မြဝတီမြို့နယ် အပါအဝင် ကရင်ပြည်နယ် ခြောက်မြို့နယ်၌ NLD ပါတီ ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိ

မြဝတီမြို့နယ် အပါအဝင် ကရင်ပြည်နယ် ခြောက်မြို့နယ်၌ NLD ပါတီ ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိ
မြဝတီမြို့နယ်တွင် နိုဝင်ဘာ ၈ ရက်ညက ဆန္ဒမဲလက်မှတ်များ ရေတွက်နေစဉ်
မြဝတီမြို့နယ်တွင် နိုဝင်ဘာ ၈ ရက်ညက ဆန္ဒမဲလက်မှတ်များ ရေတွက်နေစဉ်
Published 9 November 2020
ကိုရွှေသိန်း (မြဝတီ)

ကရင်ပြည်နယ်အတွင်း မြဝတီ အပါအဝင် မြို့ခြောက်မြို့နယ်တွင် NLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သော လွှတ်တော် ကိုယ်စားလှယ်လောင်းများအားလုံး အနိုင်ရရှိခဲ့ကြောင်း သိရသည်။

မြဝတီမြို့တွင် ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ငါးဦး၊ အမျိုးသားလွှတ်တော် ၁၁ နေရာအတွက် ခြောက်ဦး၊ အမျိုးသားလွှတ်တော် ၁၂ နေရာအတွက် ကိုယ်စားလှယ်လောင်း ခြောက်ဦး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) တွင် ငါးဦး၊ ပြည်နယ်လွှတ်တော် နှစ်နေရာအတွက် ခြောက်ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ လွှတ်တော် သုံးရပ်၌ NLD ကိုယ်စားလှယ်လောင်း ငါးဦးက အနိုင်ရရှိခဲ့သည်။

ကရင်ပြည်နယ် မြဝတီမြို့နယ် မဲဆန္ဒနယ် (၁၁) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လက်ရှိ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းသည် ပြိုင်ဘက်ပါတီ ကိုယ်စားလှယ်လောင်းထက် မဲကွာဟမှု နှစ်သောင်းကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၉ ရက်က ရွေးကောက်ပွဲကော်မရှင်မှ ပုံစံ ၁၉ ဖြင့် ထုတ်ပြန်ကြေညာရာတွင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းသည် မဲအရေအတွက် ၃၀၃၅၃ မဲ ရရှိခဲ့ပြီး ဒုတိယ မဲအများဆုံးရရှိသည့် ပြည်ခိုင်ဖြိုး USDP ပါတီမှ ကိုယ်စားလှယ်လောင်းမှာ ၉၆၄၅ မဲသာရရှိခဲ့၍ မဲကွာဟမှု ၂၀၇၀၈ မဲဖြင့် ဦးမန်းဝင်းခိုင်သန်းက အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 

၎င်းအပြင် မြဝတီခရိုင်အတွင်းရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁) နှင့် မဲဆန္ဒနယ် (၁၂) တို့တွင်လည်းကောင်း၊ ကရင်ပြည်နယ်လွှတ်တော် မြဝတီမြို့နယ် မဲဆန္ဒနယ် (၁) နှင့် မဲဆန္ဒနယ် (၂) တို့ တွင်လည်းကောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ အစရှိတဲ့ နေရာအသီးသီးမှာ အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ နိုဝင်ဘာ ၉ ရက် နေ့လည်ပိုင်းက ပုံစံ ၁၉ ဖြင့် အတည်ပြု ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့က ကျင်းပခဲ့သော ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် မြဝတီမြို့နယ်၌ နိုင်ငံရေးပါတီ ခြောက်ပါတီမှ ကိုယ်စားလှယ်လောင်း ၂၇ ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

တိုင်းရင်းသား ကိုယ်စားလှယ်လောင်းအဖြစ် ဗမာ၊ မွန်၊ ပအိုဝ်းစသော တိုင်းရင်းသား လူမျိုးများ ကိုယ်စားလှယ်လောင်းအဖြစ် ၂၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်းများသာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

မြဝတီခရိုင်အတွင်းရှိ မဲဆန္ဒရှင် လူဦးရေ ၁၇၂၀၂၅ ဦးရှိသည့်အနက် လူဦးရေ ၈၂၆၄၈ ဦး မဲပေးခဲ့ကြ၍ မဲပေးသူမှာ ရာခိုင်နှုန်းအားဖြင့် ၄၈ဒသမ ၀၄ ရာခိုင်နှုန်း မဲပေးခဲ့ကြောင်း သိရသည်။

ထို့အတူ ကရင်ပြည်နယ် အတွင်းရှိ ဖာပွန်မြို့နယ်မှလွဲ၍ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘားအံ၊ သံတောင်ကြီး၊ လှိုင်းဘွဲမြို့နယ်တို့တွင် NLD ပါတီက အနိုင်ရရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent