COVID-19 ဒုတိယလှိုင်းရိုက်ခတ်မှုဖြစ်သော Lockdown ချမှတ်မှု အစီအစဉ်သစ်ကြောင့် ပြင်းထန်စွာ ထိုးနှက်ခံခဲ့ရသည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍ

COVID-19 ဒုတိယလှိုင်းရိုက်ခတ်မှုဖြစ်သော Lockdown ချမှတ်မှု အစီအစဉ်သစ်ကြောင့် ပြင်းထန်စွာ ထိုးနှက်ခံခဲ့ရသည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍ
ကုန်ထုတ်စက်ရုံများ လည်ပတ်လျက်ရှိသော ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဥ ်(ဓာတ်ပုံ-စည်သူအောင်)
ကုန်ထုတ်စက်ရုံများ လည်ပတ်လျက်ရှိသော ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဥ ်(ဓာတ်ပုံ-စည်သူအောင်)
Published 5 October 2020
စည်သူအောင်

မြန်မာနိုင်ငံတွင် မတ်လမှစတင်ဖြစ်ပွားခဲ့သော COVID-19 ကပ်ရောဂါကြောင့် ပြည်တွင်းရှိ ကုန်ထုတ်လုပ်ငန်းများ ဧပြီလမှစတင်ကာ အထိနာခဲ့ပြီး ဇူလိုင်နှင့် သြဂုတ်လဆန်းတွင် ပြန်လည်နာလန်ထူလာသော်လည်း ပျံ့နှံ့မှုပြင်းထန်လာသည့် ဗိုင်းရပ်စ်ပိုး၏ ဒုတိယလှိုင်းရိုက်ခတ်မှုဒဏ်ကို စက်တင်ဘာလကုန်ပိုင်းတွင် ထပ်မံရင်ဆိုင်လာရသည်။ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် မြန်မာနိုင်ငံရှိ သန်းပေါင်းများစွာသော ပြည်သူလူထု၏ အခြေခံစားဝတ်နေရေး၊ အလုပ်အကိုင်၊ ဝင်ငွေနှင့် တစ်နိုင်ငံလုံး၏ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှု ကြီးမားစွာဖြစ်ပေါ်နေပြီး စီးပွားရေးအရ ထိခိုက်နိုင်ခြေအဆင့်သည်  ကုစားရေးအစီအစဉ်များ ပြုလုပ်နေဆဲမှာပင် မြင့်မားစွာရှိနေသည်။

ဗိုင်းရပ်စ်ပိုး စတင်ပျံ့နှံ့ခဲ့သည့် မတ်လကုန် ဧပြီလမှစတင်ကာ မြန်မာနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းကဏ္ဍ ပြင်းထန်စွာဆုတ်ယုတ်ခဲ့ပြီး ဇွန်လမှစ၍ အခြေအနေ တဖြည်းဖြည်း တိုးတက်ခဲ့ကာ သြဂုတ်တွင် လုပ်ငန်းများ အပြည့်အဝ ပြန်လည်လုပ်ကိုင်လည်ပတ်နိုင်ခဲ့သော်လည်း သြဂုတ် တတိယပတ်မှစ၍ လူများစွာပျံ့နှံ့ကူးစက်လာသည့်  ဗိုင်းရပ်စ်ပိုး ဒုတိယလှိုင်းကြောင့် ကုန်ထုတ်လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ ထပ်မံအထိနာ၊ လဲပြိုဦးမည့် အခြေအနေဖြစ်ပေါ်နေခြင်းဖြစ်သည်။

Lockdown ချမှတ်မှု အစီအစဉ်သစ်ကြောင့် ပြင်းထန်စွာထိုးနှက်ခံခဲ့ရသည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍ

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍ Lockdown ချမှတ်မှု အစီအစဉ်သစ်ကြောင့် ပြင်းထန်စွာထိုးနှက်ခံခဲ့ရပြီး ကုန်ထုတ်လုပ်မှု ထိုးဆင်းခဲ့ကာ စက်ရုံများစွာပိတ်ခဲ့ရ၍ အလုပ်နေရာများစွာ လျှော့ချခံရကြောင်း ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchashin Manager’s Index- ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း) တွင် ဖော်ပြထားသည်။

စက်တင်ဘာ စစ်တမ်းဒေတာအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရှိန်မြင့်လာမှုကို တိုက်ပွဲဝင်ရန် Lockdown အစီအစဉ်သစ်များစွာ ချမှတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍမှာ ပြင်းထန်စွာထိုးနှက်ခံခဲ့ရသည်။ ရန်ကုန်တိုင်းအတွင်းရှိ အဓိကစက်မှုဇုန်များအပါအဝင် စက်ရုံများ ယာယီပိတ်ခဲ့ရမှုကြောင့် ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ နှစ်ရပ်စလုံး အရှိန်ဖြင့်ကျဆင်းခဲ့ပြီး အလုပ်နေရာများ လျှော့ချခံခဲ့ရပြန်သည်။ စက်တင်ဘာတွင် လုပ်ငန်းအခြေအနေများ ဆိုးရွားလာမှုက ဇူလိုင်နှင့် သြဂုတ်လကြား နာလန်ပြန်ထူမှု ကာလတိုကို ရုတ်တရက်အဆုံးသတ်ပစ်လိုက်သည်။

စက်တင်ဘာအတွင် မြန်မာ့ထုတ်လုပ်မှု PMI အညွှန်းမှာ ၃၅ ဒသမ ၉ သာရှိခဲ့ပြီး ယခင်လ ၅၃ ဒသမ ၂ မှ ထိုးဆင်းခဲ့ခြင်းဖြင့် ခြုံပြောရလျှင် ထုတ်လုပ်မှုအခြေအနေ ဆိုးရွားစွာကျဆင်းမှုကို အချက်ပြနေသည်။ ၃၅ ဒသမ ၉ နှုန်းမှာ ၂၀၁၅ ဒီဇင်ဘာတွင် စတင်ခဲ့သည့် စစ်တမ်းတွင် ဒုတိယအနိမ့်ဆုံးဖြစ်ပြီး ဧပြီလ ၂၉ ထက်သာ မြင့်သော်လည်း တစ်လအတွင်း PMI ကျဆင်းမှု ၁၇ ဒသမ ၃ နှုန်းမှာ မှတ်တမ်းသမိုင်းတွင် အများဆုံးဖြစ်ပြီး ဧပြီလကျဆင်းမှု ၁၆ ဒသမ ၃ ထက်ပင် များပြားခဲ့သည်။

PMI တွင် ပါဝင်သည့်အစိတ်အပိုင်း ငါးခုအနက် လေးခုမှာ စက်တင်ဘာတွင် အနုတ်လက္ခဏာသဘော သက်ရောက်ခဲ့ကြပြီး ပစ္စည်းပေးသွင်းမှုကြာမြင့်ချိန်တစ်သာ ချွင်းချက်ဖြစ်ခဲ့သည်။ ထုတ်လုပ်မှုနှင့် အော်ဒါသစ်နှစ်ရပ်စလုံး စစ်တမ်းသမိုင်းတွင် ဒုတိယအများဆုံးနှုန်းဖြင့် ကျဆင်းခဲ့ပြီး သက်ဆိုင်ရာအညွှန်းများမှာ တစ်လအမတွင်း ၂၈ မှတ် ကျော်ကျဆင်းခဲ့ခြင်းဖြင့် စံချိန်တင်ခဲ့သည်။ အလုပ်နေရာများနှင့် သိုလှောင်ထားသည့် ဝယ်ကုန်များစာရင်းမှာ သုံးလနှင့် ခြောက်လအတွင်း အမြန်ဆုံးနှုန်းဖြင့် အသီးသီးကျဆင်းခဲ့ကြသည်။

ဗိုင်းရပ်စ်အရှိန်ရ ကူးစက်လာမှုကြောင့် အဓိကဒေသများရှိ စက်ရုံများကို ပိတ်ခဲ့ရ၍ ထုတ်လုပ်မှုမှာ စက်တင်ဘာလတွင် ပြင်းထန်စွာ ကျဆင်းခဲ့ခြင်းဖြစ်သည်။ စစ်တမ်းထဲတွင် ပါဝင်ခဲ့ကြသည့် ကုမ္ပဏီထက်ဝက်ကျော် ၅၄ ရာခိုင်နှုန်းက ဧပြီလ၏ စံချိန်တင် ၈၁ ရာခိုင်နှုန်းနှင့် ယှဉ်ကြည့်လျှင် ထုတ်လုပ်မှု နည်းခဲ့ကြောင်း အစီရင်ခံခဲ့ပြီး နွေဦး Lockdown နောက်ပိုင်း ထုတ်လုပ်မှုနာလန်ထူလာခဲ့သည့် သုံးလကြာကာလအပြီး နောက်ဆုံးကာလတွင် ကျဆင်းလာခြင်းဖြစ်သည်။

