၂၀၂၀ ပြည့်နှစ် အထွေထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ဆန္ဒမဲလာ မပေးသည့်လူဦးရေ ကိုးသိန်းကျော်ရှိပြီး ဆန္ဒမဲလာပေးသည့် ရာခိုင်နှုန်းမှာ ၇၈ ဒသမ ၅၈ ရှိဟုသိရ

၂၀၂၀ ပြည့်နှစ် အထွေထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ဆန္ဒမဲလာ မပေးသည့်လူဦးရေ ကိုးသိန်းကျော်ရှိပြီး ဆန္ဒမဲလာပေးသည့် ရာခိုင်နှုန်းမှာ ၇၈ ဒသမ ၅၈ ရှိဟုသိရ
Published 17 November 2020
ကောင်းခန့်လင်း(မုံရွာ)

နိုဝင်ဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ဆန္ဒမဲလာ မပေးသည့်လူဦးရေ ၉၂၂၂၂၀ အထိရှိပြီး ဆန္ဒမဲလာရောက် ပေးသည့်လူဦးရေ ရာခိုင်နှုန်းမှာ ၇၈ ဒသမ ၅၈ အထိရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ စာရင်းမှတ်တမ်းများအရ သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေ ၄၃၀၅၄၀၃ ရှိသည့်အနက် ဆန္ဒမဲ လာရောက်ပေးသည့်လူဦးရေ ၃၃၈၃၁၈၃ ရှိခဲ့ပြီး မဲပေးခဲ့သည့် ရာခိုင်နှုန်း ၇၈ ဒသမ ၅၈ အထိရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလက စစ်ကိုင်းတိုင်းဒေသကြီး၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေ ၃၈၀၃၈၄၉ ရှိသည့်အနက် ဆန္ဒမဲ လာရောက်ပေးသည့် လူဦးရေ ၂၈၄၃၈၀၉ ရှိခဲ့ပြီး မဲပေးခဲ့သည့် ရာခိုင်နှုန်း ၇၄ ဒသမ ၇၆ အထိရှိခဲ့ကြောင်း ဆက်လက် သိရသည်။

အလားတူ နိုဝင်ဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ မဲရုံပေါင်း ၄၁၀၃ ရုံအထိရှိခဲ့ကာ မဲရုံအများဆုံးမြို့နယ်မှာ ကန့်ဘလူမြို့နယ်ဖြစ်ပြီး မဲရုံအနည်းဆုံး မြို့နယ်မှာ ခန္တီးမြို့နယ်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိ မဲဆန္ဒနယ်နေရာ အားလုံးကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တို့ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိ မဲဆန္ဒနယ်နေရာ အားလုံးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကလေးဝမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်နေရာ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်နေရာနှင့် ယင်းမြို့နယ်ရှိ ပြည်သူ့လွှတ်တော်နေရာတို့ကို ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေးဝမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်နေရာ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်နေရာနှင့် ပြည်သူ့လွှတ်တော်နေရာတို့ကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent