၂၀၁၅၊ ၂၀၂၀ ဘာကွာသလဲနှင့် NLD ၏ အထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်းကို သုံးသပ်ခြင်း (၁)

၂၀၁၅၊ ၂၀၂၀ ဘာကွာသလဲနှင့် NLD ၏ အထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်းကို သုံးသပ်ခြင်း (၁)
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁ ရက်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ဦးစေတီအနီးရှိ အားကစားကွင်းတွင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောစဉ်
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁ ရက်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ဦးစေတီအနီးရှိ အားကစားကွင်းတွင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောစဉ်
Published 7 September 2020
ဆန်းမိုးထွန်း

(၁)

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၉၄ ပါတီ ရှိသည့်အနက် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီ ၇၆ ပါတီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၁၈ ပါတီရှိသည်။

နိုင်ငံရေးပါတီ ၉၄ ပါတီအနက် ယာယီရပ်ဆိုင်းထားသောပါတီ နှစ်ပါတီရှိသည့်အတွက် ၉၂ ပါတီသာ ရှိကြောင်း သြဂုတ် ၁၄ ရက်တွင် ကော်မရှင်က ထုတ်ပြန်ထားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ် ၃၃၀ တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလျှင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နယ်စီ သတ်မှတ်၍ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ် နှစ်နယ်စီ သတ်မှတ်၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်နယ် ၆၄၄ နယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်အဖြစ် သတ်မှတ်ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် ပြည်သူ့လွှတ်တော်တွင် ၁၉၄၈ ဦး၊ အမျိုးသားလွှတ်တော်တွင် ၉၈၈ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များတွင် ၃၈၈၀ နှင့် တိုင်းရင်းသားလူမျိုးများ မဲဆန္ဒနယ်အတွက် ၂၁၄ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၇၀၃၀ အမည်စာရင်း တင်သွင်းခဲ့သည်။

“နောက်ဆုံး အတည်ပြုတဲ့ စာရင်းအရဆိုရင် လွှတ်တော်အလိုက် ပြည်သူ့လွှတ်တော်မှာ ဆိုလို့ရှိရင် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၈၆၃ ဦးနဲ့ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၇၁ ဦး စုစုပေါင်း ၁၉၃၄ ဦး ရှိပါတယ်။ အမျိုးသားလွှတ်တော်မှာဆိုရင် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်း ၉၄၇ ဦးနဲ့ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၂၉ ဦး စုစုပေါင်း ၉၇၆ ဦး ရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာဆိုရင် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၇၀၀ နဲ့ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၄၇ ဦး စုစုပေါင်း ၃၈၄၇ ဦးရှိပါတယ်။ တိုင်းရင်းသားလူမျိုး လွှတ်တော် မဲဆန္ဒနယ်အတွက်မှာ နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းက ၁၇၉ ဦးနဲ့ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၃၃ ဦး စုစုပေါင်း ၂၁၂ ဦး ဖြစ်ပါတယ်” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော် သုံးရပ်အတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၆၈၉ ဦး၊ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၂၈၀ စုစုပေါင်း ၆၉၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အတည်ပြု ကြေညာထားသည်။

(၂)

လက်ရှိတွင် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ အနေဖြင့် ရွေးကောက်ပွဲ ကြေညာစာတမ်းများကို အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာလျက် ရှိသည်။

ရွေးကောက်ပွဲ ကြေညာစာတမ်း (သို့မဟုတ်) ရွေးကောက်ပွဲ ကတိကဝတ်သည် နိုင်ငံရေးပါတီများ အနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး အစိုးရဖွဲ့နိုင်ပါက မည်သို့ လုပ်ဆောင်ပေးမည်ကို ပြည်သူများအား ကြိုတင်ကြေညာရခြင်း ဖြစ်သည်။ တစ်နည်းဆိုသော် ပြည်သူများ၏ အသည်းကြားက မဲတစ်ပြားကို နိုင်ငံရေး ကတိကဝတ်ပြု၍ တောင်းခံရခြင်းလည်း ဖြစ်သည်။

ပြည်သူများအနေဖြင့်လည်း နိုင်ငံရေးပါတီ၏ ရွေးကောက်ပွဲ ကတိကဝတ်များကိုအပေါ် မူတည်၍ မိမိတို့၏မဲဖြင့် မိမိတို့ ကြိုက်နှစ်သက်သည့်ပါတီ ရွေးချယ်နိုင်သည်။

ထို့ပြင် ပြည်သူများ ရွေးချယ်လိုက်သော ပါတီတစ်ခုအနေဖြင့် အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ရရှိခဲ့ပါက အစိုးရတာဝန် ထမ်းဆောင်စဉ် ကာလအတွင်း ရွေးကောက်ပွဲ ကတိကဝတ်များကို မည်မျှ ကျေပွန်အောင် ဆောင်ရွက်နိုင်သည်ကို ပြည်သူများက အကဲဖြတ်ခွင့်ရမည် ဖြစ်သည်။

ပြည်သူက မဲပေး၍ ရွေးချယ်တင်မြှောက်လိုက်သော ပါတီသည် ရွေးကောက်ပွဲကာလ ကတိကဝတ်များကို အစိုးရတာဝန် ထမ်းဆောင်ချိန်တွင် အောင်မြင်စွာ အကောင်အထည်ဖော်ပေးနိုင်ခြင်း မရှိပါက နောက်တစ်ကြိမ် ရွေးကောက်ပွဲတွင် ပြည်သူများအနေဖြင့် ကတိတည်နိုင်မည့် ပါတီကို မဲပေးရွေးချယ်နိုင်မည် ဖြစ်သည်။

လက်ရှိ အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သည်လည်း စက်တင်ဘာ ၁ ရက်တွင် ရွေးကောက်ပွဲ ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့သည်။

NLD ပါတီ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် (၁) တိုင်းရင်းသားအရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေး၊  (၂) စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး၊ (၃) ရေရှည်တည်တံ့ခိုင်မြဲသည့် လုံခြုံဖွံ့ဖြိုးတိုးတက်ရေး စသည့် ခေါင်းစဉ် သုံးခုဖြင့် ဖွင့်လှစ်ထားသည်။

ခေါင်းစဉ်ခွဲများအဖြစ် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ တိုင်းရင်းသားများအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အားကစား၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ တောင်သူလယ်သမား၊ အလုပ်သမား၊ အမျိုးသမီးနှင့် လူငယ်အစရှိသည်တို့ ပါဝင်သည်။

