အောက်တိုဘာတွင် စံချိန်တင်ကျဆင်းခဲ့သည့် ထုတ်လုပ်မှု၊ အော်ဒါအသစ်များ၊ ကုန်ဝယ်ယူမှု အညွှန်းကိန်းများနှင့် ခုနစ်နိုင်ငံအနက် အဆိုးရွားဆုုံးဆုတ်ယုတ်နေသည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းများ

အောက်တိုဘာတွင် စံချိန်တင်ကျဆင်းခဲ့သည့် ထုတ်လုပ်မှု၊ အော်ဒါအသစ်များ၊ ကုန်ဝယ်ယူမှု အညွှန်းကိန်းများနှင့် ခုနစ်နိုင်ငံအနက် အဆိုးရွားဆုုံးဆုတ်ယုတ်နေသည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းများ
နိုင်ငံတကာမှလုပ်ငန်းရှင်များ ဝင်ရောက်မြှုပ်နှံထားသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
နိုင်ငံတကာမှလုပ်ငန်းရှင်များ ဝင်ရောက်မြှုပ်နှံထားသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 8 November 2020
နီလာ

ထုတ်လုပ်မှုစရိတ်များ ခြောက်လအတွင်း ပထမအကြိမ် ပြန်လည် မြင့်တက်

မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍ ထုတ်လုပ်မှု၊ အော်ဒါအသစ်များနှင့် ထည့်သွင်းကုန်ဝယ်ယူမှုအညွှန်းကိန်းများ အောက်တိုဘာ၌ စံချိန်တင် ကျဆင်းသွားပြီး ထုတ်လုပ်မှုစရိတ်များ ခြောက်လအတွင်း ပထမအကြိမ် ပြန်လည်မြင့်တက်လာကြောင်း ၂၀၂၀ ပြည့်နှစ် အောက်တိုဘာအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index - ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း) အရ သိရသည်။

COVID-19 ကြောင့် စီးပွားရေးကျဆင်းမှုမှာ ၂၀၂၀ ပြည့်နှစ် စတုတ္ထသုံးလပတ်အထိ တိုင်အောင် ဆက်လာခဲ့၍ မြန်မာထုတ်လုပ်ရေးကဏ္ဍသည် အောက်တိုဘာတွင် ထိုးကျမှုကို ထပ်မံမှတ်တမ်းတင်လိုက်သည်။ COVID-19 ဖြစ်ပွားနှုန်းမြင့်တက်မှုကြောင့် ဒေသအများအပြားတွင် ကန့်သတ်ချက်များ ပိုမိုတင်းကျပ်စွာချမှတ်နေရပြီး လုပ်ငန်းများ ပိတ်ထားရ၍ ထုတ်လုပ်မှု၊ အော်ဒါအသစ်များနှင့် ထည့်သွင်းကုန်ဝယ်ယူမှုအားလုံး စံချိန်တင်နှုန်းများဖြင့် ကျဆင်းလာသည်။ အလုပ်သမားများ ၎င်းတို့ဇာတိ နေရပ်များသို့ ပြန်သွားခဲ့ကြသည့်နောက်တွင် အလုပ်နေရာများ ဆက်လက်ဖြတ်တောက်ခံခဲ့ရပြီး ပစ္စည်းပေးသွင်းမှုအချိန်များမှာ ဒုတိယလမြောက် ပိုကြာလာခဲ့သည်။ တစ်ခုတည်းသော ရလဒ်ကောင်းမှာ လာမည့် ၁၂ လအတွက် ထုတ်လုပ်ရေး မျှော်မှန်းချက်ဆက်ပြီး အကောင်းမြင်နေဆဲဖြစ်ပြီး စက်တင်ဘာလထက် ပိုကောင်းလာခြင်းဖြစ်သည်။ ယင်းအတောအတွင်း စရိတ်စက ဝန်ထုပ်များမှာ ခြောက်လအတွင်း ပထမအကြိမ် မြင့်တက်လာခဲ့ပြီး ကုမ္ပဏီများက စျေးလျှော့ရေးမဟာဗျူဟာကို ကျင့်သုံးနေကြရာ ရောင်းစျေးများ ကျဆင်းလာခဲ့သည်။

