ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) က လွိုင်ကော်မြို့နယ်တွင် ရွေးကောက်ပွဲ အနိုင်မရရှိသော်လည်း ရွေးကောက်ပွဲကတိအတိုင်း ဆက်လက် လုပ်ဆောင်ပေးမည်ဟုဆို

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) က လွိုင်ကော်မြို့နယ်တွင် ရွေးကောက်ပွဲ အနိုင်မရရှိသော်လည်း ရွေးကောက်ပွဲကတိအတိုင်း ဆက်လက် လုပ်ဆောင်ပေးမည်ဟုဆို
Published 17 November 2020
မခိုင် (လွိုင်ကော်)

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) က လွိုင်ကော်မြို့နယ်တွင် ရွေးကောက်ပွဲ အနိုင်မရရှိသော်လည်း ရွေးကောက်ပွဲကတိအတိုင်း ဆက်လက် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ထပ်မံကတိပေးခြင်း အစီအစဉ်အဖြစ် ကျေးရွာများသို့ သွားရောက်ကာ လူထုနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၆ ရက်ညတွင် တီးလုံကျေးရွာအုပ်စု ဝမ်ငေါ့ကျေးရွာတွင် လူထုနှင့် တွေ့ဆုံရာ လူထုက ၎င်းတို့ကျေးရွာများ မှီခိုနေရသော နမ့်တဘတ်ချောင်းအား ရေအားလျှပ်စစ် ထုတ်လုပ်မည်ကို စိုးရိမ်နေကြသဖြင့် ကူညီပေးရန် တောင်းဆိုကြကြောင်း သိရသည်။

“တစ်ခုတော့ ကြားရတာကနော် ကောလာဟလဖြစ်စေ တကယ်ဖြစ်စေ ဒီတဘတ်ချောင်းကို လာမယ့် ကာလထဲမှာပေါ့၊ တဘတ်ချောင်းကို ပိတ်ပြီးတော့ စက်မှုဇုန်ကို ရေပို့မလား လျှပ်စစ်ပို့မလားဆိုတဲ့ စီမံကိန်းတစ်ခုတော့ ကြားတယ်။ အတတ်နိုင်ဆုံး ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကို မှီခိုနိုင်တဲ့ အလားအလာကိုရှိမှာပဲ။ ကျွန်တော်တို့ကို ကူညီနိုင်မယ်လို့ ယုံကြည်ပါတယ်။ တတ်နိုင်သလောက် ကြိုးစားပြီး ကျွန်တော်တို့ ကိုယ့်လူမျိုး ကိုယ့်ရဲ့ပြည်နယ်ကိုတော့ လေးစားပါတယ်။ မနိုင်ပေမဲ့ ငါးနှစ်ထက် မကျော်ပါဘူး။ နောက်တစ်ခါ နောင်ငါးနှစ် အနာဂတ် ရှိပါသေးတယ်။ ကျွန်တော်တို့ အားပေးတဲ့စကားလည်း ပါပါတယ်လို့။ ဆရာတို့အနေနဲ့ တဘတ်ချောင်းကို စဉ်းစားပေးမှာလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”ဟု ဝမ်ငေါ့ကျေးရွာနေ ခူးတူရယ်က လူထုကိုယ်စား တောင်းဆို ပြောကြားသည်။

နမ့်တဘတ်ချောင်းမှရေအား လွိုင်ကော်စက်မှုဇုန်ရှိ သတ္တုသန့်စင်စက်ရုံသို့ ပို့ပါက ကျေးရွာ ၁၆ ရွာနှင့် လွိုင်လင်မြို့မှာ သောက်သုံးရေနှင့် စိုက်ပျိုးရေးအတွက် စိုးရိမ်နေကြကြောင်း၊ ကျေးရွာများမှာ မြေအောက်ရေ တူးမရသော ရွာများဖြစ်သဖြင့် ရေပြဿနာများ ဖြစ်ပေါ်လာနိုင်သဖြင့် KySDP မှ ကူညီပေးပါရန် တင်ပြတောင်းဆိုကြခြင်း ဖြစ်ကြောင်း သိရသည်။

“နမ့်တဘတ်ချောင်းကို ကျွန်တော်တို့ ဘယ်လိုစီမံဖို့ရှိသလဲ ဆိုတဲ့ဟာမျိုးကိုတော့ ကျွန်တော်တို့ရဲ့ မဲဆွယ်ကာလတုန်းက ကျွန်တော်တို့ပေးခဲ့တဲ့ ကတိအတိုင်းပဲ ကျွန်တော်တို့ ဆက်လက်ပြီးတော့ အဲဒီအတိုင်းပဲ ကတိပေးပါတယ်ပေါ့။ ကျွန်တော်တို့ ဒီဟာကို တီးလုံအုပ်စုမှာရှိနေတဲ့ ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေ ထိခိုက်နစ်နာစေမယ့် ဘယ်လိုကိစ္စရပ်မှာမဆို အမြဲတမ်း ကျွန်တော်တို့ရှေ့ကနေပြီးတော့မှ ရပ်တည်ပြီးတော့ ကာကွယ်ပေးသွားပါမယ် ဆိုတဲ့ကတိကို ကျွန်တော် ဒီညမှာလည်း ဆက်ပြီးတော့မှ ပေးပါတယ်။ တစ်စိုက်မတ်မတ် ကျွန်တော်တို့ ကာကွယ်သွားပါ့မယ်။ သို့သော် ကျွန်တော်တို့ပါတီ တစ်ခုတည်းက လုပ်လို့မရပါဘူး။ ကျွန်တော်တို့ကို မဲပေးခဲ့တဲ့ ကျွန်တော်တို့ကို ထောက်ခံပေးတဲ့ ဝန်းရံပေးတဲ့ ဆရာတို့ ဆရာမတို့ အားလုံးကပဲလည်း လက်တွဲပြီးတော့မှ ကျွန်တော်တို့နဲ့ အတူတူလုပ်ဖို့ လိုအပ်ပါတယ်လို့ တစ်ဆက်တည်းလည်း ပြောချင်ပါတယ်။ ကျွန်တော်တို့က ရှေ့ကနေပြီးတော့မှ ဆရာတို့ ဆရာမတို့ ကိုယ်စား ကျွန်တော်တို့က ရပ်တည်ပြီးတော့ လုပ်သွားပေးပါ့မယ်။ ဒါပေမယ့် ဆရာတို့ ဆရာမတို့က ကျွန်တော်တို့နောက်ကနေ ခွန်အားပေးဖို့ လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်”ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့သော ကိုစတီဗင်ထွန်းထွန်းက ဝမ်ငေါ့ကျေးရွာ လူထုအား ကတိပေး ပြောကြားသည်။

KySDP မှာ ရွေးကောက်ပွဲတွင် ဖရူဆိုမြို့နယ်နှင့် ရှားတောမြို့နယ်တို့မှ  နေရာ ရှစ်နေရာ အနိုင်ရခဲ့ကြောင်း၊  ပြည်နယ်လွှတ်တော်တွင် သုံးနေရာ ရရှိထားသဖြင့် အနိုင်မရသည့် မြို့နယ်များအတွက်လည်း ပါတီနှင့် ချိတ်ဆက်၍ ဒေသအရေးများအား ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကတိပေးပြောကြားသည်ဟု သိရသည်။

ရွေးကောက်ပွဲမကျင်းမခင် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) မှ လွိုင်ကော် မြို့နယ်ကျေးရွာများသို့ သွားရောက်မဲဆွယ် စည်းရုံးခဲ့ရာတွင် သတ္တုသန့်စင်စက်ရုံနှင့် ပတ်သက်၍ လူထုအကျိုးမရှိပါက ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း ကတိပြုပြောဆိုခဲ့သည်ဟု သိရသည်။

လွိုင်ကော်မြို့နှင့် နှစ်မိုင်ကျော်အကွာတွင် တည်ဆောက်နေသော တစ်နှစ်လျှင် တန် ၅၀၀၀ ထုတ်လုပ်မည့် အကြီးစား စက်မှုလုပ်ငန်းဖြစ်သည့် ခဲသတ္တုသန့်စင်စက်ရုံ ရပ်နားသင့်ပါက ရပ်နားရန်၊ တန်းတူညီမျှသော ပညာရေးရှိရန်နှင့် ပြည်နယ်ဒေသခံများ လုပ်အကိုင် အခွင့်အလမ်းရရှိရန်၊ လွိုင်ကော်မြို့နယ် စိမ်းလန်းရေးနှင့် သဘာဝဝန်းကျင်ထိန်းသိမ်းရေးကို ဆောင်ရွက်ကြိုးပမ်းသွားမည်ဆိုသော ကတိများပေးကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုစတီဗင်ထွန်းထွန်းက အောက်တိုဘာ ၂၁ ရက် ညပိုင်းတွင် ကယန်းသာယာလူထုက မေးမြန်းသဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent