ကော့မှူးမြို့နယ် ခလောက်ခမယ်ကျေးရွာတွင် အသက် ၆ဝနှင့်အထက် ကြိုတင်မဲကို လွှတ်တော်မဲဆန္ဒနယ် အပြည့် ကောက်ယူခြင်း မရှိဟုဆိုကာ ကော်မရှင်အဆင့်ဆင့်ထံ တိုင်ကြား

ကော့မှူးမြို့နယ် ခလောက်ခမယ်ကျေးရွာတွင် အသက် ၆ဝနှင့်အထက် ကြိုတင်မဲကို လွှတ်တော်မဲဆန္ဒနယ် အပြည့် ကောက်ယူခြင်း မရှိဟုဆိုကာ ကော်မရှင်အဆင့်ဆင့်ထံ တိုင်ကြား
Published 4 November 2020
ဉာဏ်လင်းထွန်း

ကော့မှူးမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စု ခလောက်ခမယ်ကျေးရွာတွင် အောက်တိုဘာ ၂၉ ရက်က အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးမှုတွင် လွှတ်တော်မဲဆန္ဒနယ်အပြည့် ကောက်ခံခြင်းမရှိဟုဆိုကာ ယင်းကျေး ရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စုစုနွေးက ကော်မရှင် အဆင့်ဆင့်ထံ ကန့်ကွက်တိုင်ကြားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထိုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ညောင်ပင်သာကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲကို အရေးယူပေးရန်  မြို့နယ်၊ ခရိုင်နှင့် တိုင်း ဒေသကြီးရွေးကောက်ပွဲကော်မရှင် ကော်မရှင်အဖွဲ့ခွဲများကို တင်ပြတိုင်ကြားခဲ့ကြောင်း ဒေါ်စုစုနွေးက ပြောကြားသည်။

“တစ်မဲတည်း ထည့်ရတဲ့သူတွေရှိတဲ့အတွက် ကျွန်မက လူသက်သေတွေ ပြနိုင်ပါတယ်ဆိုပြီးတော့ တိုင်စာတက်လိုက် တယ်။ မြို့နယ်ကော်မရှင်ကို တိုင်စာတက်တယ်။ ခရိုင်၊ တိုင်း၊ နေပြည်တော်အထိ မိတ္တူပေးတယ်” ဟု ကော့မှူးမြို့ နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)မှ ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်စုစုနွေးက ပြောကြားသည်။

ခလောက်ခမယ်ကျေးရွာ မဲရုံအမှတ် (၄) တွင်ဖြစ်ပွားသည့် အဆိုပါဖြစ်စဉ်တွင် ကြိုတင်မဲပေးခွင့်ရှိသည့် အသက် ၆ဝနှင့် အထက် မဲဆန္ဒရှင် ၂၇ ဦးရှိပြီး ၄င်းတို့က အောက်တိုဘာ ၂၉ ရက် ကြိုတင်မဲပေးမှုတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် တစ်ခုအတွက်သာ ပေးခဲ့ရပြီး အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အတွက် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲက သီးခြားထပ်မံကောက်ယူမည်ဟု ပြောကြားခဲ့သည်ကိုသိရှိရကြောင်း ဒေါ်စုစုနွေးက ပြောကြား သည်။

အောက်တိုဘာ ၂၉ ရက် ညနေပိုင်းတွင် အဆိုပါ ၂၇ ဦးအနက်မှ အချို့ကိုကျေးရွာကော်မရှင်အဖွဲ့ခွဲက ကျန်လွှတ်တော် မဲဆန္ဒနယ်များအတွက် ကြိုတင်မဲလာရောက်ကောက်ခံမှုရှိခဲ့ပြီး လက်ရှိအချိန်အထိ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် တစ်ခုတည်းပေးခဲ့ရသည့် မဲဆန္ဒရှင် ငါးဦးခန့်ရှိကြောင်း ၄င်းက ဆိုသည်။

ထိုကိစ္စအပေါ် နိုဝင်ဘာ ၄ ရက်တွင် မြို့နယ်ကော်မရှင်ရုံး ဆားတိုင်မွတ်ကျေးရွာအုပ်စုနှင့် မဆယ်ဆိပ်ကျေးရွာအုပ်စု တို့တွင် ဖြစ်ပွားသည့် ကြိုတင်မဲအငြင်းပွားမှုဖြစ်စဉ်တို့နှင့် ပူးတွဲဖြေရှင်းရာတွင် ကွင်းဆင်းစစ်ဆေးပေးရန် ၄င်း၏ တောင်းဆိုချက်အရ နိုဝင်ဘာ ၅ရက်တွင် ခလောက်ခမယ်ကျေးရွာသို့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ့က ကွင်းဆင်းစစ်ဆေး မည်ဟု ဒေါ်စုစုနွေးက ပြောကြားသည်။ 

“မကောက်ထားတဲ့သူတွေက ကျွန်မတို့ရဲ့သက်သေပေါ့။ မနက်ဖြန် (နိုဝင်ဘာ ၅ ရက်) ကျရင် မကောက်ထားတဲ့ သူတွေက သူတို့တစ်မဲပဲထည့်ရတယ်ဆိုတဲ့အကြောင်း ထွက်မှာပေါ့” ဟု ၄င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဒေါ်စုစုနွေးက ဦးစွာတိုင်ကြားခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကလည်း ထပ်မံတိုင်ကြားခြင်းကြောင့် တရားဝင်တိုင်ကြားသူ နှစ်ဦးရှိသည်ဟု ဒေါ်စုစုနွေး၏ ပြောကြားချက်အရ သိရသည်။

“သူက တိုင်ကြားတာကတော့ မဲရုံ ၄ ရဲ့ ကြိုတင်မဲကောက်တဲ့အဖွဲ့အနေနဲ့ ကောက်တဲ့နေရာမှာ လွှတ်တော်တစ်ရပ်ကို တစ်ရက်၊ ၂၉ ရက်နေ့ဆို ပြည်သူ၊ ၃၀ ဆို အမျိုးသား၊ ၃၁ ဆို တိုင်းဒေသကြီး(၁) ပေါ့။ အဲဒီလို တစ်ရက်တစ်မျိုး ကောက်တယ်လို့ တိုင်ကြားပါတယ်။ အဲဒီတိုင်ကြားတာနဲ့ပတ်သက်လို့  အဲဒီနေ့မှာ ကောက်ထားတဲ့ ၂၇ ဦးကို မြေပြင် ကွင်းဆင်းပြီး စစ်ဆေးမှာပါ။ စစ်ဆေးတွေ့ရှိချက်ကို တိုင်ကြားချက်က မှန်သလား။ ဆောင်ရွက်တဲ့ ကော်မရှင်အဖွဲ့ တွေရဲ့ ဆောင်ရွက်ချက်က ဘာတွေအားနည်းချက်တွေ ရှိသလဲပေါ့။ အဲဒီအပေါ်မှာ သုံးသပ်ပြီးတော့မှ ဘယ်လိုလုပ် သင့်တယ်ဆိုတာကို တွေ့ရှိချက်ကို ကျွန်တော်တို့အထက် ခရိုင်၊ တိုင်းကို ဆက်ပြီး တင်ရပါမယ်။ သူတို့ လမ်းညွှန်မှု အတိုင်း ဆက်ပြီးဆောင်ရွက်မှာပါ” ကော့မှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်အောင်က ပြော ကြားသည်။

ကော့မှုးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်စုစုနွေးနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်း လေးဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

 

Most Read

Most Recent