အောက်တိုဘာအတွက် မြန်မာနိုင်ငံ၏ PMI အညွှန်းကိန်းမှာ ၃၀ ဒသမ ၆ ဖြစ်ပြီး စက်တင်ဘာ အညွှန်းကိန်း ၃၅ ဒသမ ၉ မှ ကျဆင်းလာခြင်းဖြစ်သည်။ အညွှန်းကိန်းသည် ထုတ်လုပ်မှုလုပ်ငန်းအခြေအနေအရှိန်ဖြင့် ထိုးကျလာမှုကို အချက်ပြနေပြီး စစ်တမ်းသမိုင်းတစ်လျှောက် ဒုတိယအနိမ့်ဆုံးဖြစ်ပြီး အနိမ့်ဆုံးအညွှန်းကိန်းမှာ ဧပြီတွင် ဖြစ်ပေါ်ခဲ့ကာ ၂၉ ဖြစ်သည်။

PMI ထဲတွင် ၅၅ ရာခိုင်နှုန်းအထိ အလေးပေးတွက်ရသည့် ထုတ်လုပ်မှုနှင့် အော်ဒါသစ်များ၏ အညွှန်းနှစ်ခုစလုံးမှာ အောက်တိုဘာတွင် စံချိန်တင်အနိမ့်ဆုံးသို့ ထိုးဆင်းခဲ့သည်။ ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းချိန်များလည်း ရှေ့ဆက် ပိုကြာလာခဲ့ပြီး တစ်ချိန်တည်းတွင် အလုပ်ဖြတ်တောက်ခံရမှုမှာ ဒုတိယမြောက်လအဖြစ် ရှေ့ဆက်ခဲ့သည်။ ငါးခုမြောက်ထည့်သွင်းတွက်ချက်ရသည့် သိုလှောင်ထားသည့် ဝယ်ကုန်စာရင်းသည် မှတ်တမ်းတွင် ဒုတိယအများဆုံးနှုန်းဖြင့် ကျဆင်းခဲ့သည်။

ကုမ္ပဏီရာခိုင်နှုန်း ၇၀ ကျော်က လုပ်ငန်းလုပ်ကိုင်မှုများကို ရပ်တန့်မြဲရပ်တန့်ထားရ၍ အောက်တိုဘာတွင် အော်ဒါအသစ်ရရှိမှု နည်းခဲ့ကြောင်း အစီရင်ခံကြသည်။ ခြုံပြောရလျှင် ကျဆင်းမှုနှုန်းမှာ စက်တင်ဘာမှစ၍ အရှိန်ရလာပြီး စစ်တမ်းသမိုင်းထဲတွင် အများဆုံး ဖြစ်ခဲ့သည်။

COVID-19 Lockdown အစီအစဉ်များ ဆက်လက်ကျင့်သုံးနေခြင်းကြောင့် အဓိကဒေသများရှိ လုပ်ငန်းများကို ယာယီပိတ်လာစေခဲ့သည်။ ဖြေကြားသူ လေးပုံသုံးပုံနီးပါးက စက်တင်ဘာမှစ၍ ထုတ်လုပ်မှု ကျဆင်းလာခဲ့ကြောင်း အစီရင်ခံခဲ့ကြသည်။ စက်ရုံများ ပိတ်ထားရ၍ အလုပ်သမားများ ဇာတိနေရပ်များသို့ ပြန်သွားကြရာ ခြုံကြည့်လျှင် အလုပ်ခန့်မှုပမာဏ ကျဆင်းလာခဲ့သည်။ သို့သော်လည်း အလုပ်ဖြတ်တောက်မှုနှုန်းမှာ ယခင်စစ်တမ်းကာလထက် အားပျော့သွားသည်။

