချဲ့ ဆောင်ရွက်နိုင်ရန် နိုင်ငံဆိုင်ရာ အစီအစဉ်ကို သက်တမ်းတိုးမြှင့်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး H.E. Mr. Ronen Gilor တို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒိန်းမတ်သံအမတ်ကြီးက ဒိန်းမတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် လက်တွဲဆောင်ရွက်ဆဲ နိုင်ငံဆိုင်ရာ အစီအစဉ်အပြင် ထပ်မံ၍ အစီအစဉ်သစ်တစ်ခုကို ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံသို့ PPE ဝတ်စုံများ၊ Face Mask များနှင့် Plastic Gowns များ ပံ့ပိုးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ-ဒိန်းမတ် နိုင်ငံဆိုင်ရာ အစီအစဉ်ကို ၂၀၁၇ ခုနှစ်မှစ၍ ဒိန်းမတ်ခရိုနာ ၅၀၅ သန်းဖြင့် အဓိကနယ်ပယ် သုံးခုအား ဦးတည်၍ စီမံချက် ကိုးခုအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ မြန်မာ-နော်ဝေ နှစ်နိုင်ငံအကြား ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်လျက်ရှိသော နယ်ပယ်များဖြစ်သည့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင် ရေရှည်ကောင်းမွန်စေရန် စီမံခန့်ခွဲရေးနှင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍတို့တွင် ဆက်လက်တိုးချဲ့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

COVID-19 အလွန်ကာလတွင် မြန်မာ့စီးပွားရေး လျင်မြန်စွာ ဦးမော့လာစေရေးအတွက် မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေး စီမံချက် (MERRP) ကို ရေးဆွဲလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

“COVID-19 ကပ်ရောဂါဟာဆိုရင် အကြီးမားဆုံး အခက်အခဲတစ်ခု ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံ တစ်ခုတည်း မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံး ကြုံတွေ့ရတဲ့ အခက်အခဲဆိုးကြီးတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တခြားသော ကမ္ဘာ့နိုင်ငံတွေလိုပဲ COVID-19 ကြောင့် စီးပွားရေး ကပ်ရောဂါကို ကြုံတွေ့နေရပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး သောင်းထွန်းက ပြောကြားသည်။

COVID-19 ကြောင့် စီးပွားရေး ထိခိုက်မှုများအတွက် COVID-19 စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက် (CERP) နှင့်အညီ COVID-19 ကြောင့်ဖြစ်ပေါ်လာသည့် စီးပွားရေး သက်ရောက်မှုများကို လျှော့ချရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 

Most Read

Most Recent