ကန့်သတ်ချက်အသစ်များကြောင့် အဆိုပါကာလတွင် ဝယ်လိုအားတန့်နေခဲ့ပြီး ဇွန်-သြဂုတ်ကာလအတွင်း ထုတ်လုပ်မှု အသစ်တစ်ဖန်တိုးတက်လာခဲ့သည့်နောက်တွင် အလုပ်သစ်များ၏ပမာဏ ကျဆင်းခဲ့ရာ စစ်တမ်းသမိုင်းတွင် ဒုတိယအများဆုံးနှုန်း ဖြစ်လာသည်။ ပြည်တွင်းစျေးကွက်များမှာ ဝယ်လိုအားသည် အထူးအားနည်းနေခဲ့ပြီး သြဂုတ်တွင် တည်ငြိမ်နေခဲ့သည့် ပြည်ပတင်ပို့ရေး အော်ဒါအသစ်များပါ ယခုလတွင် ကျဆင်းလာခဲ့သည်။ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်နှင့် ကာတနိုင်ငံများအပါအဝင် အာရှစျေးကွက်များမှ ဝယ်လိုအား အားနည်းခဲ့ကြောင်း လုပ်ငန်းများက အစီရင်ခံခဲ့သည်။

အလုပ်သစ်များ စက်တင်ဘာတွင် တစ်ဟုန်ထိုးကျဆင်းခဲ့ခြင်းနှင့်အတူ လက်ကျန်အလုပ်များပါ သုံးလအတွင်း အားအကောင်းဆုံးနှုန်းဖြင့် ကျဆင်းခဲ့ပြီး ၁၂ လအတွင်း ထုတ်လုပ်မှုမျှော်မှန်းချက်မှာ ဧပြီလမှစပြီး အားအနည်းဆုံးသို့ လျှောဆင်းသွားသည်။ စက်ရုံအများအပြားကို ပိတ်ခဲ့ရ၍ အလုပ်နေရာများ တစ်ဟုန်ထိုးနိမ့်ကျသွားခဲ့ပြီး သြဂုတ်လတွင် ခုနစ်လအတွင်း ဝန်ထမ်းဦးရေ ပထမအကြိမ် တိုးလာမှုနောက်ပိုင်း ပြန်လည်ကျဆင်းသွားခြင်းဖြစ်သည်။ ကုမ္ပဏီ ၁၆ ရာခိုင်နှုန်းခန့်က လုပ်သားအင်အားကို လျှော့ချခဲ့ကြရာ ၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ်မှလွဲ၍ စစ်တမ်း၏မည်သည်ကာလထက်မဆို အများဆုံးဖြစ်ခဲ့သည်။

ထည့်သွင်းကုန်ဝယ်ယူရေးလုပ်ငန်းလည်း စက်တင်ဘာတွင် သိသာစွာလျော့နည်းခဲ့ပြီး ကုန်ချောလက်ကျန် စာရင်းများမှာလည်း လေးလအတွင်း အမြင့်ဆုံးအရှိန်ဖြင့် ကျဆင်းသွားခဲ့သည်။ ငွေကြေးတန်ဖိုးကျဆင်းမှု ဖိအားများမှာ စက်တင်ဘာတွင် ဆက်ရှိနေပြီး ထည့်သွင်းကုန်စျေးနှုန်းများ ကျဆင်းခဲ့ခြင်းကြောင့် ရောင်းစျေးများကို စံချိန်တင်နှုန်းဖြင့် ဖြတ်တောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကွင်းဆက် ထိခိုက်ပျက်စီးအောင် ခြိမ်းခြောက်လာသည့်  ဗိုင်းရပ်စ်ပိုး၏ ဒုတိယလှိုင်းရိုက်ခတ်မှု

မြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်းများ၏ အခြေအနေသည် ကပ်ရောဂါကူးစက်ပျံ့နှံမှုစတင်ခဲ့သည့် ဧပြီလတွင် ဖရိုဖရဲအနေအထားဖြင့် ထိုးဆင်းသွားခဲ့ပြီး COVID-19 ကြောင့် ထုတ်လုပ်မှု၊ အော်ဒါရရှိမှု၊ သွင်းကုန်လက်ကျန်နှင့် ကုန်ချောသိုလှောင်ထားမှုများ စံချိန်သစ်နှုန်းများဖြင့် ကျဆင်းခဲ့ခြင်းဖြစ်သည်။ စီးပွားရေးအကျပ်အတည်းအကြားတွင် ဝယ်လိုအားကုန်ခမ်းသွားခဲ့ပြီး အလုပ်သမားများ ၎င်းတို့၏ ဇာတိနေရပ်များသို့ ပြန်သွားခဲ့ကြ၍ ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ ကုန်ပစ္စည်းဝယ်ယူမှုများနှင့် အလုပ်နေရာအသီးသီးတို့သည် စံချိန်တင်နှုန်းသစ်များဖြင့် ကျဆင်းခဲ့သည်။

မေလတွင်လည်း စီးပွားရေးလုပ်ငန်းများ ပိတ်ချထားရသောကြောင့် မြန်မာ့ထုတ်လုပ်ရေး ကဏ္ဍတစ်ခုလုံး တစ်ဟုန်ထိုး ဆက်လက်ကျဆင်းခဲ့ပြီး အလုပ်အကိုင်နေရာများနှင့် ကုန်ချောသိုလှောင်ထားမှုများ စံချိန်တင် ကျဆင်းခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန် စီးပွားရေးလုပ်ငန်းများ အများအပြား ပိတ်ချထားရ၍ မြန်မာ့ထုတ်လုပ်ရေးကဏ္ဍသည် မေတွင်သိသာစွာ ဆက်လက်ကျဆင်းခဲ့ခြင်းဖြစ်သည်။ စက်ရုံလုပ်ငန်းများ ရပ်တန့်ထားရပြီး ပြည်တွင်းနှင့် နိုင်ငံတကာမှ လုပ်ငန်းများ ပိတ်ချထားရမှုကြောင့် ဝယ်လိုအား ဆက်လက်ကျဆင်းလာခဲ့သည်။

ဇွန်လတွင် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးကဏ္ဍ COVID-19 ရောဂါအကျပ်အတည်းမှ ရုန်းထွက်လာသောလက္ခဏာ ပြသခဲ့သော်လည်း နိုင်ငံတကာစီးပွားရေး ပြန်လည်နာလန်ထူမှုနှင့် ဗိုင်းရပ်စ်ပိုး၏ ဒုတိယလှိုင်းကို ထိန်းချုပ်နိုင်မှုအပေါ် မူတည်၍ စိန်ခေါ်မှုများရှိခဲ့သည်။ COVID-19 ပျံ့နှံလာမှုကို ထိန်းချုပ်ရန် အရေးယူဆောင်ရွက်မှုများကို ဆက်လက်လုပ်ကိုင်နေရသည့်တိုင်အောင် မြန်မာ့ကုန်ထုတ်လုပ်ရေးကဏ္ဍသည် ဇွန်လတွင် နာလန်ထူလာသည့် လက္ခဏာများကို ပြသခဲ့သည်။

ဇူလိုင်လတွင် မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ တိုးတက်ခဲ့ပြီး အလုပ်နေရာလျှော့ချမှုနှုန်း ကျဆင်းလာခဲ့ကာ ထည့်သွင်းကုန်နှင့် ထုတ်ကုန်စျေးနှုန်း နှစ်မျိုးစလုံး စံချိန်တင် ကျဆင်းခဲ့သည်။ ဇူလိုင်လစစ်တမ်းဒေတာအရ မြန်မာ့ထုတ်လုပ်ရေးကဏ္ဍရှိ လုပ်ငန်းအခြေအနေများ တိုးတက်လာခဲ့ပြီး ထုတ်လုပ်မှုနှင့် အော်ဒါအသစ်နှစ်ရပ်စလုံး ဇန်နဝါရီလမှစပြီး အမြန်ဆုံးနှုန်းဖြင့် တိုးလာခဲ့ကြသည်။

သြဂုတ်လတွင် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍ COVID-19 ကပ်ရောဂါဘေးဒဏ်မှ အခိုင်အမာ နာလန်ထူလာပြီး PMI အညွှန်း ၁၅ လအတွင်း အမြင့်ဆုံးနှုန်းသို့ ရောက်ခဲ့ကာ ဇန်နဝါရီနောက်ပိုင်း ပထမဦးဆုံးအဖြစ် အလုပ်အကိုင်နေရာများ တိုးတက်လာခဲ့သည်။

စက်တင်ဘာလတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရှိန်မြင့်လာမှုကို တိုက်ပွဲဝင်ရန် အစိုးရက Lockdown အစီအစဉ်သစ်များစွာ ချမှတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍမှာ ပြင်းထန်စွာထိုးနှက်ခံခဲ့ရသည်။ စက်မှုဇုန်များရှိ စက်ရုံများစွာ ပိတ်သိမ်းခဲ့ရမှုကြောင့် ထုတ်လုပ်မှုကျဆင်းသွားပြီး ကုန်ထုတ်လုပ်မှု၊ အလုပ်အကိုင်နှင့် ဝင်ငွေ၊ စျေးကွက်အတွင်းရှိ ဝယ်လိုအားစသည့် စီးပွားရေးရာနာလန်ပြန်ထူမှုကာလ အဆုံးသတ်သွားခဲ့သည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍသည် လပိုင်းမျှ နာလန်ထူလာခဲ့သော်လည်း ပြည်ပဝယ်လိုအား ကျဆင်းနေခြင်းကြောင့် ပြည်တွင်းစျေးကွက်ကိုသာ အားပြုနေရခြင်း ဖြစ်သည်။ သြဂုတ်လကုန်မှစ၍ COVID-19 ကပ်ရောဂါ ကူးစက်မှုနှုန်းသည် မြန်မာနိုင်ငံတွင် စံချိန်တင်ဆက်လက်မြင့်တက်လာရာ စက်တင်ဘာလကုန်မှစ၍ ကုန်ထုတ်စက်ရုံများ တည်ရှိရာ မြို့၊ ဒေသများတွင် ရောဂါကူးစက်မှု ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရသောကြောင့် မဖြစ်မနေလည်ပတ်ရသည့် စက်ရုံများမှလွဲ၍ အများစုပိတ်သိမ်းလာရသည်။ မြို့၊ ရွာ၊ ဒေသအလိုက် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရခြင်းကြောင့် ကုန်စည်များ၊ ကုန်ကြမ်းများ ရောင်းဝယ်ရေး၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အကျပ်အတည်းများ ဖြစ်ပေါ်လာပြီး လူအများကို ဝင်ငွေပေးအပ်နေသည့် အလုပ်အကိုင် နေရာများစွာလည်း ထိခိုက်မှုဖြစ်ပေါ်လာပြီ ဖြစ်သည်။ ကြက်တူရွေးကတော်တော် မယ်ဘော်ကကဲကဲဆိုသကဲ့သို့ အချို့နေရာများတွင် လိုအပ်သည်ထက်ပိုသော၊ တင်းကြပ်သော ဒေသန္တရအုပ်ချုပ်ရေး တာဝန်ရှိသူအချို့ကြောင့် ဖြစ်သင့်သည်ထက် ပိုလွန်သည့် ထိခိုက်မှုများလည်းရှိလာသည်။ ဗိုင်းရပ်စ်ပိုး၏ ကူးစက်မှုပြင်းထန်ခြင်းကြောင့် ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များမှာ အဓိကအရေးပါသော်လည်း ကျွဲကူးရေပါသဘောဖြစ်လာမည့် နောက်ဆက်တွဲ အကျိုးဆက်ကိုလည်း မျှော်ကြည့်ပြီး မူဝါဒချမှတ်မှသာ နိုင်ငံ့စီးပွားရေး ထိခိုက်မှုသက်သာမည်ဖြစ်သည်။

Most Read

Most Recent