(၃)

NLD ပါတီ၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်းအကြောင်း မပြောမီ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်းပါ အချက်များကို NLD အစိုးရအနေဖြင့် မည်မျှအထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်ကို လေ့လာသုံးသပ်ကြည့်ရမည် ဖြစ်သည်။

NLD ပါတီ ၂၀၁၅ ရွေးကောက်ပွဲကြေညာစာတမ်း (သို့မဟုတ်) ရွေးကောက်ပွဲ ကတိကဝတ်တွင် (၁) တိုင်းရင်းသားအရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေး။ (၂) တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပေဒေတစ်ရပ် ပေါ်ထွန်းရေး။ (၃) ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ်တစ်ရပ် ပေါ်ပေါက်လာရေး။ (၄) လွတ်လပ် လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေး စသည့်အချက် လေးချက်ဖြင့် ဖွင့်လှစ်ထားသည်။  လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်အောက်တွင် ခေါင်းစဉ်ခွဲ ၁၃ ခုပါရှိသည်။

NLD ပါတီ၏ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်းတွင် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အချက် ခြောက်ချက်ကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

NLD အစိုးရလက်ထက်တွင် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ကောင်းမွန်စွာ အကောင်အထည် မဖော်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း တိုင်းရင်းသားအရေး လေ့လာသူများက ပြောကြားသည်။

တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ခေါင်းစဉ်တွင်ကို ခွဲခြမ်းကြည့်မည်ဆိုလျှင် အကြောင်းအရာ နှစ်ခု ပါဝင်သည်ကို တွေ့ရသည်။ တိုင်းရင်းသားအရေးတွင် တိုင်းရင်းသားအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှုဖြင့် ပြည်ထောင်စုကြီး တစ်ခုလုံးအတွက် ဦးတည် ဆောင်ရွက်မည်၊ လွတ်လပ်ခြင်း၊ တူညီသော အခွင့်အရေးများရရှိခြင်းနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိခြင်းတို့နှင့် ပြည့်စုံသော စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည် ဆောင်ရွက်မည်၊ ပြည်ထောင်စုဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် ပွင့်လင်းမြင်သာသော စီမံချက်များ ချမှတ် ဆောင်ရွက်မည်နှင့် သဘာဝအရင်းအမြစ်များ ထုတ်ယူရာမှ ရရှိလာသည့် အကျိုးအမြတ်များကို ဖက်ဒရယ် ပြည်ထောင်စုမူနှင့်အညီ ဒေသအလိုက် မျှတစွာ ခွဲဝေခံစားခွင့်ရရှိစေရမည် ဆိုသည့် အချက်များကို တွေ့ရသည်။

ယင်းအချက်များအနက် လွတ်လပ်ခြင်း၊ တူညီသော အခွင့်အရေးများရရှိခြင်း နှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိခြင်းတို့နှင့် ပြည့်စုံသော စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်မည် ဆိုသည့်အချက်ကို NLD အစိုးရအနေဖြင့် အကောင်အထည် မဖော်နိုင်ခဲ့ကြောင်း တိုင်းရင်းသားအရေး လေ့လာသူများက ဆိုသည်။

အဘယ်ကြောင့်ဆိုသော် ၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီ အနိုင်ရပြီး အစိုးရဖွဲ့ချိန်တွင် ယင်းပြဿနာမှာ ပေါ်ပေါက်လာခဲ့သည်။ အကြောင်းမှာ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် လွှတ်တော်များတွင် ဌာနေ တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်အများဆုံးဖြင့် အနိုင်ရရှိခဲ့သော်လည်း ဝန်ကြီးချုပ် ခန့်အပ်ရာ၌ သမ္မတက NLD ပါတီမှ အနိုင်ရ ကိုယ်စားလှယ်ကိုသာ ခန့်အပ်ခဲ့သဖြင့် ဌာနေတိုင်းရင်းသား ပါတီများနှင့် NLD ပါတီအကြား သဘောထားကွဲလွဲမှု အကြီးအကျယ် ဖြစ်ခဲ့သည်။

“ NLD အနေနဲ့ ဖက်ဒရယ်စနစ်ကို လိုလားတယ်။ ယုံကြည်တယ်ဆိုရင် ရခိုင်လို နေရာမျိုးမှာ အဲဒီမှာ အများစုနိုင်နေတဲ့ တိုင်းရင်းသားပါတီနဲ့ တိုင်ပင်ပြီး စေ့စပ်ဆွေးနွေးပြီးတဲ့ အခါကျတော့ သူတို့ပါတီက သင့်တော်တဲ့သူရှိရင် သူတို့ပါတီကလူကို ခန့်ပေးတာမျိုးပေါ့။ ဒါက သမ္မတက လုပ်ပေးလို့ရတယ်။ အဲဒါက ရှမ်းပြည်နယ်မှာလည်း လုပ်ပေးလို့ရတယ်။ အဲဒီမှာ သူတို့က ဒါတွေကို လုံးဝ တိုင်ပင်မှုမရှိဘဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို သုံးပြီးတော့ သူတို့ပါတီက လူတွေချည်းပဲ ခန့်လိုက်တာ။ ဒါက စစချင်း ဆောက်နဲ့ထွင်း ဆိုတာမျိုးလိုပေါ့။ တိုင်းရင်းသားတွေနဲ့ သိပ်ပြီးတော့ ညှိညှိနှို်င်းနှိုင်း မလုပ်ချင်ဘူးဆိုတာ ဖော်ပြချက်တစ်ခုပေါ့”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ) က ဆိုသည်။

ပြည်နယ်ဝန်ကြီး မခန့်အပ်ခံရမှုနှင့် ပတ်သက်၍ ဌာနေတိုင်းရင်းသား ပါတီများ က ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်အပေါ် မေးခွန်းထုတ်ခဲ့ပြီး စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည် ဆောင်ရွက်မည်ဆိုပါက ဗဟိုအစိုးရ၏ ချုပ်ကိုင်မှုကို လျှော့ချသင့်ကြောင်း တိုင်းရင်းသားပါတီများက ထောက်ပြမှုရှိခဲ့သည်။

ထို့ပြင် NLD အစိုးရနှင့် တိုင်းရင်းသားများအကြား ပွတ်တိုက်မှုကြီးမားခဲ့သည့် ကိစ္စရပ်များလည်း ရှိခဲ့သည်။ ဥပမာအားဖြင့် မွန်ပြည်နယ် ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟူ၍ အမည်ပေးသည့်ကိစ္စ၊ ကယားပြည်နယ်တွင် ဗိုလ်ချုပ်ရုပ်တု ထားသည့်ကိစ္စများမှာ ဒေသခံ တိုင်းရင်းသားများနှင့် NLD အစိုးရအကြား အပြင်းထန်ဆုံး ပွတ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများလည်း ရှိခဲ့သည်။

“တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့လည်း လက်တွေ့မှာ ဘယ်လိုလုပ်မလဲ ဘာတွေ ပြဿနာဖြစ်နေတာလဲ တိုင်းရင်းသားတွေက ဘယ်လို ခံစားနေရသလဲဆိုတာက နားလည်ပုံမရဘူး။ နားမလည်တဲ့ အခါကျတော့ ဗိုလ်ချုပ်တံတား နာမည်တပ်တဲ့ကိစ္စ၊ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတဲ့ကိစ္စလိုမျိုး အဲဒီဟာတွေတောင်မှ အရင်က မယုံကြည်မှုပြဿနာတွေ ရှိခဲ့တဲ့ဥစ္စာမှာ ထပ်ဆောင်းတဲ့ သူတို့က NLD အစိုးရ တက်လာတဲ့အခါမှာ တိုင်းရင်းသားတွေနဲ့ ပိုပြီးတော့ ချစ်ကြည်ရင်းနှီးရမယ့်အစား ပြဿနာတွေကို ပိုပြီးတွေ့လာရတယ်။ ဆိုတော့ ပြောချင်တာက ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ရေးထားတာတွေက ကောင်းချင်ကောင်းမယ်။ သို့သော် ဘယ်လိုလုပ်မလဲ ဆိုတဲ့ဟာတွေမှာ ကျွန်တော်တို့ အသေးစိတ် Plan တွေ ရှိဖို့လိုတယ်။ ပြဿနာတွေကို နားလည်ဖို့ လိုတယ်။ ပြီးခဲ့တဲ့ ငါးနှစ်မှာ NLD အစိုးရအနေနဲ့ ဘာမှ ထူးထူးခြားခြား မလုပ်နိုင်ဘူး။ ပိုတောင်ဆိုးသွားတယ်လို့ သုံးသပ်ရမယ်”ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ) က မှတ်ချက်ပြုသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို NLD အစိုးရလက်ထက်တွင် ဖွဲ့စည်းခဲ့သော်လည်း အစိုးရသက်တမ်း လေးနှစ်ကျော်အတွင်း ဝန်ကြီးဌာန၏ စွမ်းဆောင်ရည်မှာ အားရဖွယ်ရာ မရှိဟု ဆိုနိုင်ပေသည်။ အစိုးရသက်တမ်း လေးနှစ်ရောက်ရှိချိန်တွင် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆမ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၅ ဦးဖြင့် တိုင်းရင်းသားရေးရာကော်မတီ (ဗဟို) ကို ဖွဲ့စည်းခဲ့သည်။

တိုင်းရင်းသားဒေသရှိ တိုင်းရင်းသားပါတီအချို့ ပါတီပေါင်းစည်း၍ ရွေးကောက်ပွဲဝင်မည့် အခြေအနေကို တုံ့ပြန်နိုင်မည့် မဟာဗျူဟာတစ်ရပ် NLD ပါတီတွင် ရှိသင့်ကြောင်း ၂၀၁၉ စက်တင်ဘာတွင် ကျင်းပသည့် ပါတီဗဟိုကော်မတီ အစည်းအဝေး၌ ဗဟိုကော်မတီဝင်များ၏ ဆွေးနွေးမှုအပေါ် မူတည်၍ တိုင်းရင်းသားရေးရာကော်မတီ ဖွဲ့စည်းခြင်းဖြစ်ကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားထားသည်။

လက်ရှိတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်စသည့် ပြည်နယ် ငါးခုမှ တိုင်းရင်းသားပါတီများသည် ပါတီပေါင်းစည်းရေး လုပ်ဆောင်၍ တစ်ပါတီတည်းအဖြစ် ရပ်တည်နေပြီ ဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး မဲဆန္ဒနယ်အများစုတွင် NLD ပါတီ အနိုင်ရခဲ့သော်လည်း တိုင်းရင်းသား ဒေသများဖြစ်သည့် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် နေရာအများစု ရှုံးနိမ့်ခဲ့သည်။

ထို့ပြင် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်က ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ နှစ်ကြိမ်တွင်လည်း ကချင်၊ မွန်၊ ရှမ်း၊ ရခိုင် စသည့် တိုင်းရင်းသားဒေသ မဲဆန္ဒနယ်များကို အနိုင်ရခဲ့ခြင်းမရှိသဖြင့် ယခု NLD ပါတီ က ဖွဲ့စည်းသည့် တိုင်းရင်းသားရေးရာကော်မတီသည် တိုင်းရင်းသား မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲအောင်နိုင်ရေး အဓိက ဆောင်ရွက်နိုင်ကြောင်း တိုင်းရင်းသားပါတီများက ရှုမြင်ခဲ့ကြသည်။  

“ကျွန်တော့်အမြင်ကတော့ NLD ရဲ့ မူဝါဒနဲ့ တိုင်းရင်းသားအရေးမှာ လိုအပ်ချက်ရှိနေတုန်းပဲလို့ မြင်ပါတယ်။ ပထမအချက်ကတော့ ဥပဒေအတွင်း မြေပေါ်တိုင်းရင်းသား ပါတီတွေနဲ့ပတ်သက်လို့ မိတ်ဖက်ပါတီ ဆိုတာထက် ဆွေးနွေးဖက်ပါတီပေါ့။ အဲဒီပြည်နယ်တွေမှာရှိတဲ့ သူ့အထိုက်အလျောက် အနိုင်ရတဲ့ တိုင်းရင်းသား ပါတီတွေကို ဆွေးနွေးဖက် ပါတီတွေအဖြစ် သဘောထားပြီးတော့ အဲဒီပြည်နယ်တွေရဲ့ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ သူတို့နဲ့ ဆွေးနွေးဖြေရှင်းတာမျိုး မတွေ့ရဘူး။ ဒါဟာ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး ဥပဒေအတွင်းမှာ အရေးကြီးတဲ့အချက်ပါ”ဟု တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က ပြောကြားသည်။

ပြည်တွင်း ငြိမ်းချမ်းရေးတွင်လည်း ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ၏ အရင်းအမြစ်များကို ဖယ်ရှားရန် အာဃာတကင်းစင်ပြီး ပင်လုံစိတ်ဓာတ်ကို အခြေခံသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် ပြည်သူ့ဘဝ လုံခြုံအေးချမ်းစေမည်အချက်နှင့် တိုင်းရင်းသားများ အချင်းချင်းကြား ဖြစ်ပေါ်သော ပြဿနာများကို အပြန်အလှန်လေးစားမှုဖြင့် စားပွဲဝိုင်းဖြေရှင်းနည်းဖြင့် ဖြေရှင်းမည့် အချက်များကိုလည်း NLD အစိုးရအနေဖြင့် အပြည့်အဝ အကောင်အထည် ဖော်ဆောင်နိုင်ခြင်းမရှိကြောင်း သုံးသပ်မှုများ ရှိနေသည်။

အဘယ်ကြောင့်ဆိုသော် NLD အစိုးရအနေဖြင့် အစိုးရတာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် ငြိမ်းချမ်းရေးကို ပထမဦးစားပေးအဖြစ် လုပ်ဆောင်ခဲ့သော်လည်း အဓိက တိုက်ပွဲများ ဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် NCA လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ 

NLD အစိုးရသက်တမ်းအတွင်း မွန် နှင့် လားဟူအဖွဲ့ နှစ်ဖွဲ့သာ NCA လက်မှတ် ရေးထိုးထားပြီး တိုင်းရင်းသား လက်နက်ကိုင် အင်အားကြီးအဖွဲ့ဖြစ်သည့် “၀” အဖွဲ့ ဦးဆောင်သော မြောက်ပိုင်း ခုနစ်ဖွဲ့နှင့် NCA လက်မှတ် ရေးထိုးရေးမှာ အလှမ်းဝေးနေဆဲ ဖြစ်သည်။ “၀” ဦးဆောင်သည့် FPNCC အဖွဲ့တွင် TNLA , AA, MNDAA, KIA, SSPP နှင့်  NDAA အဖွဲ့တို့ ပါဝင်သည်။

မြောက်ပိုင်း မဟာမိတ်လေးဖွဲ့ဖြစ်သည့်  KIA, TNLA, MNDAA နှင့် AA အဖွဲ့နှင့် အစိုးရက Bilateral လက်မှတ် ရေးထိုးရေးရန် ကြိုးစားနေသော်လည်း ဝေ၀ါးနေဆဲ အခြေအနေသာ ဖြစ်သည်။

နောက်ဆုံး ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေး တက်ရောက်ရန် အစိုးရက AA အဖွဲ့ကို မဖိတ်ကြားသဖြင့် “၀”အဖွဲ့ ဦးဆောင်သည့် FPNCC အဖွဲ့က အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်း မရှိခဲ့သဖြင့် ငြိမ်းချမ်းရေးဝေးနေဦးမည် ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ 

ထို့ပြင် NLD အစိုးရ သက်တမ်းအတွင်း NCA လက်မှတ် ရေးထိုးနိုင်လိမ့်မည်ဟု အများက ထင်ကြေးပေးခံရသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် လည်း လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍လည်း NLD အစိုးရ သက်တမ်းအတွင်း လုပ်ဆောင်မှုများမှာ အားရကျေနပ်ဖွယ်ရာ မရှိကြောင်း တိုင်းရင်းသားများနှင့် နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

“တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကတော့ NLD အစိုးရလက်ထက်မှာ လိုအပ်ချက်တွေ အများကြီးရှိသေးတယ်။ နောက်ပြန်မကျသွားအောင်ပဲ ကြိုးစားခဲ့ရတယ်ဆိုတဲ့ အခြေအနေမျိုးပဲ ရှိပါသေးတယ်။ အောင်မြင်မှုရဖို့တော့ အများကြီး ကြိုးစားရဦးမယ် ထင်ပါတယ်”ဟု တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက မှတ်ချက်ပြုသည်။

NLD အစိုးရ သက်တမ်းအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေး လေးကြိမ် ကျင်းပခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁)နှင့်(၂) တွင် အချက်ပေါင်း ၅၁ ချက်ကို ချုပ်ဆိုနိုင်ခဲ့သည်။ သို့သော် ယင်း ၅၁ ချက်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို သွားမည့် အခြေခံမူများ ပါဝင်နိုင်ခြင်း မရှိခဲ့ပေ။

သို့သော် နောက်ဆုံး ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတွင်မူ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ ငါးချက် အပါအဝင် သဘောတူညီချက် ၂၀ ကို ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း (၃)အဖြစ် ချုပ်ဆိုခဲ့သည်။

အဆိုပါ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃)တွင် အပိုင်း သုံးပိုင်း ပါဝင်ပြီး အပိုင်း(၁)၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက် ၁၅ ချက်၊ အပိုင်း (၂) ၌ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား-၁) နှင့် အပိုင်း (၃) ၌ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက် ငါးချက်တို့ ပါဝင်ခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးမောင်မောင်စိုးက “ပြည်တွင်း ငြိမ်းချမ်းရေးမှာတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကတော့ အရွေ့တစ်ခုကို ရွေ့အောင်လုပ်ဖို့အတွက် လုပ်လည်း လုပ်နိုင်ခဲ့တယ်လို့ ကျွန်တော်ကတော့ သိပ်မမြင်ဘူး။ သာမန် သဘောတူညီချက်တချို့ရအောင် လုပ်တာမျိုးပဲရှိပြီးတော့ အရွေ့တစ်ခု ရွေ့အောင် စွမ်းဆောင်နိုင်ခဲ့တာတော့ မရှိဘူးလို့ပဲ ပြောရမယ်”ဟု  ဆိုသည်။

NLD ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင်လည်း တိုင်းရင်းသားအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ထည့်သွင်းထားပြီး ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ အချက်အများစု ပြန်လည်ပါဝင်လာသည်။

