တောင်ငူမြို့နယ်အတွင်းရှိ မဲဆန္ဒနယ် အားလုံးတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရ

တောင်ငူမြို့နယ်အတွင်းရှိ မဲဆန္ဒနယ် အားလုံးတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရ
Published 9 November 2020
ဇော်ဝင်းချစ် (တောင်ငူ)

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်အတွင်းရှိ မဲဆန္ဒနယ် လေးနေရာလုံးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ပါတီက မဲအသာစီးဖြင့် အနိုင်ရရှိသွားခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် တောင်ငူမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပေါင်း (၁၉၉၉၀၂) ဦးရှိပြီး လာရောက် ဆန္ဒမဲပေးသူဦးရေ ၁၄၀၂၇၀ ဦးရှိသဖြင့် မဲပေးခွင့်ရှိသူ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော်အထိ လာရောက်မဲပေးခဲ့ကြောင်း သိရသည်။

မဲရလဒ်များအရ တောင်ငူမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် NLD ပါတီမှ ၁၀၃၂၅၅ မဲဖြင့် မဲအများဆုံး ရရှိခဲ့ပြီး USDP ပါတီမှ ၃၅၀၄၇ မဲ၊ UBP ပါတီမှ ၁၈၁၃ မဲ ရရှိခဲ့သည်။

တောင်ငူမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အတွက် NLD ပါတီမှ (၁၀၀၉၆၄) မဲဖြင့် မဲအများဆုံးရရှိခဲ့ပြီး USDP ပါတီမှ (၃၃၈၂၆) မဲ၊ UBP ပါတီမှ (၂၁၁၃) မဲတို့ ရရှိခဲ့သည်။

တောင်ငူမြို့နယ် တိုင်းဒေသကြီး (၁) မဲဆန္ဒနယ်အတွက် NLD ပါတီမှ (၅၃၃၂၉) မဲဖြင့် မဲအများဆုံးရရှိခဲ့ပြီး USDP ပါတီမှ (၂၁၁၃၆) မဲ၊ UBP ပါတီမှ ၈၇၆ မဲ၊ PPP ပါတီမှ (၇၉၆) မဲ၊ MFDP ပါတီမှ (၈၀၄) မဲ တို့ ရရှိခဲ့ကြောင်း သိရသည်။

တောင်ငူမြို့နယ် တိုင်းဒေသကြီး (၂) မဲဆန္ဒနယ်အတွက် NLD ပါတီမှ (၄၉၅၄၂) မဲဖြင့် မဲအများဆုံးရရှိခဲ့ပြီး၊ USDP ပါတီမှ (၁၃၀၅၅) မဲ၊ MFDP ပါတီ (၅၆၂) မဲ၊ UBP ပါတီမှ (၆၀၈) မဲ၊ မတူကွဲပြားပါတီမှ (၆၉) မဲတို့ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် NLD ပါတီမှ (၇၃၈၅) မဲဖြင့် ပြိုင်ဘက်ပါတီများကို အနိုင်ရရှိခဲ့ရာ မဲဆန္ဒနယ် လေးနေရာလုံးတွင် အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပသော ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးတွင် တောင်ငူမြို့နယ်၌ ကြိုတင်မဲများ ၂၆၀၀၀ ကျော်ရှိရာ ကြိုတင်မဲ အားလုံးကို (၁၀၀ ရာခိုင်နှုန်း) ဆန္ဒမဲ ပေးခဲ့ကြကြောင်း သိရသည်။

တောင်ငူမြို့နယ်၏ ကြိုတင်မဲတွင် မဲဆန္ဒနယ်ပြင်ပ (ပြည်ပ) မဲဆန္ဒရှင် (၄၅၇) ဦး၊ မဲဆန္ဒနယ်ပြင်ပ (ပြည်တွင်း) (၁၄၄) ဦး၊ တပ်မတော်သားများနှင့် မိသားစုဝင် မဲဆန္ဒရှင် (၄၂၇၂) ဦး ရှိခဲ့ကြောင်းနှင့် မြို့နယ်အတွင်း၌ မဲရုံပေါင်း (၁၉၃) ရုံဖွင့်လှစ်ကာ ရွေးကောက်ပွဲ ကျင်းပခဲ့ကြောင်း မြို့နယ်အထွေထွေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

 

Most Read

Most Recent