၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ခန့်မှန်းထားသည့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၇၁ ရာခိုင်နှုန်းထက် အောက်တိုဘာမှ ဇူလိုင်အထိ လစဉ်မြင့်တက်ခဲ့ပြီး သြဂုတ်တွင် ခန့်မှန်းနှုန်းအောက် ပြန်လည်ကျဆင်းလာ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ခန့်မှန်းထားသည့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၇၁ ရာခိုင်နှုန်းထက် အောက်တိုဘာမှ ဇူလိုင်အထိ လစဉ်မြင့်တက်ခဲ့ပြီး သြဂုတ်တွင် ခန့်မှန်းနှုန်းအောက် ပြန်လည်ကျဆင်းလာ
ရန်ကုန်မြို့ရှိ အသားနှင့် ငါးများရောင်းနေသည့် စျေးတန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
ရန်ကုန်မြို့ရှိ အသားနှင့် ငါးများရောင်းနေသည့် စျေးတန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 13 October 2020
စည်သူအောင်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ခန့်မှန်းထားသည့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၇၁ ရာခိုင်နှုန်းထက် အောက်တိုဘာမှ ဇူလိုင်အထိ လစဉ်မြင့်တက်ခဲ့သော်လည်း သြဂုတ်တွင် ခန့်မှန်းနှုန်းအောက် ပြန်လည်ကျဆင်းခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သောစာရင်းများအရ သိရသည်။

၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်တွင် နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၆၅ ရာခိုင်နှုန်းနှင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၇၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ၈ ဒသမ ၆၀ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၈ ဒသမ ၅၉ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၈ ဒသမ ၈၁ ရာခိုင်နှုန်း၊ ဇန်နဝါရီတွင် ၉ ဒသမ ၀၆ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၉ ဒသမ ၂၀ ရာခိုင်နှုန်း၊ မတ်တွင် ၉ ဒသမ ၁၀ ရာခိုင်နှုန်း၊ ဧပြီတွင် ၈ ဒသမ ၈၀ ရာခိုင်နှုန်း၊ မေတွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်း၊ ဇွန်တွင် ၇ ဒသမ ၉၁ ရာခိုင်နှုန်း၊ ဇူလိုင်တွင် ၇ ဒသမ ၁၄ ရာခိုင်နှုန်း၊ သြဂုတ်တွင် ၆ ဒသမ ၄၃ ရာခိုင်နှုန်းဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ၁၈ လ ဆက်တိုက် မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည်မြင့်တက်ခဲ့ကာ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်နှင့် သြဂုတ် (ခြောက်လဆက်တိုက်) တွင် ပြန်ကျခဲ့သည်။

၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation) မှာ ၆ ဒသမ ၄၃ ရာခိုင်နှုန်းဖြစ်ပြီး အစားအစာအုပ်စုနှင့် လောင်စာဆီစျေးနှုန်းများမပါဝင်ဘဲ တွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation-Core Inflation) မှာ ၁၁ ဒသမ ၉၆ ရာခိုင်နှုန်းရှိသည်။ နှစ်အလိုက်ငွေကြးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၁ ဒသမ ၈၄ ရာခိုင်နှုန်းဖြစ်ပြီး အစားအစာအုပ်စုနှင့် လောင်စာဆီစျေးနှုန်းများမပါဝင်ဘဲ တွက်ချက်ထားသော နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation-Core Inflation) မှာ ၅ ဒသမ ၂၃ ရာခိုင်နှုန်းရှိသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် (၂၀၁၉ ခုနှစ် စက်တင်ဘာမှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ) တစ်နှစ်တာကာလအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၁၉ ခုနှစ် ဇွန်လတွင် ၉ ဒသမ ၅၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ဇူလိုင်တွင် လျှပ်စစ်ဓာတ်အားခနှုန်းထားများ မြင့်တက်လာခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၀ ဒသမ ၈၇ ရာခိုင်နှုန်းသို့ ဆက်လက်မြင့်တက်လာခဲ့သည်။ သို့ရာတွင် ၂၀၂၀ ပြည့်နှစ် မတ်လတွင် မြန်မာနိုင်ငံ၌ COVID-19 ဖြစ်ပွားလာမှုအစပြု၍ အိမ်ထောင်စုများ၏ သုံးစွဲမှုလျော့နည်းလာခြင်းနှင့် လောင်စာဆီစျေးနှုန်းများ ကျဆင်းလာခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းများ ကျဆင်းလာခဲ့ရာ သြဂုတ်လတွင် ၁ ဒသမ ၈၄ ရာခိုင်နှုန်းဖြစ်ပေါ်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ တစ်နှစ်ပျမ်းမျှ ၆ ဒသမ ၄၃ ရာခိုင်နှုန်းရှိ၍ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအထိ တစ်နှစ်ပျမ်းမျှ ၇ ဒသမ ၁၄ ရာခိုင်နှုန်းဖြင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၇၁ လျော့နည်းလာခဲ့သည်။ ၂၀၁၉ ခုနှစ် သြဂုတ်လမှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းများကို လေ့လာပါက ၂၀၁၉ ခုနှစ် သြဂုတ်လတွင် ၈ ဒသမ ၅၃ ရာခိုင်နှုန်းရှိခဲ့ရာမှ တဖြည်းဖြည်းမြင့်တက်လာပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည်။ သို့သော် ၂၀၂၀ ပြည့်နှစ် မတ်လတွင် မြန်မာနိုင်ငံ၌ COVID-19 ကူးစက်ရောဂါသက်ရောက်မှုကြောင့် ဝယ်လိုအားလျော့ကျလာပြီး ၂၀၂၀ ပြည့်နှစ် သြဂုတ်လတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၄၃ ရာခိုင်နှုန်းဖြစ်ပေါ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် သြဂုတ်လအတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၁ ဒသမ ၆၀ ရာခိုင်နှုန်းဖြင့် ပထမအမြင့်ဆုံး၊ မန္တလေးမြို့တွင် ၁၀ ဒသမ ၄၄ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံး၊ ပြည်ထောင်စုနည်မြေတွင် ၇ ဒသမ ၇၃ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံး အသီသီးဖြစ်ပေါ်ခဲ့သည်။ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၅ ဒသမ ၈၅ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အများဆုံးဖြစ်ပေါ်ခဲ့ပြီး မွန်ပြည်နယ်တွင် ၄ ဒသမ ၁၅ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့သည်။

Most Read

Most Recent