မြန်မာတွင် COVID-19 ဖြင့် သေဆုံးနှုန်း ဘာကြောင့် မြင့်မားရသနည်း

မြန်မာတွင် COVID-19 ဖြင့် သေဆုံးနှုန်း ဘာကြောင့် မြင့်မားရသနည်း
မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ပျံ့နှံ့မှု မြင့်မားနေခြင်းကြောင့် ချစ်ကြည်ရေးတံတားနှင့် နယ်စပ်ဂိတ်များပိတ်ပေးရန် ထိုင်းနိုင်ငံသားများက ဒုတိယအကြိမ် တောင်းဆိုဆန္ဒပြနေစဉ်
မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ပျံ့နှံ့မှု မြင့်မားနေခြင်းကြောင့် ချစ်ကြည်ရေးတံတားနှင့် နယ်စပ်ဂိတ်များပိတ်ပေးရန် ထိုင်းနိုင်ငံသားများက ဒုတိယအကြိမ် တောင်းဆိုဆန္ဒပြနေစဉ်
Published 19 October 2020
အိသဥ္ဇာကျော်    

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို မထိန်းချုပ်နိုင်လျှင် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်း နှစ်ဆကျော် မြင့်တက်ပြီး လူနှစ်သန်းအထိ သေဆုံးနိုင်ခြေရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စက်တင်ဘာ ၂၅ ရက်က သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၁၀၄၁၈၅ ဦး မြင့်တက်ခဲ့ပြီး ကူးစက်သူဦးရေ ၃၉ သန်းကျော် ရှိနေပြီး ကူးစက်မှု အမြင့်ဆုံး အမေရိကန်တွင် ကူးစက်သူ ခုနစ်သန်းကျော်ရှိနေပြီဖြစ်သည်။

အောက်တိုဘာ ၁၅ ရက်အထိ အာဆီယံနိုင်ငံများတွင် ရောဂါဖြစ်ပွားမှုအရ အင်ဒိုနီးရှားနိုင်ငံတွင် ပိုးတွေ့လူနာ ၃၅၀၀၀၀ ကျော်ဖြင့် ပထမနေရာတွင်ရှိနေပြီး ယင်းနောက်တွင် ဖိလစ်ပိုင်နိုင်ငံက ပိုးတွေ့လူနာ ၃၅၀၀၀၀ ကျော်ဖြင့် ဒုတိယနေရာ၌ လည်းကောင်း၊ စင်ကာပူနိုင်ငံက ၅၇၀၀၀ ကျော်ဖြင့် တတိယနေရာ၌ လည်းကောင်း၊ မြန်မာနိုင်ငံက ၃၃၀၀၀ ကျော်ဖြင့် စတုတ္ထနေရာ၌လည်းကောင်း၊ မလေးရှားနိုင်ငံက ၁၈၀၀၀ ဖြင့် ပဥ္စမနေရာ၌ လည်းကောင်းရှိနေသည်။

သို့သော် အာဆီယံနိုင်ငံအလိုက် ပိုးတွေ့သေဆုံးလူနာစာရင်းအရ အင်ဒိုနီးရှားနိုင်ငံက သေဆုံးသူ ၁၂၃၄၇ ဦးဖြင့် ပထမနေရာ၊ ဖိလစ်ပိုင်နိုင်ငံက သေဆုံးသူ ၆၅၃၁ ဦးဖြင့် ဒုတိယနေရာ၌ ရှိနေပြီး မြန်မာနိုင်ငံက စင်ကာပူနိုင်ငံကို ကျော်လွန်ကာ သေဆုံးလူနာ ၇၉၉ ဦးဖြင့် တတိယနေရာ၌ ရှိနေသည်။ အာဆီယံနိုင်ငံအလိုက် သေဆုံးလူနာစာရင်းတွင် စင်ကာပူနိုင်ငံက သေဆုံးသူဦးရေ ၂၈ ဦးဖြင့် အဆင့်ခုနစ်နေရာတွင်သာ ရှိနေသည်။ ထိုစာရင်းအရ စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံထက် ပိုးတွေ့လူနာဦးရေ ပိုမိုများပြားသော်လည်း သေဆုံးသူဦးရေ ကိန်းဂဏန်းမှာမူ များစွာကွာဟချက်ရှိနေသည်။