NLD ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်း၌ ပါရှိသည့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ခေါင်းစဉ်အောက်တွင် အချက် ခုနစ်ချက်ကို ဖော်ပြထားသည်။

ယင်းအချက်များမှာ (၁) တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးများနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး။ (၂) တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းရေး။ (၃) ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ၏ အရင်းအမြစ်များကို ဖြေရှင်းနိုင်ရန် အပြန်အလှန်လေးစားမှုရှိသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများဖြင့် ညှိနှိုင်းအဖြေရှာရေး၊ ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေး။ (၄) ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်တံ့ခိုင်မြဲရေးတို့အတွက် ပြည်ထောင်စုစိတ်ဓာတ် အခြေခံ၍ ထာဝစဉ် လက်တွဲနေထိုင်ရေး။ (၅) တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေး လက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး။ (၆) ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး။(၇) သဘာဝအရင်းအမြစ်များမှ ရရှိလာသည့် အကျိုးအမြတ်များကို ဖက်ဒရယ်ပြည်ထောင်စုမူနှင့်အတူ ဒေသအလိုက် မျှတစွာခွဲဝေ ခံစားခွင့်ရရှိရေးတို့ ဖြစ်သည်။

(၄)

ဖွဲ့စည်းပုံပြင်ဆင်ရေးသည် NLD ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ပါဝင်ခဲ့သည့် အဓိကအချက် တစ်ချက်လည်း ဖြစ်သည်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက် ပေးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပေဒေတစ်ရပ် ပေါ်ထွန်းရေးဆိုသည့် ရွေးကောက်ပွဲ ကတိကဝတ်ဖြင့် NLD ပါတီက မဲဆွယ်စည်းရုံးခဲ့သည်။

သို့သော် NLD အစိုးရသက်တမ်းအတွင်း ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာလည်း အောင်မြင်မှု မရှိပေ။ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း အစိုးရသက်တမ်း လေးနှစ်သို့ ရောက်ရှိမှသာ ပြင်ဆင်ရန် ကြိုးပမ်းမှုအပေါ် ဝေဖန်ထောက်ပြမှုများ ရှိခဲ့သည်။

“သူရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုပြီး ပါခဲ့တယ်။ ပါခဲ့ပြီးတော့ တောက်လျှောက် မလုပ်လာဘူး။ မလုပ်လာတဲ့အခါမှာ ထောက်ပြဝေဖန် ပြောဆိုတာလေးတွေလည်း ရှိလာတာပေါ့။ အဲဒီလိုရှိလာတဲ့အချိန်မှာပဲ သူလည်း သက်တမ်းရဲ့ နောက်ဆုံးနှစ်မှာ လွှတ်တော်ထဲမှာ ကြိုးစားခဲ့တာလေး တွေ့ရတာပေါ့။ အရှေ့ပိုင်းမှာ အချိန်တွေ အများကြီး လွှတ်တော် ပထမနှစ်၊ ဒုတိယနှစ်တွေမှာ လုပ်မယ်ဆိုရင် လုပ်လို့ရလျက်သားနဲ့ ဘာဖြစ်လို့ မလုပ်ခဲ့သလဲဆိုတဲ့ မေးခွန်းတော့ ရှိခဲ့တယ်။ အဖြေကတော့ ကာယကံရှင်တွေပဲ သိပါလိမ့်မယ်”ဟု ပွင့်လင်းမြန်မာ့ရှေ့ဆောင် (OMI) မှ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်က ပြောကြားသည်။

ဖွဲ့စည်းပုံပြင်ဆင်ရန် လွှတ်တော်အတွင်း ကြိုးပမ်းချိန်တွင် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များအကြား ပွတ်တိုက်မှုကြီးမားခဲ့ပြီး အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ဝေးသထက် ဝေးကွာခဲ့သည့် အခြေအနေမျိုးဖြစ်ခဲ့ကြောင်း သုံးသပ်မှုများရှိခဲ့သည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ နှင့်ပတ်သက်၍ တပ်မတော်နှင့် အတိုက်အခံပါတီများဘက်က ပြင်ဆင်ရန် ဥပဒေကြမ်း တင်သွင်းခဲ့သော်လည်း NLD လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှု မရှိသည့်အတွက် ပြင်ဆင်ရန် မအောင်မြင်ခဲ့ပေ။ ယင်းကိစ္စအပေါ်တွင်လည်း NLD ပါတီနှင့် တိုင်းရင်းသား ပါတီများအကြား အမြင်မကြည်လင်မှုများက ရှိခဲ့သည်။

“စစ်မှန်တဲ့ ဖက်ဒရယ် တည်ဆောက်ဖို့ဆိုတာ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တူညီတဲ့ အခွင့်အရေးရခြင်း၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ဥစ္စာတွေက သူတို့ရှည်ရှည်ဝေးဝေး လျှောက်ပြီးတော့ ပြောမနေနဲ့။ ပြီးခဲ့တဲ့ ဖွဲ့စည်းပုံပြင်တုန်းက ၂၆၁ ပြင်ပါမယ်ဆိုပြီးတော့ တပ်နဲ့ ပြည်ခိုင်ဖြိုးက အလံစိမ်းရိုက်တာတောင် သူတို့က သဘောမတူခဲ့ဘူး။ လုံးဝတောင် ထည့်မစဉ်းစားဘူး။ ဒါကြောင့် ဖက်ဒရယ် သွားချင်တယ်ဆို ဘယ်ဟာကို ကြည့်ပြီး ယုံရမှာလဲ”ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ) က မေးခွန်း ထုတ်သည်။

အနှစ်ချုပ်သော် NLD အစိုးရသက်တမ်းအတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းမှုတွင် အရေးကြီးသည့် ပုဒ်မများကို ပြင်ဆင်နိုင်ခဲ့ခြင်းမရှိဘဲ မသန်စွမ်းနှင့် သက်ကြီးရွယ်အို စသည့် စကားရပ်တွေကိုသာ ပြင်ဆင်နိုင်ခဲ့သည့်အတွက် ပြည်သူများအတွက်တော့ ခဲလေသမျှ သဲထဲရေသွန် ဖြစ်ခဲ့ရသည်။

သို့သော် ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ ဖွဲ့စည်းပုံပြင်ဆင်ခြင်းမှာ အကန့်အသတ်များ ရှိသည့်အတွက် အောင်မြင်ခြင်း မရှိခဲ့ကြောင်း NLD ပါတီ ဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ဆိုသည်။

