၂၀၂၀ ပြည့်နှစ် မတ်တွင် ပုဂ္ဂလိကဘဏ် ၂၇ ဘဏ်မှ ဖွင့်လှစ်ထားသော ဘဏ်ခွဲအရေအတွက် ၁၉၄၀ ဘဏ်ရှိပြီး ၄၅ လအတွင်း ဘဏ်ခွဲအရေအတွက် ၆၃၄ ဘဏ် တိုးတက်လာ

၂၀၂၀ ပြည့်နှစ် မတ်တွင် ပုဂ္ဂလိကဘဏ် ၂၇ ဘဏ်မှ ဖွင့်လှစ်ထားသော ဘဏ်ခွဲအရေအတွက် ၁၉၄၀ ဘဏ်ရှိပြီး ၄၅ လအတွင်း ဘဏ်ခွဲအရေအတွက် ၆၃၄ ဘဏ် တိုးတက်လာ
ပုဂ္ဂလိကဘဏ်ခွဲတစ်ခုတွင် ငွေရေးကြေးရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ပုဂ္ဂလိကဘဏ်ခွဲတစ်ခုတွင် ငွေရေးကြေးရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 8 December 2020
စည်သူအောင်

၂၀၂၀ ပြည့်နှစ် မတ်တွင် ပုဂ္ဂလိကဘဏ် ၂၇ ဘဏ်မှ ဖွင့်လှစ်ထားသော ဘဏ်ခွဲအရေအတွက် ၁၉၄၀ ဘဏ်ရှိပြီး ၄၅ လအတွင်း ဘဏ်ခွဲအရေအတွက် ၆၃၄ ဘဏ် တိုးတက်လာကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2019 Volume IV) အရ သိရသည်။

၂၀၁၆ ခုနှစ် ဇွန်လစာရင်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံပိုင်ဘဏ်လေးဘဏ်မှ ဘဏ်ခွဲ ၅၁၅ ဘဏ်၊ အေတီအမ်စက် ၆၂ ခု၊ ပုဂ္ဂလိကဘဏ် ၂၄ ဘဏ်မှ ဘဏ်ခွဲ ၁၃၀၆ ဘဏ်၊ အေတီအမ်စက် ၁၅၈၆ ခု၊ နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၀ ခု၊ နိုင်ငံခြားဘဏ္ဍာရေး ကုမ္ပဏီ ၁၅ ခု၊ နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံး ၄၅ ခု ဖွင့်လှစ်ထားခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် မတ်လစာရင်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံပိုင်ဘဏ် လေးဘဏ်မှ ဘဏ်ခွဲ ၅၁၇ ဘဏ်၊ အေတီအမ်စက် ၉၃ ခု၊ ပုဂ္ဂလိကဘဏ် ၂၇ ဘဏ်မှ ဘဏ်ခွဲ ၁၉၄၀ ဘဏ်၊ အေတီအမ်စက် ၂၈၉၄ ခု၊ နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်၊ နိုင်ငံခြား ဘဏ္ဍာရေးကုမ္ပဏီ ၂၉ ခု၊ နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံး ၄၅ ခု၊ နိုင်ငံခြားဘဏ္ဍာရေးကုမ္ပဏီ ကိုယ်စားလှယ်ရုံး ခြောက်ခု ဖွင့်လှစ်ထားခြင်းဖြစ်သည်။

၄၅ လအတွင်း တိုးတက်မှုအနေဖြင့် နိုင်ငံပိုင်ဘဏ် ဘဏ်ခွဲ နှစ်ဘဏ်၊ အေတီအမ်စက် ၃၁ ခု၊ ပုဂ္ဂလိကဘဏ် သုံးဘဏ်၊ ဘဏ်ခွဲ ၆၃၄ ဘဏ်၊ အေတီအမ်စက် ၁၅၈၈ ခု၊ နိုင်ငံခြားဘဏ်ဘဏ်ခွဲ သုံးဘဏ်၊ နိုင်ငံခြား ဘဏ္ဍာရေးကုမ္ပဏီ ၁၄ ခု၊ နိုင်ငံခြားဘဏ္ဍာရေး ကုမ္ပဏီကိုယ်စားလှယ်ရုံး ခြောက်ခု တိုးတက်ခဲ့ပြီး နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံးမှာ ထပ်မံတိုးတက်မလာဘဲ ၂၀၁၆ ခုနှစ် ဇွန်လအတိုင်း ၄၅ ခုသာ ဆက်ရှိခဲ့သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ၌ နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေ ကျပ် ဘီလျံ ၄၉၃၅၀ ကျော်ရှိပြီး ယခင်သုံးလနှင့် နှိုင်းယှဉ်ပါက နိုင်ငံပိုင်ဘဏ်များတွင် အပ်ငွေရရှိမှု ကျပ် ၆၃၁ ဘီလျံကျော်၊ ပုဂ္ဂလိက ဘဏ်များတွင် အပ်ငွေရရှိမှု ကျပ် ၈၅၄ ဘီလျံကျော် မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2019 Volume IV) အရ သိရသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ပြည်တွင်းဘဏ်များက ထုတ်ချေးထားသော ချေးငွေ ပမာဏ ကျပ် ၂၉၆၉၅ ဘီလျံကျော်ရှိပြီး နိုင်ငံပိုင်ဘဏ်များက ကျပ် ၅၂၇၀ ဘီလျံကျော်၊ ပုဂ္ဂလိကဘဏ်များက ကျပ် ၂၄၄၂၄ ဘီလျံ ကျော်ထုတ်ချေးထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2019 Volume IV) အရ သိရသည်။

ဘဏ်စနစ်တစ်ခုလုံး လုံခြုံခိုင်မာမှုရှိစေရန် ဘဏ်များက နိုင်ငံတော်ဗဟိုဘဏ်၏ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနသို့ အစီရင်ခံစာများ ပေးပို့ရကြောင်း သိရသည်။ နေ့စဉ်ပေးပို့ရသည့် အစီရင်ခံစာများမှာ မ,တည်ရင်းနှီးငွေ၊ အပ်ငွေ၊ ချေးငွေ၊ ငွေလွှဲ ဆောင်ရွက်မှု၊ ဝင်ငွေနှင့် အသုံးစရိတ်၊ အစိုးရ ငွေချေးသက်သေခံလက်မှတ်များ ပိုင်ဆိုင်မှု၊ ငွေဝင်/ငွေထွက်စာရင်း၊ အစမ်းရှင်းတမ်း အခြေအနေနှင့် နေ့စဉ်ထိန်းသိမ်းရမည့် နိုင်ငံခြားငွေကြေးအခြေအနေတို့ဖြစ်သည်။ အပတ်စဉ်ပေးပို့ရမည့်အစီရင်ခံစာမှာ ငွေကြေးလွယ်ကူမှုအချိုးဖြစ်သည်။ လစဉ်ပေးပို့ရမည့် အစီရင်ခံစာများမှာ ဝင်ငွေနှင့် အသုံးစရိတ်အခြေအနေ၊ လက်ကျန်ရှင်းတမ်း၊ မ,တည်ငွေရင်းလုံလောက်မှုအချိုးနှင့် ရရန် ပိုင်ခွင့်အမျိုးအစားခွဲခြားခြင်းနှင့် လျာထားခြင်းစာရင်း၊ သုံးလတစ်ကြိမ်ပေးပို့ရမည့် အစီရင်ခံစာများမှာ ပမာဏကြီးမားသောကြွေးမြီများစာရင်း၊ ကဏ္ဍအလိုက်ထုတ်ချေးထားသော ငွေစာရင်းနှင့် အာမခံအမျိုးအစား အလိုက်ချေးငွေစာရင်း၊ နှစ်စဉ်ပေးပို့ရသော အစီရင်ခံစာများမှာ ဘဏ်၏ နှစ်ချုပ်အစီရင်ခံစာနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာတို့ ဖြစ်သည်။

၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ပုဂ္ဂလိကဘဏ်များသည် ဘဏ်စနစ်တစ်ခုလုံးရှိ စုစုပေါင်း ရရန်ပိုင်ခွင့်များ၏ ၅၉ ဒသမ ၇၄ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး နိုင်ငံပိုင်ဘဏ်များသည် ၂၉ ဒသမ ၆၈ ရာခိုင်နှုန်းနှင့် နိုင်ငံခြားဘဏ်ခွဲများသည် ၁၀ ဒသမ ၅၈ ရာခိုင်နှုန်း ပိုင်ဆိုင်ကြောင်း တွေ့ရှိရသည်။

ပုဂ္ဂလိကဘဏ်များ စုစုပေါင်းရပိုင်ခွင့် များတွင် ဘဏ်အလိုက်ပါဝင်သည့်ရာခိုင်နှုန်းများမှာ ကမ္ဘောဇဘဏ်က ၃၅ ဒသမ ၄၅ ရာ ခိုင်နှုန်း၊ ဧရာဝတီဘဏ်က ၁၇ ဒသမ ၇၈ ရာခိုင်နှုန်း၊ သမဝါယမဘဏ် (CB ဘဏ်) က ၁၆ ဒသမ ၀၃ ရာခိုင်နှုန်း၊ မြန်မာ့ရှေ့ဆောင်ဘဏ်က ၁၂ ဒသမ ၆၅ ရာခိုင်နှုန်း၊ ရိုးမဘဏ်က ၈ ဒသမ ၀၄ ရာခိုင်နှုန်း၊ မြဝတီဘဏ်က ၅ ဒသမ ၉၀ ရာခိုင်နှုန်း၊ ယူနိုက်တက်အမရဘဏ်က ၃ ဒသမ ၃၇ ရာခိုင်နှုန်း၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်က ၃ ဒသမ ၀၄ ရာခိုင်နှုန်း၊ ကမ္ဘာ့ရတနာဘဏ်က ၂ ဒသမ ၆၄ ရာခိုင်နှုန်း၊  မြန်မာအရှေ့တိုင်းဘဏ်က ၁ ဒသမ ၇၈ ရာခိုင်နှုန်း၊  မြန်မာနိုင်ငံသားများဘဏ်က ၁ ဒသမ ၄၉ ရာခိုင်နှုန်း၊ နေပြည်တော်စည်ပင်ဘဏ်က ၁ ဒသမ ၂၉ ရာခိုင်နှုန်း၊ အင်းဝဘဏ်က ၁ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ၁ ဒသမ ၁၃ ရာခိုင်နှုန်း၊ ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်က သုည ဒသမ ၈၉ ရာခိုင်နှုန်း၊ ပထမပုဂ္ဂလိကဘဏ်က သုည ဒသမ ၈၀ ရာခိုင်နှုန်း၊ ရွှေ (ကျေးလက်နှင့် မြို့ပြ) ဖွံ့ဖြိုးတိုးတက်ရေးဘဏ်က သုည ဒသမ ၇၆ ရာခိုင်နှုန်း၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်က သုည ဒသမ ၇၀ ရာခိုင်နှုန်း၊ ထွန်းကော်မာရှယ်ဘဏ်က သုည ဒသမ ၆၀ ရာခိုင်နှုန်း၊ ရန်ကုန်မြို့တော်ဘဏ်က သုည ဒသမ ၂၆ ရာခိုင်နှုန်း၊ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်က သုည ဒသမ ၂၄ ရာခိုင်နှုန်း၊ မြန်မာအသေးစားငွေရေးကြေးရေးဘဏ်က သုည ဒသမ ၁၇ ရာခိုင်နှုန်း၊ မြန်မာ့ခရီးသွားဘဏ်က သုည ဒသမ ၁၅ ရာခိုင်နှုန်း၊ ရတနာပုံဘဏ်က သုည ဒသမ ၁၂ ရာခိုင်နှုန်း၊ သတ္တုဖွံ့ဖြိုးရေးဘဏ်က သုည ဒသမ ၁၁ ရာခိုင်နှုန်း၊ Glory Farmer ဖွံ့ဖြိုးရေးဘဏ်က သုည ဒသမ ၀၇ ရာခိုင်နှုန်း၊ အာရှရန်ကုန်ဘဏ်က သုည ဒသမ ၀၅ ရာခိုင်နှုန်းတို့ဖြစ်သည်။

Most Read

Most Recent