စင်ကာပူနိုင်ငံ၏ COVID-19 ရောဂါ ထိန်းချုပ်ရေးဗျူဟာ

စင်ကာပူနိုင်ငံက COVID-19 လူနာများနှင့်ပတ်သက်ပြီး လုပ်ဆောင်နေသည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအပေါ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နည်းပညာကူညီပံ့ပိုး အားဖြည့်ပေးရေး အဖွဲ့ဝင်၊ ဆေးပညာဌာန (ငြိမ်း) မှ ဂုဏ်ထူးဆောင် ပါမောက္ခ၊ ပါမောက္ခ ဒေါက်တာညွန့်သိန်းက “စင်ကာပူနိုင်ငံက အာရှမှာဆိုရင် တော်တော်လေးကို အဖွံ့ဖြိုးဆုံး အချမ်းသာဆုံးနိုင်ငံပါ။ GDP အနေနဲ့တွက်မယ်ဆိုလည်း တစ်ကမ္ဘာလုံးမှာ အဆင့်ခုနစ်လောက်ရှိတဲ့နိုင်ငံ။ ဆိုလိုတာက သူတို့က ဘဏ္ဍာရေး အရမ်းတောင့်တင်းတယ်။ နောက် လူဦးရေ။ လူဦးရေက ၅ ဒသမ ၇ သန်းပဲ ရှိတယ်။ ဒါကြောင့် ဘဏ္ဍာရေးနဲ့ လူဦးရေအားသာချက်က စင်ကာပူနိုင်ငံရဲ့ အားသာချက် ဖြစ်သွားပါတယ်။ နိုင်ငံတော် တော်များများမှာ နောက် စင်ကာပူမှာ သေဆုံးမှုတော်တော်နည်းတယ်။ ဒါကို အားလုံးက အားကျကြတယ်။ ဒါကိုလေ့လာတဲ့အခါမှာ တွေ့ထားတဲ့အချက်လေးတွေရှိပါတယ်။ နံပါတ် (၁) ကတော့ စင်ကာပူနိုင်ငံမှာရှိတဲ့ လူဦးရေထဲမှာမှ တချို့က ရာခိုင်နှုန်း ၉၀ ပြောတယ်။ တချို့က ၉၅ ရာခိုင်နှုန်းပြောတယ်။ ဒါတွေက လူငယ်လူရွယ်တွေနဲ့ ကျန်းမာသန်စွမ်းတဲ့သူတွေဖြစ်နေတယ်။ ဒါကြောင့် သူတို့က ရောဂါဝင်သည့်တိုင်အောင် အသည်းအသန်မဖြစ်ဘူး။ သေလောက်တဲ့အထိမဖြစ်ဘူး။ ဒါကနံပါတ် (၁) ပေါ့။ နောက် ဘဏ္ဍာရေးနဲ့လူဦးရေရဲ့ အားသာချက်ကြောင့်မို့ စဖြစ်ခါစမှာ စောစောစစ်၊ စောစောသိ၊ စောစောတွေ့၊ စောစောကု ဆိုတာမျိုးကို လုပ်နိုင်သွားတဲ့အတွက်ကြောင့်မို့ လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းမကကို သူတို့စစ်လိုက်နိုင်တဲ့အတွက်ကြောင့်မို့လည်း အားသာချက်တွေရှိတယ်။ နောက်တစ်ခုကလည်း အခုပြောနေတဲ့ အားသာချက်ပဲ။ ဘဏ္ဍာရေးနဲ့လူဦးရေကြောင့်မို့ သူတို့နိုင်ငံမှာရှိတဲ့ ဆေးရုံတွေ အစိုးရဆေးရုံရော ပုဂ္ဂလိကဆေးရုံရော ပြီးတော့ ပစ္စည်းကိရိယာတွေနောက် ကျွမ်းကျင်လုပ်သားတွေ ဒါတွေအားလုံးက လုံလုံလောက်လောက်ရှိခဲ့တယ်။ တခြားနိုင်ငံတွေနဲ့တွက်ရင်ပေါ့” ဟု ပြောကြားသည်။