“အသိသာ အထင်သာဆုံးကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စဆို ဒါ ထင်သာမြင်သာ အရှိဆုံးပဲ။ ကျွန်တော်တို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့မူက လွှတ်တော်ထဲမှာပဲ ပြင်မယ်ဆိုတဲ့မူ ရှိတာကို။ အဲဒီတော့ လွှတ်တော်ထဲမှာတော့ သာမန်ကြည့်လိုက်ရင်ကိုပဲ ဘယ်လိုမှ ပြင်လို့မရဘူး ဆိုတဲ့ဟာက ပေါ်လွင်ပါတယ်။ ၇၅ ရာခိုင်နှုန်း ဘယ်လိုမှ မကျော်နိုင်ဘူးဆိုတာက ပေါ်လွင်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့မူကိုက လွှတ်တော်ရှိနေတဲ့အတွက်ကြောင့် လွှတ်တော်ထဲမှာပဲ ပြင်လို့ရအောင် ပြင်မယ်ဆိုတဲ့မူ ရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ပြင်လို့မလွယ်ဘူးဆိုတာ သိပေမဲ့လို့ လွှတ်တော်ထဲက ရအောင်ပြင်မယ်ဆိုတဲ့ ကြိုးစားမှု အားထုတ်မှုကို လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ မေးစရာရှိတယ်။ ပြင်လို့မရတဲ့ဟာကို ဘာဖြစ်လို့ ပြင်နေတာလဲလို့ မေးစရာရှိတယ်။ ကျွန်တော့်အမြင်ကတော့ ပြင်လို့မရဘူးဆိုတာထက် ကျွန်တော်တို့ ကြိုးစားသလား မကြိုးစားဘူးလားဆိုတာကို ပြည်သူလူထုကို သိစေချင်တယ်။ တစ်အချက်က။ နှစ်အချက်က ပြင်လို့ အောင်မြင်သလား မအောင်မြင်ဘူးလား ဆိုတာထက် ပြည်သူလူထုက ပြင်ဖို့ကြိုးစားတဲ့ နိုင်ငံရေးပါတီအပေါ်မှာ ဆက်ပြီးတော့ ထောက်ခံမှုရှိသလား မရှိဘူးလား အဲဒီဟာကို ကျွန်တော်တို့ သိအောင် စမ်းသပ်တဲ့သဘောပဲလို့ ပြောချင်ပါတယ်”ဟု မုံရွာအောင်ရှင်က ပြောကြားသည်။

NLD ပါတီ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို မရရအောင် ပြင်မည်ဟု ပြောထားခြင်းမရှိသည့်အတွက် ကတိမတည်ဟု ပြောကြား၍မရကြောင်း ပွင့်လင်းရှေ့ဆောင် အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်က သုံးသပ်သည်။

“တကယ်တော့ ဘယ်လိုနည်းလမ်းတွေနဲ့ ပြင်ဆင်မယ်ဟာမျိုး ပြောနိုင်ရင်တော့ ပိုကောင်းတာပေါ့။ လွှတ်တော်ထဲကနေပဲ ဆက်ကြိုးစားမှာလား။ ဒါမှမဟုတ် လွှတ်တော်ပြင်ပကနေပဲ သွားမှာလား။ နောက်တစ်ခါ ကျွန်တော်တို့တွေက ထားတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်တယ်ဆိုတာက သူတို့လုပ်နေတဲ့ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကနေ သဘောတူညီချက်တွေ ရအောင် ယူနိုင်မယ်ဆိုရင်လည်း အဲဒီသဘောတူညီချက်တွေနဲ့ ဖွဲ့စည်းပုံကို ပြင်လို့ရတာမျိုးတွေ ရှိတယ်။ လွှတ်တော်ထဲကမှ မဟုတ်ဘူး။ လမ်းပေါ်ထွက်မှမဟုတ်ဘဲနဲ့။ အဲဒီလိုသေချာတဲ့ နည်းလမ်းတစ်ခုခုကို ပြောရင်တော့ ပိုပြီးတိကျမယ်လို့ ထင်တယ်။ အခုကတော့ ယေဘုယျဆန်နေတုန်းပါပဲ”ဟု ၎င်းက ဆိုသည်။

NLD အစိုးရလက်ထက်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးသာမက ပြည်သူများအပေါ် ဖိနှိပ်ထားသည့် ဥပဒေများအား ပြင်ဆင်၊ ပယ်ဖျက်၊ ပြဋ္ဌာန်းရာတွင်လည်း အားနည်းမှုများရှိနေကြောင်း သုံးသပ်မှုများက ရှိနေသည်။

NLD ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ဥပဒေပြုရေးနှင့် ပတ်သက်၍ ပြည်သူလူထုအကျိုးကို ရှေးရှုသည့် ဥပဒေများကို လိုအပ်သကဲ့သို့ ပြင်ဆင်ပြဋ္ဌာန်းမည်၊ ပြည်သူလူထု ရသင့်ရထိုက်သော လွတ်လပ်မှုနှင့် လုံခြုံမှုကို ထိပါးစေသည့် ဥပဒေများအား ဖျက်သိမ်းမည်နှင့် အခြေခံဥပဒေက အာမခံထားသော အခွင့်အရေးများကို ထိရောက်စွာကာကွယ်၍ ခေတ်နှင့်အညီ မြှင့်တင်သွားမည်ဆိုသည့် အချက်များကို ဖော်ပြထားသည်။

ပြည်သူလူထုအကျိုးကို ရှေးရှုသည့် ဥပဒေများကို လိုအပ်သကဲ့သို့ ပြင်ဆင်ပြဋ္ဌာန်းမည်ဆိုသည့် အချက်တွင်လည်း အားနည်းမှုများရှိခဲ့ပြီး အပြည့်အဝ အကောင်အထည်ဖော်ဆောင်နိုင်ခြင်း မရှိကြောင်း ဥပဒေပညာရှင်များက သုံးသပ်သည်။

“ဥပဒေတွေက အမှန်မှန်ကတော့ တော်တော်များများက အထင်လွဲနေကြတယ်။ ဥပဒေတွေက တပ်မတော်သား ၂၅ ရာခိုင်နှုန်းထဲက တစ်ယောက်ပါမှ ဥပဒေပြုလို့ရတယ်ဆိုပြီးတော့ အထင်လွဲကြတယ်။ အမှန်က ဖွဲ့စည်းပုံအခြေခံဥပဒေကလွဲရင် တခြားသော ဥပဒေတွေကို ပြင်ဆင်မယ် ပြု ပြင်ပြောင်းလဲမယ်။ အသစ်ပြဋ္ဌာန်းမယ် ဆိုလို့ရှိရင် လွှတ်တော်ထဲမှာရှိတဲ့ ၅၀ ရာခိုင် နှုန်းကျော်တာနဲ့တစ်ပြိုင်နက်တည်း ဥပဒေ တွေကို ပြင်ဆင်ပြောင်းလဲတာ လုပ်နိုင် တယ်။ ဒါပေမဲ့ လွှတ်တော်တွေမှာ ကုန်ကျရ တဲ့စရိတ်နဲ့ ကာမိအောင် ဥပဒေအသစ်တွေ ပြဋ္ဌာန်းနိုင်လားဆိုတော့လည်း မပြဋ္ဌာန်းနိုင် ဘူးလို့ပဲ ဝမ်းနည်းစွာနဲ့ ပြောရမှာပဲ။ ဥပဒေပြ ဋ္ဌာန်းမှုအပိုင်းမှာလည်းပဲ အရေအတွက်ပိုင်း က ပြီးခဲ့တဲ့ အစိုးရထက် သာချင်သာကောင်း သာနိုင်တယ်။ ဒါပေမဲ့ အရည်အသွေးပိုင်းမှာ တော့ အများကြီး မေးခွန်းထုတ်စရာတွေ ရှိနေတယ်။ ဘယ်လိုဥပဒေမျိုးတွေကို ပြင်ခဲ့ တယ်။ ဘယ်လိုပြင်ခဲ့တယ်။ ဘယ်လောက် ပြင်ခဲ့တယ်ဆိုတာကလည်း ထည့်သွင်းစဉ်းစားရမယ့်ကိစ္စဖြစ်တယ်။ ပြင်ဆင်တဲ့ ဥပဒေ အရေအတွက်တွေ၊ ပြဋ္ဌာန်းတဲ့ဥပဒေအရေ အတွက်တွေ များရုံလည်းပဲ ဒီဥပဒေတွေဟာ အရည်အသွေးပြည့်မီတဲ့ဥပဒေတွေ၊ တရား မျှတမှုရရှိတဲ့ဥပဒေတွေလို့ ကောက်ချက်ချ လို့ မရဘူး။ ဥပဒေပြုကဏ္ဍရဲ့ပြဋ္ဌာန်းလိုက်တဲ့  ဥပဒေတွေရဲ့ အရည်အသွေးဟာဆိုလို့ရှိရင် လည်းပဲ အရည်အသွေးရှိတဲ့ ဥပဒေမျိုးက နည်းပါတယ်။ လွှတ်တော်တွေမှာ ပုံမှန် ဥပဒေတွေ ပြဋ္ဌာန်းတာမျိုးက များတယ်။ အထူးသဖြင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ် တော်တွေမှာဆိုလို့ရှိရင် ဘတ်ဂျက်ဥပဒေ လောက်၊ စီမံကိန်းဥပဒေလောက် အစိုးရ အဖွဲ့ ပုံမှန်အလုပ်လုပ်ဖို့ အတွက် လိုအပ်တဲ့ ဥပဒေတွေကိုပဲ လွှတ်တော်တွေက ပြဋ္ဌာန်း တာကို တွေ့ရတယ်။ ပြည်သူလူထုအတွက် လိုအပ်နေတဲ့ တခြားသော ဥပဒေတွေကို ပြု ပြင်ပြောင်းလဲမှုအပိုင်းမှာတော့ လွှတ် တော်တွေအနေနဲ့ တော်တော်လေးကို အား နည်းတယ်လို့ ပြောရမယ်”ဟု ဥပဒေပညာရှင် ဒေါက်တာညိုညိုသင်းက သုံးသပ်သည်။

ပြည်သူလူထု ရသင့်ရထိုက်သော လွတ်လပ်မှုနှင့်လုံခြုံမှုကို ထိပါးစေသည့် ဥပဒေများအား ဖျက်သိမ်းမည်ဆိုသည့် အချက်ကိုလည်း အကောင်အထည်မဖော် နိုင်ခဲ့ကြောင်း ဥပဒေပညာရှင်များက မှတ်ချက်ပြုသည်။

ဥပမာအားဖြင့် ပြည်သူများ၏ လွတ် လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်ထား သည့် ငြိမ်းစုစီဥပဒေ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ၆၆(ဃ)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)နှင့် ၁၂၄(က) တို့မှာ NLD အစိုးရလက်ထက် တွင် တရားစွဲဆိုရာ၌ အများဆုံးအသုံးပြုခဲ့ သည့် ပုဒ်မများဖြစ်သည်။ အဆိုပါပုဒ်မများ ကို ပယ်ဖျက်ပေးရန် တောင်းဆိုမှုများရှိခဲ့သော် ပယ်ဖျက်ခဲ့ခြင်းမရှိခဲ့ပေ။ ထို့ပြင် ၂၀၁၇ တွင် အသစ်ပြဋ္ဌာန်းလိုက်သည် နိုင်လွတ်လုံ ဥပဒေမှာလည်း ရည်ရွယ်ချက် ကောင်းသော်လည်း လိုသလိုအသုံးချမှုများ ရှိခဲ့သဖြင့် လွှတ်တော်က ပြင်ဆင်ခဲ့ရသည်။

