၂၀၁၅၊ ၂၀၂၀ ဘာကွာသလဲနှင့် NLD ၏ အထွေထွေ ရွေးကောက်ပွဲကြေညာစာတမ်းကို သုံးသပ်ခြင်း (၄)

၂၀၁၅၊ ၂၀၂၀ ဘာကွာသလဲနှင့် NLD ၏ အထွေထွေ ရွေးကောက်ပွဲကြေညာစာတမ်းကို သုံးသပ်ခြင်း (၄)
 ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁ ရက်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ဦးစေတီအနီးရှိ အားကစားကွင်းတွင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအောင်နိုင်ရေးဟောပြောစဉ်
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁ ရက်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ဦးစေတီအနီးရှိ အားကစားကွင်းတွင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအောင်နိုင်ရေးဟောပြောစဉ်
Published 28 September 2020
ဆန်းမိုးထွန်း

ယခင်အပတ်မှအဆက်

(၁၃)

NLD ပါတီ၏ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်းတွင် တိုင်းပြည်၏ ကာကွယ်ရေးနှင့် လုံခြုံရေးနှင့် ပတ်သက်၍ အချက်အချို့ကို ထည့်သွင်းထားသည်။

ကာကွယ်ရေးတွင် တပ်မတော်နှင့်ပတ်သက်၍ အချက်လေးချက်ကို ထည့်သွင်းထားသည်။ ယင်းအချက်များမှာ (၁) တပ်မတော်သည် နိုင်ငံတော်တွင် မရှိမဖြစ်လိုအပ်သော အဖွဲ့အစည်းဖြစ်ကြောင်းနှင့် တပ်မတော်သည် ဒီမိုကရေစီကျင့်စဉ်များကို ကာကွယ်ဖြည့်ဆည်းပေးသည့် ဂုဏ်သိက္ခာရှိသော အင်အားစုဖြစ်ရမည်။ (၂) နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ပထဝီသဘော သဘာဝ အခြေအနေများနှင့် ကိုက်ညီသော မဟာဗျူဟာအရ စစ်ရေးစွမ်းရည်ထက်မြက်၍ နည်းပညာပိုင်းဆိုင်ရာ တိုးတက်သော တပ်မတော်အဖြစ် ခေတ်မီ၍ အဆင့်အတန်း မြင့်မားအောင် တည်ဆောက်သွားမည်။ (၃) တပ်မတော်နှင့် နိုင်ငံတော်ကာကွယ်ရေး ယန္တရားတစ်ရပ်လုံးသည် အုပ်ချုပ်ရေးမဏ္ဍိုင် ထဲ၌သာတည်ရှိရန် ဦးတည်ဆောင်ရွက်မည် နှင့် (၄) ပြည်သူတို့၏ ယုံကြည်အားကိုးလေး စားသော တပ်မတော်ဖြစ်မြောက်ရေးမူအ ပေါ် ရပ်တည်ဆောင်ရွက်မည်တို့ ဖြစ်သည်။

NLD ပါတီအနေဖြင့် ကာကွယ်ရေးနှင့် ပတ်သက်၍ တပ်မတော်အပေါ် မျှော်လင့် ချက်ကို ပထမဆုံးအချက်၌ပင် တွေ့နိုင် သည်။ တပ်မတော်သည် ဒီမိုကရေစီကျင့်စဉ် များကို ကာကွယ်ဖြည့်ဆည်းပေးသည့် ဂုဏ် သိက္ခာရှိသော အင်အားစုဖြစ်ရမည်ဆိုသည့် အချက်သည် တပ်မတော်အပေါ်တွင် NLD ပါတီ မျှော်လင့်ခဲ့သော အကြီးမားဆုံးမျှော် လင့်ချက်လည်း ဖြစ်ခဲ့သည်။

ထို့ကြောင့် ပြည်ထောင်စုလွှတ်တော် တွင် ကိုယ်စားလှယ်ဦးရေ အများဆုံးရှိသည့်  NLD အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို လုပ်ဆောင်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်အရ တပ်မတော်သည် လွှတ်တော်ထဲတွင် ၂၅ ရာ ခိုင်နှုန်း နေရာရထားသည့်အပြင် အစိုးရပိုင်းတွင်လည်း ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည် ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးသုံးဦးကို တပ် မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းရပြီး သမ္မတက ခန့်အပ်ရ ခြင်း ဖြစ်သည်။

ထိုသို့သော အုပ်ချုပ်ရေးပိုင်းနှင့် ဥပဒေပြုရေးအပိုင်းတွင် တပ်မတော်၏အခန်း ကဏ္ဍပါဝင်မှုကို လျှော့ချနိုင်ရန် ဖွဲ့စည်းပုံ ပြင်ဆင်ရေးရာတွင် တပ်မတော်နှင့် သက် ဆိုင်သည့် ပုဒ်မအများစုကို ပြင်ဆင်နိုင်ရန် အတွက် NLD ကိုယ်စားလှယ်များက ဥပ ဒေကြမ်း၌ ထည့်သွင်းခဲ့သည်။

(၁၄)

လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ်ပါဝင်မှု လွှတ်တော်သက်တမ်းအလိုက် လျှော့ချရန်နှင့် အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းမှုအား ပြောင်းလဲထားသည့် အချက်များပါဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းနှစ်ခုကို ပြည်ထောင်စုလွှတ် တော်သို့ တင်သွင်းခဲ့သည်။

နိုဝင်ဘာ ၂၇ ရက် ဒုတိယအကြိမ်ပြည် ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်း ကော်မတီဥက္ကဋ္ဌအပါအဝင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၃၅၁ ဦး လက် မှတ်ရေးထိုးတင်ပြလာသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင် သည့် ဥပဒေမူကြမ်းများနှင့်စပ်လျဉ်း၍ ပြည် ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ် က လွှတ်တော်သို့ အသိပေးတင်ပြခဲ့ခြင်းဖြစ် သည်။

အဆိုပါဥပဒေမူကြမ်း နှစ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)နှင့် ၄၃၆ ပုဒ်မခွဲ(ခ) အရ ပြုစုရေးဆွဲထား သည့် ဥပဒေကြမ်းများဖြစ်ကြောင်း၊ ပြည်သူများ၏ ကိုယ်စားပြု ဒီမိုကရေစီအရ တာဝန် အပ်နှင်းထားသည့် နိုင်ငံရေးပါတီအသီးသီး မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား  လွှတ်တော်ကိုယ်စားလှယ်များ အားလုံးက တိုင်းရင်းသားပြည်သူလူထုအားလုံး၏ စစ်မှန်သည့် ဆန္ဒသဘောထားကို အလေးဂရုပြု၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ဥပဒေကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင် စု စံနှုန်းများနှင့်အညီ ပြင်ဆင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်း ဥပဒေမူကြမ်း၏ ရည် ရွယ်ချက်နှင့် အကျိုးအကြောင်းဖော်ပြချက် တွင် ဖော်ပြထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ် မခွဲ(ခ)တွင် အကျုံးဝင်သော ဖွဲ့စည်းပုံအခြေ ခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ် တော်များတွင် လွှတ်တော်ကိုယ်စားလှယ် များအဖြစ် ပြည်ထောင်စုလွှတ်တော် တတိ ယအကြိမ်သက်တမ်းတွင် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်း၊ စတုတ္ထ အကြိမ်သက်တမ်းတွင် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်း၊ ပဥ္စမအကြိမ် သက်တမ်းတွင် ကိုယ်စားလှယ်ဦးရေ စုစု ပေါင်း၏ ငါးရာခိုင်နှုန်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများပါဝင်သည်ဆိုသည့် ပြင်ဆင်ချက်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့ အားလုံး၏ အကြီးအကဲဖြစ်သည်ဆိုသည့် အချက်အား ပယ်ဖျက်ရန်၊ နိုင်ငံ့ဝန်ထမ်းများ သည် ပါတီနိုင်ငံရေးနှင့်ကင်းရှင်းရမည်ဆိုသည့်အချက်ကို ပယ်ဖျက်ရန် စသည့်အချက် များ ပါဝင်သည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(ဃ)တွင် ပြဋ္ဌာန်းထားသည့် နိုင်ငံတော် ရေးရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့်အမြင်များရှိရမည် ဆိုသည့် ပြဋ္ဌာန်းချက်အား နိုင်ငံတော်ရေးရာ များဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွား ရေး၊ လုံခြုံရေး စသည့် အမြင်များရှိရမည်ဆို သည့် ပြင်ဆင်ချက်၊ ပုဒ်မ ၅၉(စ) အား ပယ် ဖျက်ရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၀၁) ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေတစ် ရပ်ရပ်အရ ပေးအပ်လာသည့်တာဝန်များကို ထမ်းဆောင်နိုင်ရန် နိုင်ငံတော်သမ္မတ ဦး ဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်သူ့လွှတ် တော်နှင့်အမျိုးလွှတ်တော် ဒုတိယဥက္ကဋ္ဌ နှစ်ဦး၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး ဌာနဝန်ကြီး၊ ပြည်ထဲ ရေးဝန်ကြီးဌာနဝန်ကြီး စသည့် ပုဂ္ဂိုလ်များ ဖြင့် ဖွဲ့စည်းသည်ဆိုသည့် ပြင်ဆင်ချက်ပါ ဝင်ပြီး လက်ရှိ ကာ/လုံ တွင် ပါဝင်နေသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာနဝန်ကြီးကို ပယ်ဖျက်ရန် ဖော်ပြပါရှိသည်။

ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ  ၄၁၀ ကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ် နှင့် ပြည်ထောင်စုနယ်မြေတစ်ခုခုတွင်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု တစ်စုတွင် ဖြစ်စေ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ဆောင်ရွက်နိုင်စွမ်းမရှိကြောင်း သိရှိလျှင်၊ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အ စည်းကတင်ပြလျှင် နိုင်ငံတော်သမ္မတသည် မိမိကိုယ်တိုင်ဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်အရဖြစ်စေ ဥပဒေကဲ့သို့သော အာဏာတည်သည့်အမိန့်ထုတ်ပြန်၍ အရေးအပေါ် အခြေအနေကြေညာ နိုင်သည်ဆိုသည့် ပြင်ဆင်ချက်များလည်း ပါ ဝင်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပုဒ် မခွဲ(က)တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁)မှ (၆) ပြဋ္ဌာန်းချက်များ၊ အခန်း(၁၁) ပုဒ် မ ၄၁၀ မှ ၃၄၂ အထိနှင့် အခန်း (၁၂) ပုဒ်မ ၄၃၆ များတွင်ပါဝင်သည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ရွေးကောက်တင်မြှောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ သုံးပုံနှစ်ပုံကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရ မည်ဆိုသည့် ပြင်ဆင်ချက်လည်း ပါဝင် သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ် မခွဲ(ခ)နှင့်အညီ ပြုစုရေးဆွဲတင်ပြထားသည့် ဥပဒေမူကြမ်းတွင် ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ် ရေးရာဝန်ကြီးဌာနများအတွက် ပြည်ထောင် စုဝန်ကြီးအဖြစ် ခန့်အပ်ထားခြင်းခံရသော တပ်မတော်သားများသည် ခန့်အပ်တာဝန် ပေးခြင်းခံရသည့်နေ့မှစ၍ တပ်မတော်မှ အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည် ဆိုသည့် ပြင်ဆင်ချက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများတွင် တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးအဖြစ် ခန့်ထားခြင်းခံရသော တပ်မတော်သားများ သည် ခန့်အပ်တာဝန်ပေးခြင်းခံရသည့် နေ့မှ  စ၍ တပ်မတော်မှ အငြိမ်းစားယူပြီးဖြစ်သည် ဟု မှတ်ယူရမည်ဆိုသည့် ပြင်ဆင်ချက်များ လည်း ပါဝင်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီဥက္ကဋ္ဌ အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၅၁ ဦး လက်မှတ်ရေးထိုး တင်ပြလာသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှစ်ခု တွင် ပြင်ဆင်ရန်နှင့် ပယ်ဖျက်ရန် တင်ပြထား သည့် အချက်ပေါင်း ၁၁၂ ချက် ပါဝင်ခဲ့သော် လည်း ပုဒ်မအများစုမှာ တပ်မတော်အနေ ဖြင့် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင် များ ဆုတ်ခွာရန် သို့မဟုတ် အပြီးထွက်ခွာရန် ပြင်ဆင်ထားသည့် ပုဒ်မများ ဖြစ်သည်။

သို့သော် NLD ပါတီဝင် ကိုယ်စားလှယ် များ၏ လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင် ရေးကြိုးပမ်းမှုမှာ အောင်မြင်ခြင်း မရှိခဲ့ပေ။ တပ်မတော်နှင့် သက်ဆိုင်သည့်ပုဒ်မများကို ပြင်ဆင်ရာတွင် ကိုယ်စားလှယ် ၇၅ ရာခိုင် နှုန်းကျော် ထောက်ခံမှုမရသဖြင့် အောင်မြင် မှုမရှိခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ဖွဲ့စည်းပြင်ဆင် ချိန်အတွင်း လွှတ်တော်၌ NLD ပါတီဝင် ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များအကြား ပွတ်တိုက်မှုကြီး ကြီးမားမားဖြစ်ခဲ့သည့်အတွက် NLD အတွက်တော့ မိအေး နှစ်ခါနာဖြစ်ခဲ့ရသည်။

(၁၅)

တိုင်းပြည်တွင် တစ်ခုခုမငြိမ်မသက်ဖြစ်လာပါက အခြေခံဥပဒေအရ တပ်မတော်သည် တိုင်းပြည်၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် အဓိကတာဝန်ရှိသည့် အဖွဲ့အ စည်းတစ်ခုဖြစ်သည့်အတွက် ဥပဒေပြုရေး နှင့် အုပ်ချုပ်ရေးအပိုင်းတွင် တပ်မတော်၏ အခန်းကဏ္ဍကို NLD အစိုးရအနေဖြင့် မျက်ကွယ်ပြု၍ မရခဲ့ပေ။ ထို့ကြောင့် NLD ပါတီအနေဖြင့် အစိုးရတာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် တပ်မတော်နှင့် သင့်မြတ် ရေးသည် အဓိကအခန်းကဏ္ဍ တစ်ခုအဖြစ် ပါဝင်သည်။

NLD အစိုးရသက်တမ်းအတွင်း NLD ဘက်က အမျိုးသားရင်ကြားစေ့ရေးအတွက် ကြိုးပမ်းမှုများ ရှိနေသော်လည်း တပ်မတော် ဘက်က လိုက်လျောမှု နည်းပါးသောကြောင့် အစိုးရနှင့် တပ်မတော် ဆက်ဆံရေးက အောင်မြင်ဖြစ်ထွန်းမှု နည်းပါးကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုသည်။

“အစိုးရနဲ့ တပ်မတော် ဆက်ဆံရေးက NLD အစိုးရအနေနဲ့ အမျိုးသားရင်ကြား စေ့ရေးဆိုတဲ့ စိတ်ဓာတ်နဲ့ တပ်မတော်ကို ပြဿနာ တော်တော်များများမှာ တော်တော် လေး လိုက်လျောမှုရှိစွာ ဆက်ဆံခဲ့ပါတယ်။ ဒါတင်မကဘူး။ အခု ရခိုင်ပြည်နယ်က ဘင်္ဂါ လီအရေး ဖြစ်လာတဲ့အခါမှာ တစ်ပြည်လုံးရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ကာကွယ် ထားတဲ့ တစ်ချိန်တည်းမှာ တပ်မတော်ကို လည်း NLD အစိုးရဘက်ကနေပြီးတော့ ကာကွယ်ရပ်ခံမှုတွေ ရှိနေပါတယ်။ အဲဒီလို ရှိနေတဲ့ အခြေအနေအောက်မှာ တစ်ဖက်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မဆိုင်တဲ့ အဆို တွေကိုတောင် စစ်တပ်ကနေ လွှတ်တော်ထဲ မှာ ကန့်ကွက်တာတွေ ရှိပါတယ်။ အဲဒီတော့ ပြောချင်တာက NLD က အမျိုးသားရင်ကြား စေ့ပေမဲ့ တပ်မတော်ရဲ့ လိုက်လျောမှုကတော့ အတော်နည်းပါးတယ်။ ဒါကြောင့်မို့ အဲဒါကလည်း အောင်မြင်ဖြစ်ထွန်း တိုးတက် မှု နည်းတယ်လို့ ပြောချင်တယ်”ဟု နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်က ပြောကြား သည်။

သို့သော် NLD အစိုးရသက်တမ်း အတွင်း အစိုးရနှင့် တပ်မတော်အကြား ပဋိ ပက္ခကြီးကြီးမားမား မဖြစ်ခြင်းသည် ကောင်း မွန်သည့်အချက်ဖြစ်ကြောင်း နိုင်ငံရေးလေ့ လာသူ ဦးမောင်မောင်စိုးက သုံးသပ်သည်။

ဒီမိုကရေစီစနစ်တွင် အစိုးရနှင့် တပ်မ တော် ဆက်ဆံရေး၏ အဓိကပန်းတိုင်သည် တပ်မတော်ကို အစိုးရ၏ အုပ်ချုပ်မှုအောက် တွင်ထားရှိရေး ဖြစ်ပြီး တပ်မတော်၏ လုပ် ပိုင်ခွင့် အာဏာကို တစ်ဆင့်ချင်း လျှော့ချရန် ဖြစ်သည်။

အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည့်နိုင်ငံများတွင် တိုင်းပြည် တည်ငြိမ်ရေးသည် အရေးကြီးသည်ဟုဆို သော်လည်း တပ်မတော်အနေဖြင့် နိုင်ငံရေး မှ တစ်ဆင့်ချင်း ဆုတ်ခွာဖို့ဆိုလျှင် အာဏာရ အစိုးရနှင့် တပ်မတော်ကြားတွင် သဘောတူ ညီချက်ရရှိရန် လိုသည်။ သို့သော် NLD အစိုးရသက်တမ်း ပြည့်ခါနီးအချိန်တွင် ဖွဲ့ စည်းပုံပြင်ဆင်ခဲ့သော်လည်း မအောင်မြင် သည့်အတွက် နိုင်ငံရေးမှ တပ်မတော်ဆုတ် ခွာရန် မျှော်လင့်နေသည့် NLD ပါတီ၏ အိိပ်မက်မှာ အရာမထင်ခဲ့ပေ။

အစိုးရဖြစ်ပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တပ်မတော်ကို ချဉ်းကပ်ပုံသည် အမာလိုင်းမဟုတ်ဘဲ အပျော့လိုင်းဖြင့် ချဉ်း ကပ်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သူများက သုံးသပ်သည်။

ယခင် အတိုက်အခံဘဝတွင် တပ်မတော်နှင့်ပတ်သက်၍ မာမာထန်ထန် ပြောကြားခဲ့သော်လည်း အစိုးရဖြစ်ပြီးချိန်တွင်မူ ပြည်သူမနာသည့်နည်းဖြင့် လုပ်ဆောင်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် က ပြောကြားလာသည်။

သမ္မတအိမ်တော်တွင် ၂၀၁၈ အောက်တိုဘာ ၅ ရက်က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင်မူ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အစိုးရနှင့် တပ်မတော် ဆက်ဆံရေး ကောင်းမွန်မှုရှိကြောင်း ပြော ကြားထားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အကြား တွေ့ဆုံမှုများ မကြာခဏရှိကြောင်း၊ နှစ်ဦး တည်း တွေ့ဆုံခြင်း၊ အကြောင်းအရာပေါ် မူ တည်ပြီး သမ္မတပါဝင်သည့် တွေ့ဆုံပွဲပြုလုပ် ခြင်း၊ သမ္မတ မပါဝင်သော အခြားတွေ့ဆုံ ခြင်းများလည်းရှိသည်ဟု ဦးဇော်ဌေးက ဆို သည်။