အောက်တိုဘာ ၁၅ ရက်အထိ စင်ကာပူနိုင်ငံတွင် COVID-19 ပိုးတွေ့လူနာ ၅၇၉၀၁ ဦးရှိပြီး ရောဂါပိုးကင်းစင်သွားသူ ၅၇၇၆၄ ဦးရှိသည့်အတွက် လတ်တလော ဆေးကုသမှုခံယူနေသူ လူနာ ၁၃၀ ကျော်သာ ကျန်ရှိသည်။

“ ၂၀၀၃၊ ၂၀၀၄ ခုနှစ် ဆားစ်ရောဂါ ဖြစ်တုန်းက စင်ကာပူက လူ ၂၃၈ ယောက် ရောဂါပိုးတွေ့ပြီး လူ ၃၃ ယောက်ဆုံးသွားတယ်။ အဲဒီတုန်းက အာရှမှာ စံချိန်တင်ဖြစ်သွားခဲ့တယ်။ အဲဒီပြီးတဲ့အချိန်မှာ သူတို့က အရမ်းကို ပြင်ဆင်ထားတယ်။ ဆေးရုံကို ပြင်ဆင်တယ်။ ICU တွေကို ပြင်ဆင်ထားတယ်။ လူတွေကို Train လုပ်ထားတယ်။ ဒါတွေကြောင့်မို့ ဒီတစ်ခါဖြစ်တဲ့အခါမှာ ကောင်းကောင်းကြီး ကြိုတင်ပြင်ဆင်သလိုဖြစ်ထားတဲ့အတွက် ဒါကလည်း တစ်ချက်ပေါ့။ နောက်နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ နှာခေါင်းစည်းတပ်ကြပါလို့ ပြောတယ်။ စင်ကာပူမှာလည်းပြောတယ်။ မြန်မာပြည်မှာလည်းပြောတယ်။ ပြောပေမဲ့ စင်ကာပူမှာ ဘာပါလာသလဲဆိုတော့ ဒါနဲ့ပတ်သက်လို့ ဥပဒေ ထုတ်တယ်။ မတပ်ရင် ဘာလုပ်မယ်ဆိုတဲ့ ဥပဒေသတ်မှတ်ချက်ရှိတယ်။ အရေးယူတာမှာ တင်းတင်းကျပ်ကျပ် အရေးယူတယ်။ ဒဏ်ငွေကို အကြီးအကျယ် ဆောင်ခိုင်းတယ်။ ထောင်တောင်ချတယ်။ ဒါကလည်း ခုနက ကူးစက်တာကိုရော သေဆုံးတာကိုရော ကျစေတဲ့အချက်ပေါ့။ နောက်ဆုံးကတော့ စင်ကာပူမှာ COVID ကြောင့် သေတယ်ဆိုတဲ့ သေနှုန်းကို တွက်တဲ့အခါမှာ သူတို့က COVID သန့်သန့်ကိုပဲတွက်တယ်။ ဆိုကြပါစို့။ နှလုံးရောဂါ သမားတစ်ယောက်က Heart Attack နဲ့ ဆေးရုံရောက်ပြီးတော့ COVID လည်းရှိတယ်။ Heart Attack နဲ့လည်း ဆုံးတယ်ဆိုရင် ဒါကို COVID ထဲမှာ ထည့်မတွက်ဘူး။ ထိုနည်းတူစွာပဲ ကျောက်ကပ်ရောဂါ ထည့်မတွက်ဘူး။ သွေးရောဂါ ထည့်မတွက်ဘူး။ ဒါကြောင့်မို့ COVID နဲ့ သေနှုန်းက အရင်လောက်မများဘဲ ၂၈ ယောက်ပဲ အခုချိန်အထိ ရှိနေတာပါ။ အဲဒီတော့ စင်ကာပူလိုပုံစံကို ကျွန်တော်တို့ နိုင်ငံလည်းလုပ်နေပါတယ်။ ဒါပေမဲ့ ဘဏ္ဍာရေးနဲ့ လူဦးရေ အခြေအနေကတော့ စင်ကာပူကို မီဖို့ကတော့ ဆက်လက်ကြိုးစားနေတုန်းပါပဲ” ဟု ပါမောက္ခဒေါက်တာညွန့်သိန်းက ဆိုသည်။

ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံ ၈၂ နိုင်ငံစာရင်းတွင် စင်ကာပူနိုင်ငံသည် အဆင့် ၆၁ နေရာတွင်ရှိနေပြီး မြန်မာနိုင်ငံမှာမူ အဆင့် ၇၈ နေရာတွင် ရှိနေသည်။

နေ့အလိုက် တိုးလာဆဲ COVID-19 သေဆုံးလူနာများနှင့် လက်ရှိအနေအထား

မြန်မာနိုင်ငံတွင် COVID-19 စတင်ဖြစ်ပွားစဉ်မှ သြဂုတ်လအထိ ပထမလှိုင်းကာလတွင် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို နိုင်နိုင်နင်းနင်းဆောင်ရွက်နိုင်ခဲ့သော်လည်း သြဂုတ် ၁၆ ရက်မှစ၍ လက်ရှိကာလ ဒုတိယလှိုင်းတွင်မူ ရောဂါဖြစ်ပွားသူဦးရေ သိသိသာသာများပြားနေပြီး သေဆုံးလူနာများလည်း တစ်ရှိန်ထိုး မြင့်တက်နေဆဲဖြစ်ကာ ရောဂါထိန်းချုပ်နိုင်ရေးအတွက် ကြိုးစားရုန်းကန်နေရဆဲ ဖြစ်သည်။

မြန်မာနိုင်ငံ၏ COVID-19 ဖြစ်ပွားမှုကို ပညာရှင်များက ဧပြီ၊ မေ၊ ဇွန်နှင့် ဇူလိုင်လများကို COVID-19 ပထမလှိုင်းအဖြစ် သတ်မှတ်ခဲ့ပြီး ဒုတိယလှိုင်းအား သြဂုတ်လလယ်ပိုင်းမှ စတင်သတ်မှတ်ခဲ့သည်။

သြဂုတ် ၁၆ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့မှ အမျိုးသမီးတစ်ဦးထံတွင် COVID-19 ရောဂါပိုး စတင်တွေ့ရှိခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးကို သြဂုတ်လတစ်လအတွင်းမှာပင် လျင်မြန်စွာပျံ့နှံ့ခဲ့သည်။

ဒုတိယလှိုင်းတွင် ရောဂါပိုး အများဆုံးကူးစက်ခံနေရသည့် တိုင်းဒေသကြီးမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး နေ့စဉ်ရောဂါပိုးတွေ့ရှိသူ၏ ရာခိုင်နှုန်း ၇၀ နှင့် ၈၀ ခန့်မှာ ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်နေသည်ကို တွေ့ရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါပိုးတွေ့ရှိသူဦးရေမှာ အောက်တိုဘာ ၁၅ ရက်အထိ နှစ်သောင်းခွဲကျော် ရှိနေသည်ကို တွေ့ရပြီး ဒုတိယအများဆုံးဒေသကြီးမှာ ရခိုင်ပြည်နယ်ဖြစ်ပြီး ရောဂါပိုးတွေ့ရှိသူ ၂၅၀၀ နီးပါးရှိသည်။ တတိယအများဆုံးဒေသမှာ ပဲခူးတိုင်းဒေသကြီးဖြစ်ပြီး ယင်းဒေသတွင် ရောဂါပိုးတွေ့ရှိဦးရေ တစ်ထောင်နီးပါးခန့်ရှိကာ စတုတ္ထအများဆုံးဒေသမှာ မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး ရောဂါပိုးတွေ့ရှိသူ ၈၅၀ ကျော်ရှိနေသည်ကို တွေ့ရသည်။

COVID-19 ကြောင့် သေဆုံးသူဦးရေမှာလည်း နေ့အလိုက် ဆက်တိုက်တိုးလာခဲ့ပြီး စက်တင်ဘာ ၃ ရက်မှ အောက်တိုဘာ ၁၆ ရက်အတွင်း သေဆုံးသူ ၇၉၃ ဦးအထိ တစ်ရှိန်ထိုး မြင့်တက်ခဲ့သည်။

သေဆုံးလူနာများနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက “ အများဆုံးသေဆုံးတဲ့အုပ်စုက အသက် ၆၁ နှစ်ကနေ ၇၅ နှစ်ကြားက ၄၃ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်နေပါတယ်။ ဒုတိယအများဆုံးက နှစ်ခုပြိုင်နေတယ်။ အသက် ၇၅ နှစ်နဲ့ အထက်ကလည်း ၂၅ ရာခိုင်နှုန်းရှိတယ်။ နောက်အသက် ၄၅ နှစ်ကနေ ၆၀ ကလည်း ၂၅ ရာခိုင်နှုန်းရှိတယ်။ အသက် ၃၀ ကနေ ၄၄ နှစ်က ငါးရာခိုင်နှုန်း၊ အသက် ၁၅ ကနေ ၂၉ နှစ်က အဲဒါက တစ်ရာခိုင်နှုန်း ကျော်ကျော်လောက်ရှိတယ်။ နောက် အသက် ၁၅ နှစ်အောက်ကတော့ တစ်ရာခိုင်နှုန်းရှိပါတယ်” ဟု ဆိုသည်။ 

COVID ဒုတိယလှိုင်းတွင် ရုန်းကန်နေရဆဲ မြန်မာနိုင်ငံ

အောက်တိုဘာ ၁၆ ရက် ညပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့လူနာ ၃၃၄၈၈ ဦးရှိပြီး သေဆုံးသူ ၇၉၉ ဦးအထိရှိသည်။ ထိုအချိန်အထိ ဓာတ်ခွဲစစ်ဆေးပြီးသူ ၄၇၈၀၀၀ ကျော်ရှိပြီး ပိုးတွေ့ ပြန်လည်သက်သာကောင်းမွန်သူ ၁၅၄၇၇ ဦးရှိပြီဖြစ်သည်။

ကျွန်တော်တို့အနေနဲ့ အခုချိန်မှာ Control ထိန်းသိမ်းနိုင်မှု မရရှိသေးပါဘူး။ စစ်တဲ့အားကလည်း တက်လာပါတယ်။ စစ်ဆေးမှုများလာတဲ့အတွက် ပိုးတွေ့ရှိမှုကလည်း များပြားလာပါတယ်။ ပိုးတွေ့လူနာ များပြားလာတာက ဆက်ပြီးတော့ တက်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒါကို လောလောဆယ် ထိန်းသိမ်းနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ သိပ်ပြီးဆိုးရွားနေသလားဆိုပြီး ကျွန်တော်တို့ကို မေးရင် နှိုင်းယှဉ်ပြီး ဖြေရမှာ ဖြစ်ပါတယ်။ တခြားတိုင်းပြည်တွေရဲ့ အနေအထားနဲ့ နှိုင်းယှဉ်ပြီး ဖြေရမှာ ဖြစ်ပါတယ်။ ရန်ကုန်မှာ ဖြစ်နေတာ ခြောက်ပတ်လောက်ဖြစ်နေပါပြီ။ ဒီခြောက်ပတ်ကို ကြည့်မယ်ဆိုရင် ဥပမာ ဝူဟန်မှာ စဖြစ်တာကနေ ခြောက်ပတ်၊ ပဲရစ်မြို့မှာ စဖြစ်တာကနေ ခြောက်ပတ်၊ ကျွန်တော်တို့ လူဦးရေ ခုနစ်သန်း ရှစ်သန်းနဲ့ နှိုင်းယှဉ်နိုင်တဲ့ ဥပမာ လန်ဒန်တို့၊ ပဲရစ်တို့မှာ သူတို့ဆီမှာ လူဦးရေ ရှစ်သန်း၊ ကိုးသန်းလောက်ရှိပါတယ်။ လန်ဒန်မှာ စဖြစ်တာကနေ ခြောက်ပတ်ကို အင်တာနက်တွေထဲမှာ ကြည့်လို့ရပါတယ်။ သူတို့မြို့တွေ သူတို့နိုင်ငံတွေရဲ့ ဖြစ်ပွားနှုန်းနဲ့ သေဆုံးနှုန်း၊ သူတို့ရဲ့ ဂရပ်တွေကို ယှဉ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ရန်ကုန်က အဲဒီတိုင်းပြည် အဲဒီနိုင်ငံတွေထက်စာရင် ကျွန်တော်တို့က အများကြီး အခြေအနေကောင်းနေပါသေးတယ်။ ဒါကို ကျွန်တော် နှိုင်းယှဉ်ပြီး ပြောတာ ဖြစ်ပါတယ်။ ဒါကို ကျေနပ်တာတော့ မဟုတ်ပါဘူး။ လူတစ်ဦး တစ်ယောက်ရဲ့ အသက်ကိုမှ မဆုံးရှုံးစေချင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ကြိုးစားနေတာဖြစ်ပါတယ်။ တခြားတိုင်းပြည်တွေနဲ့ယှဉ်ရင် သူတို့ထက် အဆပေါင်းများစွာ ကျွန်တော်တို့ အခြေအနေကောင်းပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ် ထိန်းချုပ်ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောကြားထားသည်။

လက်ရှိကာလတွင် COVID-19 ကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာမပြသူ လူနာအရေအတွက် ယခင်ထက် ပိုမိုများပြားနေပြီး ထိုအခြေအနေသည် ပြည်သူ့ကျန်းမာရေးရှုထောင့်အရ ကြည့်ပါက အလွန်စိုးရိမ်စရာဖြစ်နေသည်ဟု ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက ဆိုသည်။

“ ရောဂါလက္ခဏာမပြဘဲနဲ့ COVID-19 ဖြစ်နေသောသူများသည် ၁၀ ယောက်မှာ ခုနစ်ယောက်ကနေ ရှစ်ယောက်အထိကို ဖြစ်တဲ့အထိ တွေ့နေရပါတယ်။ COVID-19 ရောဂါအစပိုင်း ဒီဇင်ဘာ ဇန်နဝါရီလ လောက်တုန်းကဆိုရင်တော့ ရာခိုင်နှုန်း ၆၀ လောက်ပဲရှိတယ်။ ၁၀ ယောက်မှာ ခြောက်ယောက်ပဲလို့ ပြောခဲ့ပေမဲ့ အခုချိန်မှာဆိုရင်တော့ ခုနစ်ယောက်၊ ရှစ်ယောက်လောက်အထိကို လက္ခဏာမပြဘူးလို့လည်း ပြောနေကြပါတယ်။ ဒါသည် ပြည်သူ့ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် အလွန်ပဲ စိုးရိမ်ဖို့ ကောင်းပါတယ်။ လူနာကိုယ်တိုင်ကိုက မိမိမှာ ရောဂါပိုးသယ်ဆောင်နေတယ်။ ရောဂါ ဖြစ်နေတယ်ဆိုတာကို မသိဘဲနဲ့ ပတ်ဝန်းကျင်ထဲ သွားနေမိတတ်ပါတယ်။ စျေးထဲသွားမယ်၊ ရပ်ကွက်ထဲသွားမယ်။ ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ထင်မယ်။ အဲဒီလို ရောဂါလက္ခဏာမပြတဲ့သူများသည် ရောဂါလက္ခဏာလုံးဝ မပြဘဲနဲ့လည်း သူသည် နောက်ဆုံး ရောဂါမဖြစ်တဲ့ သူတစ်ယောက်အနေနဲ့ သူ့ကိုယ်သူ ထင်နေခဲ့မယ်။ ဒါမျိုးအထိလည်း ဖြစ်သွားနိုင်သလို ရောဂါမပြတဲ့နေရာကနေ ရောဂါလက္ခဏာပြသောသူအဖြစ်ကိုလည်း ပြောင်းရွှေ့ပြီး ဖြစ်လာနိုင်ပါတယ်။ အဲဒီအချက်ကလည်း အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါလက္ခဏာ စမပြခင် နှစ်ရက်ကနေပြီးတော့ ရောဂါလက္ခဏာပြတဲ့အချိန် ပြပြီးခါစမှာ သူသည် တစ်ပါးသူကို ကူးစက်နှုန်း အလွန်မြန်ပါတယ်” ဟု ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ပြောကြားသည်။

လက်ရှိ COVID-19 လူနာများ၏ ၇၈ ရာခိုင်နှုန်းနှင့် သေဆုံးလူနာများ၏ ၉၃ ရာခိုင်နှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး အင်းစိန်၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ လှိုင်သာယာ၊ မင်္ဂလာဒုံမြို့နယ်များတွင် ပိုးတွေ့လူနာအများဆုံးဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရရှိသည့်အချက်အလက်အရ သိရသည်။

