COVID-19 ကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ထိခိုက်မှုလျော့နည်း သက်သာစေရေးအတွက် JICA Two Step Loan (Phase II) ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ

COVID-19 ကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ထိခိုက်မှုလျော့နည်း သက်သာစေရေးအတွက် JICA Two Step Loan (Phase II) ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ- MOI)
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ- MOI)
Published 6 November 2020
နီလာ

COVID-19 ကြောင့် MSME လုပ်ငန်းများ ထိခိုက်မှုလျော့နည်းသက်သာစေရေးအတွက် JICA Two Step Loan (Phase II) ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအောက်ရှိ အထောက်အကူပြုလုပ်ငန်းအဖွဲ့များဖြစ်သော MSME အေဂျင်စီ၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းသုံးသပ်မှုနှင့် ညှိနှိုင်းအကောင်အထည်ဖော်ရေးအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၅ ရက်က ကျင်းပရာတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းတို့ကလည်း ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှုကြောင့် MSME လုပ်ငန်းများ ထိခိုက်ခံစားရမှု အနည်းဆုံးဖြစ်စေရေးအပါအဝင် ပံ့ပိုးကူညီပေးရေး လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

MSME ရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ရေးနှင့် ဘဏ္ဍာရေးစည်းမျဉ်းရေးဆွဲနေမှု အခြေအနေများ၊ MSME လုပ်ငန်းများ၏ Financial Literacy Awareness မြှင့်တင်ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် Credit Gurantee Corporation (CGC) ထူထောင်ရေးဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်စပ်လျဉ်းပြီး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

COVID-19 ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်း ၁၀၄၁ ခုသို့ ချေးငွေကျပ် ၂၀ ဒသမ ၇၇၇၅ ဘီလျံကို ဒုတိယအကြိမ် COVID-19 Fund မှ ချေးငွေထုတ်ယူခွင့် ပြုလိုက်ကြောင်း Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါကော်မတီအစည်းအဝေး (၉/၂၀၂၀) ဆုံးဖြတ်ချက်အရ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက် လုပ်ငန်း ၁၀၄၁ ခုသို့  ခွင့်ပြုငွေကျပ် ၂၀ ဒသမ ၇၇၇၅  ဘီလျံ ချေးငွေထုတ်ယူခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ဒုတိယအကြိမ် COVID-19 Fund မှ ပထမအသုတ်ချေးငွေရရှိသည့် ကုမ္ပဏီလုပ်ငန်းများတွင် ဆန်စက်လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်များ၊ Daewoo Bus Myanmar Company Limited ၊ ပလတ်စတစ်ဘူးခွံ လုပ်ငန်းများ၊ မြေပဲခွဲစက်လုပ်ငန်းများ အစရှိသည်တို့ ပါဝင်သည်။

ဒုတိယအကြိမ်ချေးငွေ ထုတ်ပေးရာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ၊ ပြည်ပပို့ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုး ပစ္စည်းထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက် ပါဝင်ဆောင်ရွက်သည့်လုပ်ငန်းများ၊ စားသောက်ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများသို့ ထုတ်ပေးရေးဆောင်ရွက်ပေးသွားရန်နှင့် ချေးငွေထုတ်ပေးမှုများ မြန်ဆန်သွက်လက်စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ပေးမှုအပြင် ပုဂ္ဂလိကဘဏ်များ မှတစ်ဆင့်လည်း ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

COVID-19 ကြောင့် ဖြစ်ပေါ်လျက်ရှိသည့် စီးပွားရေးဆိုင်ရာသက်ရောက်မှုများအတွက် ဒုတိယအကြိမ်ချေးငွေ ထုတ်ပေးရာတွင် ကျပ်ဘီလျံ ၁၀၀ ကို ပထမအရစ်ကျပ် ၃၅ ဘီလျံ၊ ဒုတိယအရစ်ကျပ် ၃၅ ဘီလျံနှင့် တတိယအရစ် ကျပ်ဘီလျံ ၃၀ ကို အစီအစဉ်အတိုင်း ခွဲဝေအသုံးပြုမည်ဖြစ်ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

ပထမအကြိမ် COVID-19 Fund မှ ခုနစ်ကြိမ်ခွဲ၍ ချေးငွေကျပ် ၁၀၁ ဘီလျံကျော် ထုတ်ချေးထားသည်။ လုပ်ငန်းကော်မတီ၏ ၂၀၂၀ ပြည့်နှစ် မတ် ၂၉ ရက်နေ့စွဲပါ ကြေညာချက်တွင် ဖော်ပြပါရှိသည့် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် လုပ်ငန်း ၃၃၉၃ ခုကို ချေးငွေ ခုနစ်ကြိမ်ခွဲ၍ ထုတ်ချေးပေးထားသည်။

Most Read

Most Recent