အလုပ်သစ်များ စံချိန်တင် ကျဆင်းလာမှုနှင့်တစ်ပြေးညီ ထုတ်လုပ်သူတို့က ဝယ်ယူမှုအရှိန်ကို လျှော့ချခဲ့ကြသည်။ ထည့်သွင်းကုန် ဝယ်ယူမှုပမာဏများမှာ မှတ်တမ်းထဲတွင် အများဆုံးနှုန်းဖြင့် ကျဆင်းသွားပြီး ဝယ်ယူထားသည့် သိုလှောင်ကုန်များမှာ စစ်တမ်းသမိုင်းအတွင်း ပူးတွဲဒုတိယအများဆုံးနှုန်းဖြင့် ကျဆင်းခဲ့သည်။ မြို့များတွင် ကန့်သတ်မှုများကို ပိုမိုတင်းကျပ်စွာ ချမှတ်လာကြရာ ပစ္စည်းပေးသွင်းရေး ကွင်းဆက်များအပေါ် ဖိအားပေးမှုတိုးလာခဲ့ပြီး ပစ္စည်းပေးသွင်းသူတို့၏ စွမ်းဆောင်နိုင်စွမ်းမှာ ဒုတိယမြောက်လအဖြစ် ဆက်တိုက်ဆုတ်ယုတ်လာသည်။

စျေးနှုန်းများကိုလေ့လာကြည့်လျှင် စ ရိတ်စကဝန်ထုပ်များ အသင့်အတင့်မြင့်တက်လာမှုနှင့်အတူ ငွေကြေးဖောင်းပွမှုဖိအားပေးမှုများပါ တိုးလာခဲ့သည်။ ရောင်းအားကို မြှင့်တင်ပေးနိုင်ရေးအတွက် စက်ရုံရောင်းစျေးများကို ဆက်ပြီးလျှော့ချပေးခဲ့ကြသည်။

အဆိုပါစစ်တမ်းကို ပြုစုပေးသည့် IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel က “ အောက်တိုဘာစစ်တမ်းဒေတာက မြန်မာ့ကုန်ထုတ်ကဏ္ဍအခြေအနေ သိသာစွာ ဆက်ပြီးကျဆင်းလာတာကို အချက်ပြနေပြီး ၃၀ ဒသမ ၆ အထိ ထိုးကျသွားပါတယ်။ ကန့်သတ်မှုတွေတိုးမြှင့်ခဲ့တာကြောင့် လည်ပတ်ဆဲလုပ်ငန်းတွေ ၀ိတ်ချခဲ့ရတာကြောင့် စျေးကွက်ဝယ်လိုအားလည်း ကျဆင်းသွားပါတယ်” ဟု ပြောကြားသည်။ 

ခုနစ်နိုင်ငံအနက် မြန်မာနိုင်ငံက ကုန်ထုတ်လုပ်ငန်းများ အဆိုးရွားဆုံး ဆုတ်ယုတ်နေ

အာဆီယံထုတ်လုပ်မှုကဏ္ဍ အခြေအနေသည် အကျဘက်နွံ့ထဲတွင် ဆက်လက်ရုန်းကန်နေရပြီး စစ်တမ်းတွင် ပါဝင်သည့် ခုနစ်နိုင်ငံအနက် မြန်မာနိုင်ငံက ကုန်ထုတ်လုပ်ငန်းများ အဆိုးရွားဆုံးဆုတ်ယုတ်နေကြောင်း Nikkei ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်သော အောက်တိုဘာလ IHS Markit စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

IHS Markit ဝယ်ယူရေးမန်နေဂျာများ၏အညွှန်းကိန်း (PMI) နောက်ဆုံးဒေတာအရ အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ၏ အကျဘက် ဦးလှည့်မှုမှာ အောက်တိုဘာတွင် ရှေ့ဆက်ခဲ့သည်။ ကဏ္ဍအခြေအနေမှာ ရှစ်လဆက်တိုက်ဆုတ်ယုတ်လာခဲ့သော်လည်း ကျဆင်းမှုနှုန်းမှာ တစ်လအတွင်း မသိမသာအားပျော့လာခဲ့ပြီး ညင်သာခဲ့သည်။ နောက်ဆုံးဒေတာတွင် ထုတ်လုပ်မှုရော အော်ဒါသစ်မှာယူမှုပမာဏများပါ ရှေ့ဆက်ကျဆင်းခဲ့မှုဖြစ်ပြီး ကျဆင်းမှုနှုန်းမှာ မသိမသာ နည်းလာခဲ့ကာ ခြုံပြောရလျှင် အသင့်အတင့် ရှိခဲ့သည်။ သို့သော်လည်း ကုမ္ပဏီများသည် လာမည့် ၁၂ လအတွက် ထုတ်လုပ်မှုနှင့်ပတ်သက်၍ အကောင်းမြင်နေဆဲဖြစ်သည်။

အောက်တိုဘာတွင် အာဆီယံ PMI အညွှန်းသည် ၄၈ ဒသမ ၆ တွင်ရှိနေရာ စက်တင်ဘာ၏ ၄၈ ဒသမ ၃ ထက် မသိမသာမြင့်သော်လည်း အရေးပါသည့် ၅၀ အမှတ်ထက် နိမ့်ကျနေပြီး အာဆီယံကုန် ထုတ်လုပ်ရေး ကဏ္ဍအခြေအနေ အသင့်အတင့် ဆုတ်ယုတ်မှုကို ညွှန်ပြနေသည်။

နိုင်ငံအလိုက်ဆိုလျှင် ပါဝင်သည့် ခုနစ်နိုင်ငံအနက် လေးနိုင်ငံက လုပ်ကိုင်မှုအခြေအနေများ အောက်တိုဘာတွင် ဆုတ်ယုတ်လာကြောင်း မှတ်တမ်းတင်ခဲ့ပြီး အပြင်းထန်ဆုံးအဖြစ် မြန်မာနိုင်ငံက ၃၀ ဒသမ ၆ ဖြင့် ထိုးကျနေကြောင်း မှတ်တမ်းတင်ခဲ့သည်။ အခြားနိုင်ငံများကိုကြည့်လျှင် အင်ဒိုနီးရှားနိုင်ငံက အညွှန်းကိန်း ၄၇ ဒသမ ၈ ဖြင့် အသင့်အတင့် ကျဆင်းမှုကို ညွှန်ပြနေသော်လည်း စက်တင်ဘာနှင့် ယှဉ်လျှင်ညင်သာခဲ့သည်။ မလေးရှားနိုင်ငံက ပြောင်းပြန်ဖြစ်ခဲ့ပြီး ကျဆင်းမှုနှုန်းတိုးကာ အညွှန်းကိန်း ၄၈ ဒသမ ၅ ရှိကာ အသင့်အတင့် ဆုတ်ယုတ်လာမှုကို အချက်ပြနေသည်။

ဖိလစ်ပိုင်နိုင်ငံက အောက်တိုဘာတွင် အညွှန်းကိန်း ၅၀ မှတ်အောက်ရှိသည့် နောက်ထပ်တစ်နိုင်ငံဖြစ်ပြီး အညွှန်း ၄၈ ဒသမ ၅ ရရှိခဲ့ကာ ပြန်လည်ထိုးကျခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာနောက်ပိုင်း ပထမအကြိမ် တိုးတက်လာခဲ့ပြီး အညွှန်းကိန်း ၅၀ ဒသမ ၈ ဖြင့် တစ်နှစ်ခွဲအတွင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့သည်။ ဗီယက်နမ်နိုင်ငံကလည်း အောက်တိုဘာတွင် ခိုင်မာသည့် တိုးတက်မှုကို မြင်ရပြီး အညွှန်းကိန်း ၅၁ ဒသမ ၈ ရရှိခဲ့သည်။ စင်ကာပူနိုင်ငံသည် အောက်တိုဘာတွင် ၂၀၁၈ ခုနှစ် ဇူလိုင်လမှစပြီး ထုတ်လုပ်ရေး အခြေအနေများ ပထမအကြိမ်တိုးတက်လာမှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အညွှန်းကိန်း ၅၂ အထိ တိုးတက်လာခဲ့သည်။

IHS Markit မှ စီးပွားရေးပညာရှင် Lewis Cooper က “ အောက်တိုဘာဒေတာက အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ အကျဘက် ဦးလှည့်မှုဆက်နေတာကို မီးမောင်းထိုးပြနေပါတယ်။ စက်ရုံထုတ်လုပ်မှုနဲ့ အော်ဒါအသစ်တွေ ဆက်လက်ကျဆင်းလာတဲ့ကြားမှာ လုပ်ကိုင်မှု အခြေအနေတွေ ရှစ်လဆက်တိုက် ဆုတ်ယုတ်ခဲ့ပြီး ကျဆင်းမှုနှုန်းကတော့ အရင်လထက် မသိမသာ အားနည်းလာပါတယ်။ ဝယ်လိုအားနည်းပြီး ကုန်ထုတ်လုပ်မှုဖိအား အားနည်းနေတာကြောင့် လုပ်သားဦးရေကိုလည်း ဆက်ပြီးဖြတ်တောက်လာကြပါတယ်။ တစ်ခုတည်းသော အပြုသဘောလက္ခဏာကတော့ အနာဂတ်ကုန်ထုတ်လုပ်မှုအညွှန်းဖြစ်ပြီး ၅၀ အထက် ရှိနေပါတယ်” ဟု ပြောကြားသည်။

ရန်ကုန်မြို့၏မြောက်ဘက် ၁၀ ကီလိုမီတာအကွာအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကိုရီးယား LH နှင့် Global Sae-A တို့ ပူးပေါင်းဆောင်ရွက်သောဖက်စပ်ကုမ္ပဏီ KMIC ၊ အပိုင်း (၁) တည်ဆောက်ရေးလုပ်ငန်းများ စတင်တော့မည်ဖြစ်သည်။

ကိုဗစ်ကာလဖြစ်သော်လည်း ကိုရီးယား-မြန်မာစက်မှုဇုန် (KMIC) စီမံကိန်း တင်ဒါအောင်နိုင်သူအား နှစ်လအတွင်း ရွေးချယ်မည်ဖြစ်ပြီး အပိုင်း (၁) တည်ဆောက်ရေးလုပ်ငန်းများကို ၃၁၅ ဧကပေါ်တွင် အကောင်အထည်ဖော်မည်ဟု Korea-Myanmar Industrial Complex-KMIC Development Co.,Ltd က သတင်းထုတ်ပြန်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၉ ရက်တွင် Korea-Myanmar Industrial Complex စီမံကိန်းအပိုင်း (၁) တည်ဆောက်ရေးလုပ်ငန်းများအတွင် တင်ဒါခေါ်ယူခဲ့သည်။ အပိုင်း (၁) တည်ဆောက်ရေးလုပ်ငန်းများသည် စုစုပေါင်း ဧရိယာ ၅၅၆ ဧကမှ ၃၁၅ ဧကပေါ်တွင် အကောင်အထည်ဖော်ခြင်း ဖြစ်သည်။

ကိုရီးယား-မြန်မာစက်မှုဇုန် အရောင်းနှင့် စျေးကွက်အပိုင်းအား လာမည့်နှစ်တွင် စတင်လုပ်ဆောင်မည်ဖြစ်ပြီး စျေးကွက်အခြေအနေနှင့် အနီးပတ်ဝန်းကျင်ရှိ စက်မှုဇုန်များ၏ အရောင်းတန်ဖိုးကို လိုက်၍ စျေးနှုန်းသတ်မှတ်မည်ဖြစ်သည်။

တည်ဆောက်ရေးကာလကြာချိန် ၂၄ လဖြစ်ပြီးခန့်မှန်းတွက်ချက်မှုပမာဏအရ ဒေါ်လာ ၂၇ သန်း ခန့်ကုန်ကျနိုင်ကြောင်း၊ KMIC စက်မှုဇုန်စီမံကိန်းမှ အလုပ်အကိုင်ပေါင်း တစ်သိန်းခန့်ကို ဖန်တီးပေးနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီးစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်မည်ဖြစ်ကြောင်း  သိရသည်။

Most Read

Most Recent