သို့သော် NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးစားလာချိန်တွင် တပ်မတော် ထိပ်တန်းခေါင်းဆောင်ပိုင်းမှ ပြင်းပြင်းထန်ထန် ပြောကြားလာမှုများ ရှိခဲ့သည်။

၂၀၁၉ ခုနှစ် မတ် ၂၇ ရက်က နေပြည်တော်တွင် ပြုလုပ်သော (၇၄) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မိန့်ခွန်းရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် မလိုလားအပ်သည့် နိုင်ငံ ရေးအကျပ်အတည်းနှင့် ဘေးထွက်ဆိုးကျိုး များမဖြစ်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ခြင်းနည်းလမ်းများအတိုင်း ဥပဒေနှင့်အညီ အဆင့်ဆင့် လုပ်ဆောင်သွားရမည်ဖြစ် ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ဒီလိုပြင်ဆင်တဲ့နေရာမှာ မလိုလား အပ်တဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ ဘေး ထွက်ဆိုးကျိုးတွေမဖြစ်စေဖို့ ဖွဲ့စည်းပုံအခြေ ခံဥပဒေ၊ အခန်း(၁၂)ပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ခြင်းနည်းလမ်းများအတိုင်း ဥပဒေနဲ့အညီ အဆင့်ဆင့် လုပ်ဆောင်သွားရ မှာဖြစ်တယ်”ဟု ဒုတိယဗိုလ်ချုပ်မှူးကြီးစိုး ဝင်းက ပြောကြားသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ထိုသို့ ပြောကြားလာခြင်းသည် NLD ၏ လွှတ်တော်တွင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့ စည်းခြင်းနှင့်ပတ်သက်၍ သတိပေးလိုက် ခြင်းမျိုး ဖြစ်နေသည်။

ထို့ကြောင့် အစိုးရနှင့် တပ်မတော်ကြား ဆက်ဆံရေးကောင်းသည်ဟု ပြောကြားနေ သော်လည်း လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင် ဆင်ရန် ပူးပေါင်းကော်မတီ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်က တပ်မတော်နေ့အခမ်းအနား  မျိုးတွင် ပေါ်ပေါ်တင်တင် ပြောကြားလာ ခြင်းသည် အစိုးရနှင့် တပ်မတော်ကြားက ဆက်ဆံရေးကို မေးခွန်းထုတ်ရမည့် အနေ အထားမျိုး ဖြစ်နေသည်။

 “လက်ရှိအခြေအနေတွေအရ သုံးသပ် ကြည့်ရင်တော့ အစိုးရနဲ့ တပ်မတော် ဆက် ဆံရေးက မပြေလည်ခဲ့ဘူးလို့ပဲ ကျွန်တော်က တော့ ထင်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က သုံး သပ်ပြောကြားသည်။

သို့သော် NLD အစိုးရသက်တမ်းအ တွင်း ပြည်ထောင်စုလွှတ်တော်၌ တပ်မ တော်၏ ကာကွယ်ရေးအသုံးစရိတ်အဖြစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ကျပ်ဘီ လျံ ၂၉၀၀၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွက် ကျပ်ဘီလျံ ၂၉၀၀ ကျော်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ကျပ်ဘီလျံ ၃၂၀၀ ကျော်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကျပ်ဘီလျံ ၃၃၀၀ ကျော်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ကျပ်ဘီလျံ ၃၄၀၀ ကျော် ကို အတည်ပြုပေးခဲ့သည်။

NLD အစိုးရသက်တမ်းအတွင်း ပြည် ထောင်စုအစိုးရအဖွဲ့၏ စုစုပေါင်းအသုံး စရိတ်မှ ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံး စရိတ် ရာခိုင်နှုန်းမှာ နှစ်စဉ် ၁၃ ရာခိုင်နှုန်းအ ထက်တွင် ရှိခဲ့သည်။

(၁၆)

NLD ပါတီ၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကြေညာချက်တွင်လည်း ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍသည် တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့နှင့်သာ သက်ဆိုင်နေပြီး ၂၀၁၅ အယူအဆ အချို့ကို ပြောင်းလဲထားသည်။

NLD   ၏ ၂၀၂၀ ရွေးကောက်ပွဲကြေညာ စာတမ်းတွင် ၂၀၁၅ ရွေးကောက်ပွဲကြေညာ စာတမ်းတုန်းက ပါရှိခဲ့သည့် တပ်မတော် သည် ဒီမိုကရေစီကျင့်စဉ်များကို ကာကွယ် ဖြည့်ဆည်းပေးသည့် ဂုဏ်သိက္ခာရှိသော အင်အားစုဖြစ်ရမည်ဆိုသည့် အချက်ကို ဆက်လက်သုံးစွဲခြင်းမပြုတော့ပေ။ NLD ပါ တီ၏ ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်း တွင် ကာကွယ်ရေးနှင့်ပတ်သက်၍ တပ်မ တော်နှင့် သက်ဆိုင်သည့် အချက်လေးချက် ကို ထည့်သွင်းထားသည်။

NLD ပါတီ၏ ရွေးကောက်ပွဲကြေညာ စာတမ်းပါ အချက်များနှင့် အခြားသောပါတီ များ၏ တပ်မတော်နှင့်ပတ်သက်သည့် မူဝါဒ များကို လေ့လာကြည့်ရာတွင် မကောင်း သည့်အချက်များမပါဘဲ ကောင်းသည့် အချက်များသာပါသည်ဟု မြင်ကြောင်း တပ် မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ် မှူးချုပ်ဇော်မင်းထွန်းက ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၄ ရက်တွင် ပြော ကြားသည်။

 “ရွေးကောက်ပွဲ ကြေညာစာတမ်းနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ ဖတ် ရပါတယ်။ ဖတ်ရတဲ့အခါမှာ အဓိကကတော့ လုံခြုံရေးဆိုင်ရာကဏ္ဍတွေမှာ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ရေးထားတာ ဖြစ်တယ်။ ဒါကတော့ ပါတီတစ်ခုရဲ့မူဝါဒပဲ ဖြစ်တယ်။ ဒီလိုပါပဲ ကျန်တဲ့ပါတီတွေမှာ လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကျွန်တော်တို့ ၃၄ ပါတီ တွေ့ဆုံတဲ့အခါမှာ လည်း တချို့ပါတီတွေက တပ်မတော်နဲ့ပတ် သက်ပြီးတော့ သူတို့ရဲ့မူဝါဒတွေကို ပြောခဲ့ တာရှိပါတယ်။ ဘယ်လိုပဲပြောပြော ဒါတွေ  က ပါတီရဲ့မူဝါဒတွေ ဖြစ်တယ်။ ဒီမူဝါဒတွေ ကိုပေါ့။ ဒီ NLD ရဲ့ မူဝါဒတင်မကဘူး။ ကျန် တဲ့ပါတီတွေရဲ့ မူဝါဒတွေကို ကျွန်တော်တို့ လေ့လာတဲ့အခါမှာလည်း သူ့ရဲ့ ရည်မှန်း ချက်ပေါ့၊ ရည်မှန်းချက်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်မြင်ရသလောက်ကတော့ မကောင်း တာ မပါပါဘူး။ သူတို့ရည်မှန်းချက်သည် ဘယ်လိုတည်ဆောက်မယ်၊ ဘယ်လိုလုပ် ဆောင်မယ်ဆိုတဲ့ ကောင်းတဲ့ဟာတွေပဲ ပါ တယ်လို့ ကျွန်တော်တော့ မြင်ပါတယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြား သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကြေ ညာစာတမ်းတွင် ကာကွယ်ရေးနှင့် လုံခြုံရေး နှင့်ပတ်သက်၍ တပ်မတော်၏ အဓိကတာ ဝန်အဖြစ် နိုင်ငံနှင့် နိုင်ငံသူ၊ နိုင်ငံသားများ ကာကွယ်ရန်၊ ပြည်သူတို့ ယုံကြည်အားကိုး သော တပ်မတော်ဖြစ်ရန်၊ တပ်မတော်သည် ဒီမိုကရေစီစံနှုန်းစံထားများနှင့်အညီ ပြည် သူက ရွေးချယ်တင်မြှောက်ထားသော အစိုး ရ၏ မူဝါဒအပေါ် ရပ်တည်ရန်နှင့် စစ်ရေး စွမ်းရည်ထက်မြတ်၍ နည်းပညာပိုင်းဆိုင်ရာ တိုးတက်ခေတ်မီသည့် တပ်မတော်ဖြစ်ရန် စသည့် အချက်များသည်။

ယင်းအချက်များနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “တပ်မတော်အနေ နဲ့ကတော့ ကျွန်တော်တို့ပြောသလို နိုင်ငံတော်ရဲ့ အစိတ်အပိုင်း၊ ပြည်သူလူထုရဲ့အ စိတ်အပိုင်းဖြစ်တယ်လို့ ကျွန်တော်တို့ ခံယူ ပြီးသားဖြစ်တယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်လည်း မကြာခဏ ပြောဆိုပြီးဖြစ် တယ်။ တပ်မတော်အနေနဲ့ အတိတ်ကာလ မှာ လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေ ရော၊ ပစ္စုပ္ပန်ကာလမှာလုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေရော၊ အနာဂတ်ကာလ မှာ လုပ်ဆောင်မယ့် လုပ်ဆောင်ချက်တွေ ရော အားလုံးသည် အမြဲတမ်း ကျွန်တော်တို့ သစ္စာလေးချက်မှာ သစ္စာဆိုထားတဲ့အတိုင်း နိုင်ငံတော်နဲ့ ပြည်သူလူထု၊ နိုင်ငံတော်အတွက် ပဲ ဦးတည်တယ်ဆိုတာကို ကျွန်တော်တို့ပြော လိုပါတယ်”ဟု ပြောကြားသည်။

(၁၇)

NLD ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ကာကွယ်ရေးနှင့် လုံ ခြုံရေးကဏ္ဍ၌ နောက်ထည့်သွင်းထားသည့် အဖွဲ့အစည်းမှာ ရဲတပ်ဖွဲ့ဖြစ်သည်။

ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍတွင် ရဲတပ်ဖွဲ့နှင့်ပတ်သက်၍ အချက်နှစ်ချက်ပါ ရှိပြီး တရားဥပဒေစိုးမိုးရေးအောက်တွင် ဥပ ဒေနှင့်အညီ ဆောင်ရွက်သော လွတ်လပ် သည့် ရဲတပ်ဖွဲ့ဖြစ်ရမည်ဆိုသည့် အချက်နှင့်  မိမိတို့၏ တာဝန်များကို ကျေပွန်စွာ ထမ်း ဆောင်နိုင်ရန်အတွက် နိုင်ငံတကာအရည် အသွေးမီသည့် ရဲတပ်ဖွဲ့ဖြစ်စေရန် ဦးတည် မည်ဆိုသည့်အချက်တို့ ဖြစ်သည်။

NLD အစိုးရသက်တမ်းအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်ပြီး ရဲ တပ်ဖွဲ့ဝင်အချို့ လုပ်ဆောင်ချက်များကို တစ်နိုင်လုံး အတိုင်းအတာဖြင့် ဝေဖန်မှုများ ရှိခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ဥရောပသမဂ္ဂ (EU)က သင်တန်း အကြိမ်ကြိမ်ပေးထားသော်လည်း ဆန္ဒပြပွဲများတားမြစ်ရာတွင် အင်အားအလွန်အကျွံ အသုံးပြုခြင်းများ ရှိနေသည့်အပြင် ပဋိပက္ခများကို ဖြေ ရှင်းရာတွင်လည်း အားနည်းချက်များရှိနေသေးသည်ကို တွေ့ရှိရသည်။

အဆိုးဆုံးမှာ ဖမ်းဝရမ်းထုတ်ခံထားရသော်လည်း လူမြင်ကွင်းတွင် ဆန္ဒထပ်မံ လာရောက်ပြသသည့်သူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းမရှိဘဲ လွှတ်ပေးထားခြင်း ဖြစ် သည်။ ဥပမာ အမျိုးသားရေးတက်ကြွလှုပ် ရှားသူများအဖြစ် အမည်ခံထားသည့် လူအချို့ကို တရားရုံးက ဖမ်းဝရမ်းထုတ်ထား သော်လည်း ၎င်းတို့မှာ တပ်မတော်ထောက် ခံဆန္ဒပြပွဲများ၊ နိုင်ငံတကာ ကန့်ကွက်ရှုတ် ချပွဲများတွင် လာရောက်ဆန္ဒပြကြသည်ကို ရဲတပ်ဖွဲ့ဝင်များက မဖမ်းဆီးသည့်အပြင် ဆန္ဒပြပွဲအတွက် လုံခြုံရေးကိုပါ ဆောင်ရွက် ပေးခဲ့ကြ သည်။

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ အမျိုးသားရေးတက်ကြွလှုပ်ရှားသူများကို  ဖမ်းဆီးခြင်းမရှိသော်လည်း ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူများကိုမူ လိုက်လံ ဖမ်းဆီးမှုများ ရှိခဲ့သည်။ အဆိုးဆုံးအနေဖြင့် ဆူးလေ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်သည့် ကရင်အာဇာနည်နေ့အခမ်းအနားတွင် ပြီးခဲ့ သည့်နှစ်က အမှုဖွင့်ထားသည်ဟုဆိုကာ ဝန်းရံအချို့ကို ရဲတပ်ဖွဲ့က လာရောက်ဖမ်း ဆီးခဲ့အပေါ် ဝေဖန်မှုများက မြင့်တက်ခဲ့ သည်။

ထို့ပြင် ရဲတပ်ဖွဲ့များအနေဖြင့် မသင်္ကာမှုဖြင့် ဖမ်းဆီးစစ်ဆေးရာတွင် ရဲစခန်း၌ ပုံစံထိုင်ခိုင်းခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အတင်းအဓမ္မဝန်ခံခိုင်းသည့် ဖြစ်စဉ်များလည်း ဖြစ် ပွားခဲ့ဖူးသည်။

ထိုသို့ ရဲတပ်ဖွဲ့ဝင်အချို့၏ မပြောင်းလဲ သည့် အကျင့်များကြောင့် အစိုးရအပေါ်တွင် ပြည်သူများက ပြောင်းလဲသည်ဟု မြင်မည် မဟုတ်ကြောင်း အသံအဖွဲ့အမှုဆောင် ဒါ ရိုက်တာ မောင်ဆောင်းခက ဆိုသည်။

“ရဲတွေနဲ့ပတ်သက်ရင် အစိုးရက တချို့ဟာတွေက တားလို့ရတာရှိတယ်။ ထိန်းလို့ရတာရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရဲက လက်ရှိ အရပ်သားအစိုးရရဲ့လက်အောက်က မဟုတ်ပေမဲ့လည်း တချို့ဟာ တွေကို ကိုင်တွယ်လို့ ရတာရှိတယ်။ ကိုယ်ရ တဲ့ အခွင့်အရေးတွေကို အသုံးချပြီး ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့ လိုအပ်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ပြည်သူနဲ့ တကယ်ဆက်ဆံရတာ ရဲတပ်ဖွဲ့လေ။ ရဲတပ်ဖွဲ့နဲ့ပဲ ကျွန်တော်တို့က ဆက်ဆံရတဲ့အတွက် ရဲမပြောင်းလဲရင် အစိုးရဘယ်လောက်ပဲ ပြောင်းလဲ ပြောင်းလဲ ပြည်သူက ငါတို့အစိုးရ ပြောင်းလဲနေပါပြီလို့ မြင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ကတော့ အဲဒီလို မြင်တယ်”ဟု မောင်ဆောင်းခက ပြောကြားသည်။

ရဲတပ်ဖွဲ့အပေါ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝေဖန်မှုများမြင့်တက်ခဲ့သည့်အမှုမှာ ဗစ်တိုးရီးယားအမှုပင် ဖြစ်သည်။ ဗစ်တိုးရီးယားအမှုတွင် အမှုမှန်ပေါ်ပေါက်ရေးအတွက် နိုင်ငံအနှံ့ ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့သော်လည်း နောက်ဆုံးတွင် တရားခံပျောက် ခဲ့ရသည်။

နေပြည်တော်ရှိ Wisdom Hill မူ ကြိုကျောင်း၌ တက်ရောက်နေသည့် ကလေးငယ် ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ အစပိုင်းတွင် အဆိုပါကျောင်းရှိ ယာဉ်မောင်း အောင်ကြီးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တရားခွင်တွင် ထုတ်ပြခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲချုပ်အောင်နိုင်သူက အောင်ကျော်မျိုး (ခ) အောင်ကြီးကို ဖမ်းဆီးခဲ့ခြင်းသည် ခိုင်မာသည့်သက်သေအထောက်အထားများရှိ၍သာ တရားစွဲတင်ခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင် ၅ ရက်က နေပြည် တော်ရှိ သမ္မတအိမ်တော် သတင်းစာရှင်းလင်းခန်းမဆောင်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ သတင်းမီဒီယာများအား ပြောဆိုခဲ့သည်။

“ကလေးမလေးရဲ့ကိုယ်ထဲမှာ တွေ့တဲ့ ဆေးစာပြန်ကြားချက်၊ မသင်္ကာတရားခံရဲ့  အတွင်းခံဘောင်းဘီက ပြန်ကြားချက်၊ နောက်တစ်ခါ မသင်္ကာတရားခံသည် သူ ကိုယ်တိုင်ဒီနေရာကို ရောက်တယ်ဆိုတဲ့ သက်မဲ့သက်သေဖြစ်တဲ့ CCTV ရဲ့တွေ့ရှိ ချက်၊ ကာယကံရှင်ကိုယ်တိုင်က သူက ပြုကျင့်ခံရတာ ဒီလူပါလို့ပြောထားတဲ့ ဗီဒီယိုဖိုင် ကျွန်တော်တို့မှာ ရှိတယ်။ အဲဒါတွေ သက်သေခံအဖြစ် ကျွန်တော်တို့ တရားရုံးကို တင်တယ်။ ကလေးက ပြောနေတာ။ သူ့ကို လက်နဲ့လုပ်ပါတယ်လို့ ပြောတယ်။ အဲဒီလို ဆိုရင် ဘာဖြစ်လို့ စပန်းရှိတာလဲ။ ခင်ဗျား တို့က မေးမယ်လို့ ကျွန်တော်တို့ သုံးသပ်ရ ပါတယ်။ နှိုက်ထားပြီးတော့မှ ကလေးကို နှိုက်လိုက်ရင် ဒီစပန်းက ပါသွားနိုင်တယ်” ဟု ဒုရဲချုပ်အောင်နိုင်သူက ပြောကြားသည်။

သို့သော် ရုံးချိန်း ၁၃ ခုအပြီး၌ တရားခံ ဟုဆိုကာ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် ယာဉ်မောင်းအောင်ကြီးအား ခိုင်လုံသည့် သက်သေမရှိသဖြင့် ဒက္ခိဏခရိုင်တရားရုံးက တရားရှင်ပြန်လွှတ်ပေးခဲ့သည်။

ရုံးချိန်းများတွင် နှစ်ဖက်ရှေ့နေများက တင်သွင်းခဲ့သည့် သက်သေများက တရားခံမှာ အောင်ကြီး ဖြစ်သည်ဆိုသည့် သက်သေခံချက်များ ထွက်ဆိုခဲ့ခြင်းမရှိသဖြင့် ပြန်လွတ်လာခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ပြန်လွှတ် ပေးလိုက်ချိန်တွင် ရဲတပ်ဖွဲ့က သတင်းစာ ရှင်းလင်းပွဲတစ်ခု ချက်ချင်းပြုလုပ်ခဲ့သည်။ ယင်းသတင်းစာရှင်းလင်းပွဲမှာ ကျူးလွန် ခံရသည့် ဗစ်တိုးရီးယားလေးအတွက် ပိုမိုနစ်နာစေမည့် အကြောင်းတစ်ခုလည်းဖြစ်ခဲ့သည်။

ကျူးလွန်ခံရသည့် ကလေးငယ်မှာ မည်သူမည်ဝါဖြစ်သည်။ ကလေးငယ်၏ မိဘများမှာ မည်သူများ ဖြစ်သည်ဆိုသည်ကို လူ ပုဂ္ဂိုလ်အချို့က သိရှိထားသော်လည်း လျှို့ ဝှက်ထားသည့်အချိန်တွင် ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော် ပြော ကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပြုမူခဲ့ခြင်းအပေါ် ပြည်သူအ များက ၀ိုင်းဝန်းဝေဖန်ခဲ့ကြပြီး ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်အပေါ် ပြစ်တင်ရှုတ်ချခဲ့ကြ သည်။ Facebook တွင်လည်း သတင်းစာရှင်းလင်းပွဲကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ရာ အမှု နှင့် သက်ဆိုင်သူများကိုပါ ထုတ်ဖော်ပြောကြားခဲ့ခြင်းကြောင့် ဝေဖန်မှုများစွာ ထွက်ပေါ်လာပြီး ပြန်လည် ဖြုတ်ချခဲ့ရသည်။

အမှုနှင့်ပတ်သက်ပြီး အောင်ကြီးအား စွပ်စွဲဖမ်းဆီးထားရာမှ တရားရုံးက ပြန်လွှတ်ပေးလိုက်သည့်အပေါ် ဒက္ခိဏခရိုင်ဥပဒေ ရုံးနှင့် အမှတ် (၁) မှုခင်းတပ်ဖွဲ့မှူးရုံး (နေ ပြည်တော်) က ပြင်ဆင်မှုတက်ပေးရန် တင် ပြခဲ့သော်လည်း တိုင်းဥပဒေချုပ်ရုံးအနေဖြင့် အမှု စစ်ဆေးပေါ်ပေါက်ချက်အရ တရားရုံး အမိန့်သည် ဥပဒေအရ မှန်ကန်သင့်မြတ် ကြောင်း သုံးသပ်ရရှိသဖြင့် ပြင်ဆင်မှု တင် သွင်းရန်မသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။

ဗစ်တိုးရီးယားအမှုတွင် တရားခံ အောင်ကြီးဟုဆိုကာ ရဲတပ်ဖွဲ့က တရားရုံးသို့ တင်သွင်းခဲ့ရာတွင် အမှုတည်ဆောက် ပုံမှာ အားနည်းကြောင်း၊ ခိုင်လုံသည့် သက်သေမရှိကြောင်း ဥပဒေပညာရှင်များက ထောက်ပြဝေဖန်မှုများ ရှိခဲ့သော်လည်း ရဲတပ်ဖွဲ့က မသိကျိုးကျွန်ပြုခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

အောင်ကြီးမှာ တရားခံအဖြစ် ခြောက်လကျော် ဖမ်းဆီးခံထားရပြီး ဒီဇင်ဘာလပိုင်းတွင် ပြန်လည် လွတ်မြောက်လာသော် လည်း အမှု၏ တရားခံဟုယူဆရသည့် အခြားသူများကို စုံစမ်းစစ်ဆေးမှုများ လုပ် ဆောင်ခဲ့ခြင်းမရှိမှုအပေါ် ရဲတပ်ဖွဲ့အား မေး ခွန်းထုတ် ဝေဖန်ခဲ့ကြသည်။

အမှုရင်ဆိုင်စဉ် ကာလအတွင်းမှာလည်း အရေးကြီးသက်သေခံပစ္စည်းများမှာ လဲလှယ်ခံရသည့် ဖြစ်စဉ်များ၊ ပျောက်ပျက်ခဲ့့ သည့် ဖြစ်စဉ်များမှာလည်း ဒုနှင့်ဒေးရှိနေသည်ဟု ဝေဖန်မှုများရှိခဲ့သည်။ အရေးကြီးသည့် သက်သေခံတစ်ခုဖြစ်သည့် CCTV မှတ်တမ်းများ ပျောက်ပျက်မှုမှာ ယင်းအမှုအတွက် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

အမှုမှာ အောင်ကြီးအား ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည့်အတွက် တရားခံ မည်သူ ဆိုသည်ကို ဖော်ထုတ်ရမည့်တာဝန်မှာ ရဲတပ်ဖွဲ့ က လုပ်ဆောင်ရမည်ဖြစ်သော်လည်း လက်ရှိအချိန်အထိ အမှုနှင့်ပတ်သက်၍ မည်သည့်စစ်ဆေးဆောင်ရွက်ချက်များ ထွက်ပေါ်လာခြင်း မရှိသေးပေ။

ဖေဖော်ဝါရီ ၂၁ ရက်က နိုင်ငံတော် သမ္မတအိမ်တော်တွင် ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင်မူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဗစ်တိုးရီးယားအမှု၌ တာဝန် မကျေပွန်ဘဲ လစ်ဟာမှုများဖြစ်ပေါ်စေခဲ့ သည့် တာဝန်ရှိသူအားလုံးကို အရေးယူရန် သမ္မတက ညွှန်ကြားထားသည်ဟု ပြောကြား ခဲ့သည်။

ဒီဇင်ဘာ ၂၂ ရက်တွင် ဗစ်တိုးရီးယား၏ဖခင်က သမ္မတထံ စာဖြင့်တင်ပြခဲ့ရာ နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ် အစရှိသည့် ဌာနသုံးခုကို ညွှန်ကြားချက် လေးခုပေးခဲ့ ကြောင်း၊ ညွှန်ကြားချက်လေးခုမှာ အမှုမှန် ပေါ်ပေါက်ရန်၊ တာဝန်ယူမှုရှိရန်၊ ဥပဒေနှင့် အညီဖြစ်ရန်၊ တရားဥပဒေစိုးမိုးရေးအတွက် ပကတိဆောင်ရွက်ထားမှု တွေ့ရှိချက် အမှန် တရားအတိုင်း ပြန်လည်တင်ပြရန်တို့ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