လက်ရှိ COVID-19 ကြောင့် သေဆုံးသူဦးရေ မြင့်တက်နေမှုအပေါ် ကူးစက်ရောဂါဗေဒအကြံပေး ပညာရှင်၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းက “COVID-19 ရိုးရိုးဆိုရင်တော့ ၁၀၀ မှာ တစ်ယောက်လောက်ပဲသေပေမဲ့ ဆီးချိုတို့၊ နှလုံးရောဂါတို့ရှိရင်တော့ ဒီလူတွေ COVID-19 ကူးစက်ခံရပြီဆိုရင် ခုနစ်ယောက်ကနေ ၁၀ ယောက်လောက်အထိ သေဆုံးနိုင်တဲ့အခြေအနေရှိတဲ့အတွက်ကြောင့် COVID ကာလမှာ ကျွန်တော်တို့က နာတာရှည်ရောဂါတွေက ပုံမှန်ဆရာဝန်တွေချိန်းတဲ့အတိုင်း ပြန်မပြရတဲ့ အခြေအနေမျိုးတွေ၊ အခက်အခဲတွေရှိတဲ့အတွက်ကြောင့် သူတို့အိမ်မှာကို ရောဂါအခြေအနေတွေက တချို့တွေဆိုရင် ဆိုးပြီးတော့မှ COVID ရောဂါကူးစက်ခံရတဲ့အခါမှာ သေဆုံးတာတွေရှိတဲ့ အတွက်ကြောင့် ကျေးရွာအဆင့် မြို့နယ်အဆင့်တွေမှာလည်းပဲ ကျန်းမာရေးစောင့်ရှောက်မှုရရှိအောင် ကျွန်တော်တို့ တစ်နည်းတစ်ဖုံနဲ့ လူထုအား အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ အင်အားနဲ့ ကျွန်တော်တို့ ဆောင်ရွက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်” ဟု အကြံပြုပြောကြားသည်။

COVID-19 သေဆုံးလူနာများ၏ ၉၅ ရာခိုင်နှုန်းသည် နာတာရှည်ရောဂါရှိသူများ ဖြစ်နေ၍ ထိုသူများအနေဖြင့် တစ်အိမ်တည်း နေထိုင်သူများနှင့် ခပ်ခွာခွာနေထိုင်ခြင်း၊ သီးခြားစားသောက်ခြင်း၊ အိပ်စက်ခြင်းတို့ကို လိုက်နာဆောင်ရွက်ရန် အောက်တိုဘာ ၁၄ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားထားသည်။

ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ပြောင်းလလျက်ရှိသော ရောဂါပိုး၏သဘောသဘာဝ၊ ရောဂါကူးစက်ပျံ့နှံ့မှု ပုံသဏ္ဌာန်၊ မိမိတွင်ရှိသော အရင်းအမြစ်အခြေအနေစသည့် အခြေအနေအရပ်ရပ်တို့ကို အမြဲဆန်းစစ်သုံးသပ်၍ လုပ်ငန်းနည်းဗျူဟာများကို မွမ်းမံပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့နိုင်ငံ၌ COVID-19 ကူးစက်မှု ဒုတိယလှိုင်းနောက်တွင်လည်း ထိရောက်သော ကာကွယ်ဆေး ထွက်ပေါ်လာသည့် အချိန်မတိုင်မီကာလအထိ ကူးစက်မှုလှိုင်းငယ်များရှိနိုင်သဖြင့် ရောဂါကာကွယ်ရေးစည်းကမ်းများကို အထူးအလေးထားလိုက်နာကြရန် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံတွင် COVID-19 သေဆုံးလူနာများ၏ ၉၅ ရာခိုင်နှုန်းသည် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးနှင့် သွေးကြောရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါ စသည့် နာတာရှည်ရောဂါရှိသူများ ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ချိန်တွင်လည်း အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်ရသည့် တစ်အိမ်တည်းနေသူများထံမှ ရောဂါကူးစက်နိုင်ကြောင်းနှင့် သို့ဖြစ်၍ နာတာရှည်ရောဂါရှိသူများနှင့် သက်ကြီးရွယ်အိုများအနေဖြင့် တစ်အိမ်တည်းနေထိုင်သူများနှင့် ခပ်ခွာခွာနေထိုင်ခြင်း၊ သီးခြားစားသောက်ခြင်းနှင့် အိပ်စက်ခြင်းတို့ကို လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားထားသည်။

Most Read

Most Recent