“ပြီးခဲ့တဲ့ ၂၀၁၅ရွေးကောက်ပွဲ ကြေညာစာတမ်းမှာပါတဲ့ NLD ရဲ့ ဥပဒေပြုပြင် ပြောင်းလဲရေး ကတိကဝတ်တွေဟာ တကယ် လက်တွေ့လုပ်ဆောင်ခွင့်ရခဲ့ပါလျက်နဲ့ မအောင်မြင်ခဲ့ဘူးလို့ သုံးသပ်ရပါမယ်။ ဆိုရှယ်မီဒီယာကိုအသုံးပြုပြီး ဝေဖန်ရေးသားသူတွေကို ဖိနှိပ်တရားစွဲဆိုလို့ရတဲ့ ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ချက်တွေမှာဆိုရင်လည်း ပြစ်ဒဏ်ကိုသာ သုံးနှစ်ကနေ နှစ်နှစ်အထိ လျှော့ချပေးခဲ့တာဖြစ်လို့ တရားစွဲဆိုခံရမှုတွေ ဆက်လက်ဖြစ်ပေါ်ခဲ့တယ်။ ငြိမ်းစုစီ ဥပဒေပြင်ဆင်ချက်ကလည်း အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အကြံပြုတိုက်တွန်းချက် တွေကို လျစ်လျူရှုခဲ့တဲ့အတွက် အားနည်းချက်များ စွာကျန်ရှိနေပြီး ဆန္ဒပြဖို့ ကြိုတင် အကြောင်းမကြားသူရော၊ အကြောင်းကြား သူတွေပါ တရားစွဲခံနေရဆဲဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အသစ်ပြဋ္ဌာန်းခဲ့တဲ့ နိုင်လွတ် လုံဥပဒေဆိုရင်လည်း လူထုရဲ့လွတ်လပ်ခွင့်ကို အမှန်တကယ် အကာအကွယ်မပေးနိုင် ဘဲ အစိုးရနဲ့တပ်မတော်အပေါ် ဝေဖန်သူ တွေကိုသာ တရားစွဲဖို့ အသုံးချလက်နက် ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက အဲဒီ နိုင်လွတ်လုံဥပဒေကို ပြင်ဆင်ခဲ့အတွက် ပြည်သူတွေကို တရားစွဲလို့မရတော့တာ တစ်ခုပဲ ကောင်းကွက်ရှိပါတယ်။ ဥပဒေပြု ရေးကို ခြုံငုံသုံးသပ်ရရင် ၅(ည)ကို ပယ်ဖျက် နိုင်ခဲ့တာကလွဲရင် အပေါ်က ဥပဒေတွေ အပြင် ရာဇသတ်ကြီးမှာပါတဲ့ ၅၀၅ တို့၊ ၁၂၄ (က) တို့ကိုပါ မပြင်ဆင်နိုင်ဘဲ ဆက်လက် အသုံးပြုခဲ့တာကို တွေ့ရှိရပါတယ်။ တရား စီရင်ရေးစနစ်မှာဆိုရင်လည်း အစိုးရနဲ့တပ် မတော် သဘောကျ စီရင်ဆုံးဖြတ်နေကြဆဲ ဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့၊ အကျင့် ပျက်ခြစားမှုကင်းတဲ့ တရားစီရင်ရေးကို မသွားနိုင်ခဲ့အတွက် ၂၀၁၅ ရွေးကောက်ပွဲ ကတိကဝတ်တွေကို NLD ဘက်က ပျက် ကွက်ခဲ့တယ်လို့ ပြောလို့ရပါတယ်”ဟု အသံ အဖွဲ့အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခ က ပြောကြားသည်။

ထိုသို့သောအခြေအနေများကြောင့် အခြေခံဥပဒေက အာမခံထားသော အခွင့်အရေးများကို ထိရောက်စွာ ကာကွယ်၍ ခေတ်နှင့်အညီ မြှင့်တင်သွားမည်ဆိုသည့်အချက်မှာ အကောင်အထည် မဖော်နိုင်သကဲ့သို့ ဖြစ်ခဲ့ရသည်။

“အရပ်သားအစိုးရလက်ထက်မှာ မြန် မာနိုင်ငံရဲ့ လွတ်လပ်စွာပြောဆိုခွင့်ဟာ ကမ္ဘာမှာ ကျသွားခဲ့တယ်။ အဲဒါက အခုလွှတ် တော်တွေက လုပ်တဲ့ ဥပဒေတွေကြောင့်ပဲ။ ငြိမ်းစုစီဥပဒေက အတည်မဖြစ်သေးပေမဲ့ သူ့ရဲ့ ပြင်ဆင်ချက်ကို ကြည့်လိုက်တဲ့အခါမှာ ဒီမိုကရေစီအစိုးရ လက်ထက်မှာ ဘယ်လိုဖြစ် သင့်ဖြစ်ထိုက်တဲ့ ဥပဒေမဟုတ်တာကို တွေ့ ရတယ်။ ၆၆(ဃ)လို တခြားသောဥပဒေတွေ ပေါ့။ လူထုကို ဖိနှိပ်တဲ့ဥပဒေတွေကို ပြင်ဆင် တဲ့အပိုင်းမှာ ပယ်ဖျက်တဲ့အပိုင်းမှာ ဒီလွှတ် တော်ကြီးအနေနဲ့ အရှေ့ကလွှတ်တော်ထက် တောင် ပိုပြီးတော့ အားနည်းတယ်လို့ ပြော ရမယ်”ဟု ဒေါက်တာညိုညိုသင်းက ဆို သည်။

NLD ပါတီ၏ ၂၀၂၀ ရွေးကောက် ပွဲကြေညာစာတမ်းတွင်လည်း စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုဖြစ် ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးဆိုသည့်အချက် ပါဝင်ခဲ့ပြီး ဥပဒေပြုရေးကိုလည်း ခေါင်းစဉ်တစ်ခုအဖြစ် ထည့်သွင်းထားသည်။

ဥပဒေပြုရေး ခေါင်းစဉ်အောက်တွင် (၁) ခေတ်စနစ်နှင့် ညီညွတ်သော ဥပဒေများ ဖြစ်စေရန်။ (၂) ဒီမိုကရေစီ စံနှုန်းစံထားနှင့် ကိုက်ညီမှုရှိစေရန်။ (၃) လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ညီညွတ်မှုရှိစေရန်။ (၄) ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ခြယ်သော ဥပဒေမျိုး မဖြစ်စေရန်။ (၅) နိုင်ငံတကာ စာချုပ်စာတမ်းများ၊ ကွန်ဗင်းရှင်းများ၏ ဆုံးဖြတ်ချက်များနှင့် ဆီလျော်စေရန်။ (၆) ပြည်သူများအကြား သဟဇာတဖြစ်ရေး၊ သွေးစည်းညီညွတ်ရေးကို မြှင့်တင်နိုင်စေရန် စသည့်အချက်များ ပါဝင်သည်။

ဆက်လက်ဖော်ပြပါမည်

 

Most Read

Most Recent