ယင်းညွန်ကြားချက်နှင့်အညီ သက်ဆိုင်ရာဌာနအသီးသီးက နိုင်ငံတော်သမ္မတ ထံ ပြန်လည်တင်ပြခဲ့ကြောင်း၊ ယင်းသို့ တင် ပြလာ မှုအပေါ် ဖေဖော်ဝါရီ ၂၀ ရက်တွင် နိုင်ငံတော်သမ္မတက ညွှန်ကြားချက်တစ်ခု ထုတ်ပြန်ခဲ့ကြောင်း ဦးဇော်ဌေးက ပြောကြား သည်။

“တင်ပြချက်များနှင့် ဆောင်ရွက်ချက် များတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ တာ ဝန်ကျေပွန်စွာ မဆောင်ရွက်နိုင်သော လစ် ဟာမှုများ ဖြစ်ပေါ်ခဲ့သော၊ ဥပဒေပြဋ္ဌာန်း ချက်များနှင့် ညီညွတ်မှုမရှိသော တာဝန်ရှိ သူများကို သက်ဆိုင်ရာအဖွဲ့အစည်းက လို အပ်သလို အရေးယူဆောင်ရွက်ရန်ဆိုပြီး ညွှန်ကြားထားတယ်။ သက်ဆိုင်ရာအဖွဲ့ အစည်းတွေက သမ္မတရဲ့ညွန်ကြားချက် အတိုင်း ဆက်ပြီး ဆောင်ရွက်ဖို့ရှိပါလိမ့်မယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

ထို့ပြင်ဗစ်တိုးရီးယားအမှုတွင် ပြည် ထဲရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်နှင့် လူမှုကွန်ရက်စာမျက်နှာတွင် နစ်နာ သူကလေးငယ်၏ ဖခင်အမည်၊ နေ ရပ်လိပ်စာနှင့် အလုပ်အကိုင်များကို ထုတ် ဖော်ပြောကြားခဲ့သည့် အဓိကတာဝန်ရှိသူ ရဲအရာရှိကြီးသုံးဦးကို ရာထူးတိုးရပ်ဆိုင်း သည့် ပြစ်ဒဏ် အရေးယူထားကြောင်း နိုင်ငံ တော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော် ဌေးက မေ ၃၀ ရက်တွင် ပြောကြားသည်။

 “ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီးတော့ အဓိက တာဝန်ရှိတဲ့ ရဲအရာရှိတွေကို ကျွန်တော်တို့ အရေးယူထားတယ်။ အဲဒီတော့ တိတိကျကျပြောရရင် အဓိကတာဝန်ရှိတဲ့ ရဲအရာရှိကြီးသုံးဦးကို အရေးယူထား တယ်။ဘယ်လိုအရေးယူထားလဲဆိုရင် ရာထူးတိုးမြှင့်ခြင်းရပ်ဆိုင်းတဲ့ Promotion Stop ပြစ်ဒဏ်အရေးယူထားတယ်လို့ တင်ပြထားပါတယ်”ဟု ဦးဇော်ဌေးက ပြောကြားသည်။

အစိုးရ၏ အရေးယူဆောင်ရွက်မှုအပေါ်တွင် ဗစ်တိုးရီးယားအမှုကို ဝန်းရံသူများအကြားတွင် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။ လက်ရှိတွင် ဗစ်တိုးရီးယားအမှုသည် ပုံပြင် တစ်ပုဒ်အဖြစ် ကျန်ရစ်ခဲ့သည်။ ထိုသို့သော အကြောင်းအရာများကြောင့် NLD အစိုးရ သက်တမ်းအတွင်း ရဲတပ်ဖွဲ့လုပ်ဆောင်ခဲ့ သည့် တရားဥပဒေစိုးမိုးရေးကို ပြည်သူများ က မေးခွန်းထုတ်ခဲ့ကြသည်။

NLD ပါတီ ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းတွင်လည်း ရဲတပ်ဖွဲ့နှင့်ပတ်သက်၍ ပိုပြီးအသေးစိတ်ကျသည့် အချက် များကို ထည့်သွင်းထားသည်။ ၂၀၁၅ ရွေး ကောက်ပွဲကြေညာစာတမ်းတွင် ရဲတပ်ဖွဲ့ နှင့်ပတ်သက်သည့် အချက်နှစ်ချက်သာပါရှိ သော်လည်း ၂၀၂၀ ရွေးကောက်ပွဲကြေညာ စာတမ်းတွင်မူ အချက်လေးချက်အထိ ထည့် သွင်းထားသည်ကို တွေ့ရသည်။

ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍတွင် ရဲတပ်ဖွဲ့နှင့်ပတ်သက်၍ ပြည်သူတို့ ချစ်ခင် အားကိုးသော ရဲတပ်ဖွဲ့ဖြစ်ရန်၊ တရားဥပဒေ စိုးမိုးရေးအတွက် ဥပဒေနှင့်အညီဆောင်ရွက်သော ရဲတပ်ဖွဲ့ဖြစ်ရန်၊ ဒီမိုကရေစီစံနှုန်း များကို အခြေခံသည့် တည်ငြိမ်အေးချမ်းသော လူမှုအသိုင်းအဝိုင်းထွန်းကားရေး ပံ့ပိုးရန်နှင့် အရည်အသွေးပြည့်ဝသည့် ခေတ်မီတိုးတက်သော ရဲတပ်ဖွဲ့ဖြစ်ရန် ဆိုသည့် အချက်များကို ထည့်သွင်းထားသည်။

ဆက်လက်ဖော်ပြပါမည်။

၂၀၁၅၊ ၂၀၂၀ ဘာကွာသလဲနှင့် NLD ၏ အထွေထွေ ရွေးကောက်ပွဲကြေညာစာတမ်းကို သုံးသပ်ခြင်း (၁) 

၂၀၁၅၊ ၂၀၂၀ ဘာကွာသလဲနှင့် NLD ၏ အထွေထွေ ရွေးကောက်ပွဲကြေညာစာတမ်းကို သုံးသပ်ခြင်း (၂) 

၂၀၁၅၊ ၂၀၂၀ ဘာကွာသလဲနှင့် NLD ၏ အထွေထွေ ရွေးကောက်ပွဲကြေညာစာတမ်းကို သုံးသပ်ခြင်း (၃) 

Most Read

Most Recent