မမှန်မကန်နှင့် အခြေအမြစ်မရှိသော အချက်အလက်များ ပြောဆိုရေးသား ဖြန့်ချိခြင်းသည် မဲပေးခြင်းနှင့် ရွေးကောက်ပွဲ ပျက်ပြားစေရန် လုပ်ဆောင်ရာရောက်သဖြင့် ရွေးကောက်ပွဲဥပဒေနှင့် ငြိစွန်းကြောင်း နိုင်ငံရေးပါတီများကို ကော်မရှင် အသိပေး

မမှန်မကန်နှင့် အခြေအမြစ်မရှိသော အချက်အလက်များ ပြောဆိုရေးသား ဖြန့်ချိခြင်းသည် မဲပေးခြင်းနှင့် ရွေးကောက်ပွဲ ပျက်ပြားစေရန် လုပ်ဆောင်ရာရောက်သဖြင့် ရွေးကောက်ပွဲဥပဒေနှင့် ငြိစွန်းကြောင်း နိုင်ငံရေးပါတီများကို ကော်မရှင် အသိပေး
Published 4 November 2020

မမှန်မကန်နှင့် အခြေအမြစ်မရှိသော အချက်အလက်များ ပြောဆိုရေးသား ဖြန့်ချိခြင်းသည် မဲပေးခြင်းနှင့် ရွေးကောက်ပွဲ ပျက်ပြားစေရန် လုပ်ဆောင်ရာရောက်သဖြင့် ရွေးကောက်ပွဲဥပဒေနှင့် ငြိစွန်းကြောင်း နိုင်ငံရေးပါတီများကို အသိပေးချက်အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ရှိ မဲဆန္ဒရှင်များထံမှ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများသည် သတ်မှတ်ချက်များနှင့် ကြိုတင်ဆန္ဒမဲများ ကောက်ယူလျက်ရှိကြောင်း၊ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် တွေ့ကြုံလာရသော အခက်အခဲများ အဆင်မပြေမှုများကို သက်ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီများက အပြုသဘောဆောင်ပြီး မှန်ကန်စွာ ပူးပေါင်းညှိနှိုင်း ဖြေရှင်းပေးနေကြသည်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။

သို့ရာတွင် အချို့သော နိုင်ငံရေးပါတီများနှင့် အချို့သော နိုင်ငံရေးပါတီများမှ တာဝန်ရှိပုဂ္ဂိုလ်များသည် ထိုသို့ ကြိုတင်ဆန္ဒမဲများ ရယူခြင်းကိစ္စနှင့် စပ်လျဉ်း၍ တွေ့ကြုံနေရသည်ဟု ဆိုကာ သတင်းအချက်အလက်များကို ပြောကြားခြင်း၊ ရေသားထုတ်ဝေခြင်း၊ Online မှတစ်ဆင့် Facebook စာမျက်နှာပေါ်တွင် ပြောကြား၊ ထုတ်လွှင့်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ပြောဆို၊ ရေးသား၊ ထုတ်လွှင့်လျက်ရှိသော သတင်းအချက်အလက်များတွင် မှန်ကန်သော သတင်း အချက်အလက်များပါရှိသကဲ့သို့ မဟုတ်မမှန်သော သတင်းအချက်အလက်များ ချဲ့ကားထားသော သတင်းအချက်လက်များ၊ မှန်ကန်သော သတင်းအချက်အလက်များကို ဖုံးကွယ်၍ မဲဆန္ဒရှင်ပြည်သူများ ထင်ယောင်ထင်မှား ဖြစ်စေသည့် သတင်းအချက်အလက်များ၊ ကိုယ်တိုင် တိုက်ရိုက်သိရှိခြင်း မရှိဘဲ ထပ်ဆင့်ကြား သိရချက်အပေါ် အခြေပြုထားသော သတင်းအချက်အလက်များ ပါဝင်နေသည်ကို တွေ့ရှိနေရကြောင်း ၊ မမှန်ကန်သော သတင်းအချက်အလက်များ၊ အခြေအမြစ်မရှိသော သတင်းအချက်အလက်များကို ပြောဆို၊ ရေးသား၊ ဖြန့်ချိခြင်းများ ပြုလုပ်ခြင်းသည် ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန် ဖြစ်စေ၊ ရွေးကောက်ပွဲ ပျက်ပြားစေရန်ဖြစ်စေ လုပ်ဆောင်ရာ ရောက်သည့်အတွက် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈ (ဃ) တွင် ပြဌာန်းထားချက်နှင့် ငြိစွန်းကြောင်း ကော်မရှင်က ထုတ်ပြန်ချက်တွင် သတိပေး ဖော်ပြထားသည်။

ထို့ပြင် ကြိုတင်ဆန္ဒမဲ နှစ်ကြိမ်ပေးခဲ့သူနှင့် အမှန်ခြစ်တံဆိပ်တုံးအတု ယူဆောင်ပေးအပ်ခဲ့သူ နှစ်ဦးကို အမှုဖွင့်အရေးယူထားကြောင်းကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ စီးပွားချောင်းကျေးရွာအုပ်စု၊ ရှော်ချောင်းကျေးရွာနေ အလယ်တန်းပြဆရာမ ဒေါ်မိုးမြတ်သူဇာသည် အောက်တိုဘာ ၃၀ ရက်၌ စီးပွားချောင်းကျေးရွာအုပ်စုတွင် ကြိုတင်ဆန္ဒမဲ တစ်ကြိမ်ပေးခဲ့ပြီး အောက်တိုဘာ ၃၁ ရက်၌ မယ်တလိုင်းကျေးရွာအုပ်စုတွင် ကြိုတင်ဆန္ဒမဲ နောက်တစ်ကြိမ် ထပ်မံပေးခဲ့မှုကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက် မဲရုံအမှတ် (၂) တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်စိုး၏ မဲရုံကိုယ်စားလှယ် ဒေါ်အေးမာဝင်း (ခ) မပဲပြားမှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးထားခြင်း မဟုတ်သည့် အမှန်ခြစ် တံဆိပ်တုံးကို ပေးအပ်ခဲ့ပြီး ဒုတိယမဲရုံမှူး ဒေါ်တင်တင်ဝင်းမှ အဆိုပါ တံဆိပ်တုံးအား ယူဆောင်လျက် မဲဆန္ဒရှင် သုံးဦးတို့ကို ဆန္ဒပြုစေခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ဖော်ပြပါ ဖြစ်စဉ်များကို ကျူးလွန်ခဲ့သည့် ကြိုတင်ဆန္ဒမဲ နှစ်ကြိမ်ပေးခဲ့သူ ဒေါ်မိုးမြတ်သူဇာနှင့် အမှန်ခြစ်တံဆိပ်တုံးအတု ယူဆောင်ပေးအပ်ခဲ့သူ ဒေါ်အေးမာဝင်း(ခ)မပဲပြား တို့ကို သက်ဆိုင်ရာက လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent