၂၀၁၅၊ ၂၀၂၀ ဘာကွာသလဲနှင့် NLD ၏ အထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်းကို သုံးသပ်ခြင်း (၂)

၂၀၁၅၊ ၂၀၂၀ ဘာကွာသလဲနှင့် NLD ၏ အထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်းကို သုံးသပ်ခြင်း (၂)
 ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁ ရက်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ဦးစေတီအနီးရှိ အားကစားကွင်းတွင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောစဉ်
 ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁ ရက်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ဦးစေတီအနီးရှိ အားကစားကွင်းတွင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောစဉ်
Published 14 September 2020
 ဆန်းမိုးထွန်း

ယခင်အပတ်မှအဆက်

(၅)

NLD ပါတီ၏ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ပြည်သူလူထု အားတရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ်တစ်ရပ် ပေါ်ပေါက်လာရေးသည် အချက်တစ်ချက်အဖြစ် ပါဝင်လာသည်။

ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ်တစ်ရပ် ပေါ်ပေါက်လာရေးနှင့် ပတ်သက်ပြီး (၁) နိုင်ငံတော်အသုံးစရိတ် သက်သာနိုင်ရန်နှင့် စွမ်းဆောင်ရည်ပြည့်၍ ကျစ်လျစ်သော အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရန် ဝန်ကြီးဌာနများကို လျှော့ချသွားမည်နှင့် (၂) အဂတိကင်းစင်သော လူ့အသိုင်းအဝိုင်း ဖော်ဆောင်ရန် လိုအပ်သကဲ့သို့ ထိရောက်စွာ ဆောင်ရွက်မည်ဆိုသည့် အချက် နှစ်ချက်ကို ထည့်သွင်း ဖော်ပြထားသည်။

နိုင်ငံတော်အသုံးစရိတ် သက်သာနိုင်ရန်နှင့် စွမ်းဆောင်ရည်ပြည့်၍ ကျစ်လျစ်သော အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရန် ဝန်ကြီးဌာနများကို လျှော့ချသွားမည်ဆိုသည့် အချက်ကို NLD အစိုးရ စတင်တာဝန်ယူချိန်တွင် စတင် အကောင်အထည်ဖော်ခဲ့သည်။

NLD အစိုးရ စတင်တာဝန်ယူချိန်တွင် ဦးသိန်းစိန်အစိုးရ လက်ထက် ဖွဲ့စည်းထားသည့် ဝန်ကြီးဌာန ၃၆ ခုကို ၁၅ ခုအထိ လျှော့ချ၍ အစိုးရယန္တရားကို ဝန်ကြီးဌာန ၂၁ ခုဖြင့် လည်ပတ်စေခဲ့ပြီး ဒုတိယဝန်ကြီးများကိုလည်း ခန့်အပ်ခဲ့ခြင်း မရှိပေ။

ထိုစဉ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန်ကို ထမ်းဆောင်ခြင်း မရှိသေးသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဝန်ကြီးဌာန လေးခုတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ပူးတွဲ တာဝန်ယူထားသည့်အတွက် ဝန်ကြီးဌာန ၂၁ ခုရှိသော်လည်း ဝန်ကြီးမှာ ၁၈ ဦးသာ ရှိခဲ့သည်။

သို့သော် ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်နေသည့် ဝန်ကြီးဌာန  လေးခုအနက် ပညာရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့အတွက် ပြည်ထောင်စုဝန်ကြီးများကို ထပ်မံ ခန့်အပ်ခဲ့သည်။ အစပိုင်းတွင် ဝန်ကြီးဌာန ၂၁ ခုရှိရာမှ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန တိုးလာသည့်အတွက် ဝန်ကြီးဌာနမှာ ၂၂ ခု ဖြစ်လာသည်။

NLD အစိုးရ သက်တမ်း နှစ်နှစ်နီးပါးရှိချိန်တွင် ဝန်ကြီးဌာနအသစ် နှစ်ခုကို ထပ်မံ တိုးချဲ့ ဖွင့်လှစ်ခဲ့သည်။ အသစ်ဖွင့်လှစ်လိုက်သည့် ဝန်ကြီးဌာန နှစ်ခုမှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့ ဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၏  ပြည်ထောင်စုဝန်ကြီးအဖြစ် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန သံအမတ်ကြီးဟောင်း ဦးသောင်းထွန်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြစ်သည့် ဦးကျော်တင်တို့ကို ခန့်အပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတက သဝဏ်လွှာပေးပို့ခဲ့ပြီး လွှတ်တော်က သဘောတူခဲ့သည်။

ထိုစဉ်အခါက အသစ်ဖွဲ့စည်းလိုက်သည့် ဝန်ကြီးဌာန နှစ်ခုနှင့် ပတ်သက်၍ အမှန်တကယ် လိုအပ်သည့် ဝန်ကြီးဌာနများ ဟုတ် မဟုတ်ကို အငြင်းပွားမှုများလည်း ရှိခဲ့သည်။

အဓိက အငြင်းပွားသည့်အချက်မှာ သမ္မတရုံးဝန်ကြီးဌာန ရှိလျက်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနကို တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ရှိနေလျက်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန တိုးချဲ့ဖွင့်လှစ်လိုက်သည့်အပေါ် အငြင်းပွားနေကြခြင်း ဖြစ်သည်။

ယခင်ရှိနေသည့် ဝန်ကြီးဌာနများကဲ့သို့ အသွင်သဏ္ဌာန်တူသည့် ဝန်ကြီးဌာနများ ဖွဲ့စည်းလိုက်ခြင်းသည် အမှန်တကယ် လိုအပ်နေသည့် ဝန်ကြီးဌာနများကို ဖွဲ့စည်းရမည့်အစား အာဏာချဲ့ထွင်ရန် ဖွဲ့စည်းလိုက်သည့် ပုံစံမျိုးဖြစ်နေသည်ဟု ဝေဖန်မှုများလည်း ရှိခဲ့သည်။

ထို့ပြင် NLD အစိုးရသက်တမ်း ထက်ဝက်ကျော်ချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။ အစိုးရ၏ ၂၅ ခုမြောက် ဝန်ကြီးဌာနသစ်အဖြစ် ရင်းနှီးမြုပ်နှံမှုနှင့်   နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်းရန် လွှတ်တော်၌ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အစိုးရ လက်ကျန်သက်တမ်း နည်းပါးလာသည့်အချိန်တွင် ဝန်ကြီးဌာနအသစ် တစ်ခု တိုးချဲ့ဖွင့်လှစ်မှုအပေါ် ဝေဖန်မှုများက ရှိခဲ့သော်လည်း နိုင်ငံ၏ ကျဆင်းနေသည့် စီးပွားရေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မျှော်လင့်လာနိုင်သည့်အတွက် ထောက်ခံသူများလည်း ရှိခဲ့သည်။

အဆိုပါ ဝန်ကြီးဌာနအသစ်နှင့် ပတ်သက်၍ ၂၀၁၈ နိုဝင်ဘာ ၁၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးသူ လွှတ်တော်ကိုယ်စားလှယ် ကိုးဦးအနက် အများစုမှာ ထောက်ခံခဲ့ကြပြီး ကိုယ်စားလှယ်အချို့က ထောက်ပြ ဆွေးနွေးခဲ့သည်။

ဝန်ကြီးဌာနအသစ် ဖြည့်စွက်ခြင်းနှင့် ပတ်သက်၍ အကျိုး ရှိ မရှိနှင့် အချိန်ကာလ  ရှိ၊ မရှိ စဉ်းစား ဆုံးဖြတ်ကြရန် မအူပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ဆွေးနွေးသည်။

“ဌာနအသစ် ဖြည့်ဆည်းခြင်းအပေါ် အချိန်ယူ၊ လေ့လာ၊ ဆွေးနွေး တိုင်ပင်သင့်ပါတယ်။ ယနေ့ နိုင်ငံတော် ဆင်းရဲနေတဲ့အချိန်မှာ အသုံးစရိတ်တွေကို ချွေတာရမှာဖြစ်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုဆိုတာ ပြည်တွင်းက အရင်းအနှီးရော ပြည်ပအရင်းအနှီးရော နှစ်မျိုးလုံး ပတ်သက်တဲ့အတွက် ဒီနေ့အချိန်မှာ ပြည်တွင်းကရော မှန်ကန်စွာ ရင်းနှီးမြှုပ်နှံနိုင်ပြီလားဆိုတာ ဆန်းစစ်ဖို့လိုပါတယ်။ ပြည်ပအရင်းအနှီး မျှော်လင့်တာထက် ပြည်တွင်း အရင်းအနှီးကို မှန်ကန်စွာ ဆောင်ရွက်နိုင်အောင် စီမံဆောင်ရွက်ဖို့က အရေးကြီးပါတယ်။ ဝန်ကြီးဌာနအသစ် ဖြည့်စွက်ခြင်းအပေါ် အကျိုး ရှိမရှိ၊ သင့်မသင့်၊ အချိန်ကာလ ရှိမရှိ စဉ်းစဉ်းစားစား လေးလေးနက်နက် ထားရှိ ဆုံးဖြတ်ကြဖို့ ကိုယ်စားလှယ်အားလုံးကို မေတ္တာရပ်ခံပါတယ်”ဟု  ဦးစိန်ဝင်းက ဆိုသည်။

လက်ရှိအချိန်တွင် စီးပွားရေးနှင့် ဆက်စပ်သည့် ဝန်ကြီးဌာနများအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ နိုင်ငံတော်အတိုင်ပင်ခံ ဦးဆောင်သည့် စီးပွားရေးကော်မတီများ ရှိကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

ထို့ပြင် ဝန်ကြီးဌာနအသစ်အနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မည့်ဌာနဖြစ်ရန် လိုကြောင်း တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက အကြံပြုသည်။

“ရင်းနှီးမြှုပ်နှံမှုများကို ပေါင်းစပ်ဖြေရှင်း မကျော်လွှားနိုင်ပါက ရင်းနှီးမြှုပ်နှံမှုအသစ်များကို ယုံကြည်မှု ကင်းမဲ့စေတဲ့အတွက်ကြောင့် နောက်ထပ် ဝန်ကြီးဌာန ဘယ်လောက်ဖွဲ့ဖွဲ့ နိုင်ငံတော်ရဲ့ ဘတ်ဂျက် အပိုကုန်ကျတာကလွဲလို့ မည်သို့မျှ အကျိုးမရှိနိုင်ကြောင်း တင်ပြအပ်ပါတယ်။ စာအုပ်ပေါ်မှာ ဥပဒေကတော့ ကောင်းပြီးတော့ လက်တွေ့မှာ ရင်းနှီးမြှုပ်နှံသူများအတွက် ဆက်စပ် ဝန်ကြီးဌာနများက ကြန့်ကြာခက်ခဲအောင် ပညာအမျိုးမျိုးပြပြီးတော့ အချိန်ကုန်လွန်စေတာဟာလည်းပဲ ရင်းနှီးမြှုပ်နှံသူများကို စိတ်ပျက်စေမှာ ဖြစ်ကြောင်း တင်ပြအပ်ပါတယ်”ဟု ဦးဇော်ဟိန်းက ဆိုသည်။

ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးတက်လာသည်နှင့်အမျှ ပြည်တွင်းရှိ အလုပ်လက်မဲ့ပြဿနာ၊ နိုင်ငံရပ်ခြားသို့ လုပ်သားယိုစီးမှု အခြေအနေများကို ထိန်းချုပ်လာနိုင်မည် ဖြစ်ပြီး ပြည်တွင်း ငွေကြေးတန်ဖိုး တည်ငြိမ်မှု၊ ငွေကြေးဖောင်းပွမှုနှင့် ပြည်သူများအတွက်  အကျိုးဖြစ်ထွန်းနိုင်မည်ဆိုလျှင် ကန့်ကွက်ရန် မရှိကြောင်း လှိုင်းဘွဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချိုက ဆွေးနွေးသည်။

ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက “ပြည်သူကို ဗဟိုပြုသည့် အမျိုးသားစီးပွားရေးမူဝါဒ ၁၂ ချက်ကို အကောင်အထည်ဖော်မယ်ဆိုရင် ဟန်ပြ တင်ဒါခေါ်ယူပြီး လူတစ်စုရဲ့ လက်ထဲမှာပဲ လုပ်ပိုင်ခွင့် ရောက်တတ်တဲ့ ယဉ်ကျေးမှုကို ပြင်နိုင်ဖို့လိုပါတယ်။ နိုင်ငံတော်အကြီးအကဲများက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ပြည်တွင်း ဝင်ရောက်လာဖို့ ဥပဒေတွေ ပိုမိုကောင်းမွန်အောင် ပြုပြင်ပြီး အာမခံချက်တွေနဲ့ ဘယ်လိုပဲ ဆွဲဆောင်နေပါစေ တာဝန်ရှိတဲ့ အစိုးရ ဝန်ဆောင်မှုဌာနတွေက အကျင့်မဖျောက်နိုင်သေးတော့ စနစ်ကောင်းပေမယ့်လည်း ခေတ်ဟောင်းအတိုင်းပဲ ဖြစ်နေမှာကို စိုးရိမ်မိပါတယ်”ဟု ဆိုသည်။

ဝန်ကြီးဌာနအသစ်နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ကိုးဦး၏ ဆွေးနွေးချက်များအပေါ်တွင် ပြည်ထောင်စုအဆင့် တာဝန်ရှိသူက ပြန်လည်ရှင်းလင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို နိုဝင်ဘာ ၁၉ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ ဆောင်ရွက်ခဲ့ပြီး အတည်ပြုခဲ့သည်။

သို့သော် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု မြင့်တက်လာရန်အတွက် ဝန်ကြီးဌာနဖွဲ့သည်အထိ လိုအပ်သလား ဆိုသည့်ကိစ္စတွင် ၀ိ၀ါဒကွဲပြားမှုများက ရှိလာသည်။

အစိုးရ၏ လက်ကျန်သက်တမ်း နည်းပါးနေချိန်တွင် ဝန်ကြီးဌာနအသစ်တစ်ခု ဖွဲ့စည်းခြင်းသည် လုပ်ငန်း၊ တာဝန်များကို ချက်ချင်း အကောင်အထည်ဖော်နိုင်မည်လား ဆိုသည်က စဉ်းစားရမည့်အချက် ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က မှတ်ချက်ပြုသည်။

“မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ပိုမိုပြီး ရင်းနှီးမြှုပ်နှံလာနိုင်ဖို့ နိုင်ငံတကာနဲ့ ဆက်ဆံနိုင်ဖို့အတွက်က သီးခြားဝန်ကြီးဌာနတစ်ခု ဖွဲ့စည်းဆောင်ရွက်မယ်ဆိုတဲ့ အနေအထားမျိုးကိုတော့ တွေ့ရတာပေါ့။ ဒါပေမဲ့ ပြန်စဉ်စားကြည့်လိုက်ရင် အခုအစိုးရသက်တမ်းက တစ်ဝက်ကျိုးနေပြီ။ ဝန်ကြီးဌာန အသစ်တစ်ခု ဖွဲ့လိုက်ပြီး ချက်ချင်း လက်ငင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါ့မလား ဆိုတာကတော့ တစ်ခုရှိတာပေါ့” ဟု ဦးစိုင်းသီဟကျော်က ဆိုသည်။

ယခင်က ဘတ်ဂျက်အသုံးစရိတ် လျှော့ချနိုင်ရန် ရည်ရွယ်၍ ကျစ်လျစ်သည့် အစုအဖွဲ့ဖြင့် ပွဲထွက်ခဲ့သော NLD အစိုးရ၏ အခင်းအကျင်းသည် လက်ရှိတွင် ဝန်ကြီးဌာန ၂၅ ခုကို ပြည်ထောင်စုဝန်ကြီး ၂၃ ဦး၊ ဒုတိယဝန်ကြီး ၂၅ ဦးဖြင့် အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နေသည်။ ဝန်ကြီးဌာန ၂၅ ခုအနက် နိုင်ငံရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန သုံးခုတွင် ဒုတိယဝန်ကြီး ခန့်အပ်ထားခြင်း မရှိပေ။

ဒုတိယဝန်ကြီး တစ်ဦးထက်ပိုသည့် ဝန်ကြီးဌာနများမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီး နှစ်ဦး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီး သုံးဦးနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီး နှစ်ဦးတို့ ဖြစ်သည်။ ကျန်ဝန်ကြီးဌာနများတွင် ဒုတိယဝန်ကြီး တစ်ဦးစီကို ခန့်အပ် တာဝန်ပေးထားသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၄ ရက်က သာကေတမြို့နယ်တွင် NLD ပါတီ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးနေစဉ်

(၆)

NLD အစိုးရသက်တမ်း ကာလအတွင်း ပြည်ထောင်စုဝန်ကြီးအချို့ကို နုတ်ထွက်ခွင့် ပြုခဲ့ပြီး ပြန်လည်အစားထိုး ခန့်အပ်ခဲ့သော်လည်း အစိုးရ၏ ကစားကွက်က တက်လာခြင်း မရှိကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြသည်။ ထိုသို့ အစိုးရ၏ ကစားကွက် တက်မလာမှုသည် ဗဟိုချုပ်ကိုင်မှု များနေခြင်းကြောင့် ဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် သမ္မတရုံးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနများတွင်လည်း ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားသည်။ ထို့ပြင် ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်အရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသားဖြစ်မှု၊ နိုင်ငံတကာဆက်ဆံရေး၊  COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အစရှိသည့် ကော်မတီ ၂၀ နီးပါးတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အဖြစ် တာဝန်ယူထားသည်။

ထိုသို့ အစိုးရ၏ အရေးကြီးလုပ်ငန်းများတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တာဝန်ယူမှု များပြားနေသည့်အတွက် ဝန်ကြီးများ၏ စွမ်းဆောင်ရည်မှာ ပျောက်ဆုံးနေသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ၎င်းအသက်အရွယ်အရ များပြားလှသော အစိုးရအဖွဲ့၏ လုပ်ငန်းတာဝန်များကို လုပ်ဆောင်နိုင်မည်လား ဆိုသည်က မေးခွန်းထုတ်စရာပင်။ ထို့ကြောင့် အဓိက လိုအပ်နေသည်မှာ အစိုးရအနေဖြင့် မိမိတို့သွားမည့် လမ်းကြောင်းကို ဝန်ကြီးဌာနများသို့ ချမှတ်ပေးပြီး ဝန်ကြီးများကို လွတ်လွတ်လပ်လပ် ကစားခွင့်ပေးရန် လိုအပ်သည်ဟု နိုင်ငံရေး လေ့လာသူများက ထောက်ပြမှုများ ရှိခဲ့သည်။ အဓိကမှာ တာဝန်ခွဲဝေမှုနှင့် လုပ်ပိုင်ခွင့်ပေးရန် ဖြစ်သည်။

NLD အစိုးရသက်တမ်းအတွင်း ဝန်ကြီးဌာန ၂၅ ခုအနက် ခြေစွမ်းခြေစ မပြနိုင်သည့် ဝန်ကြီးဌာနအချို့ရှိနေပြီး အားအနည်းဆုံး ဖြစ်နေသည့် ဝန်ကြီးဌာနမှာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

သို့သော် ဝန်ကြီးဌာနများ အားနည်းသည်ဟု ဆိုရာတွင် မလုပ်နိုင်ခြင်းလား၊ လုပ်ပိုင်ခွင့် မရခြင်းလားဆိုသည်ကို စဉ်းစားရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက သုံးသပ်ပြောဆိုသည်။

“ဝန်ကြီးဌာန အားနည်းတယ်ဆိုတာက တကယ်တမ်း အလုပ်မလုပ်နိုင်တာလား။ ဒါမှမဟုတ် လုပ်ပိုင်ခွင့် မရတာလား။ ဒါလေးကိုတော့ ပထမအနေနဲ့ စဉ်းစားဖို့ ကောင်းတယ်”ဟု ဦးဖေသန်းက ပြောကြားသည်။

ထိုသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၏ စွမ်းဆောင်ရည်များ ကျဆင်းနေခြင်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လောင်းရိပ်မိနေခြင်းကြောင့် ဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက မှတ်ချက်ပြုသည်။

“ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရပေါ့။ ကျွန်တော်ထင်တယ်။ သူ့လောင်းရိပ်က တော်တော့ကို မိတယ်။ သူ့ကို ကျော်ပြီးတော့ ကိုယ့်လုပ်ပိုင်ခွင့်တွေကို မယူရဲဘူး။ တကယ်တမ်း လောင်းရိပ်မိနေတယ် ဆိုရင်တော့ သူ့ရဲ့ညွှန်ကြားချက်ရမှ ဒါမှမဟုတ် တစ်ခုခုလုပ်လို့ မှားသွားမယ်ဆိုရင် အဆူအပူခံရမှာလား။ အလုပ်ဖြုတ်မှာလား။ အဲဒါတွေကို စိုးရိမ်နေရင်တော့ ဝန်ကြီးဌာနတွေ အလုပ်မဖြစ်ဘူး။ တစ်ဖက်ကလည်း ဗဟိုချုပ်ကိုင်မှုကို လျှော့ပေးရမယ်။ လုပ်ဖို့အားပေးရမယ်။ ဝန်ကြီးဌာနတွေကလည်း မှားရင်မှားပါစေ လုပ်ရဲတဲ့ သတ္တိရှိရမယ်။ အပြစ်ပေးခံမှာ၊ အလုပ်ဖြုတ်ခံရမှာ၊ မှားသွားမှာ စိုးရိမ်နေလို့ကတော့ ဘယ်တော့မှ ဝန်ကြီးဌာနတွေဟာ အရှေ့ကိုရောက်လာမှာ မဟုတ်ဘူး။ အပေါ်က ခေါင်းဆောင် လုပ်တဲ့သူကလည်း ဒါတွေအပေါ်မှာ နားလည်ပြီးတော့ ရဲရဲတင်းတင်းလုပ်ကြဖို့ သမ္မတတို့၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကလည်း အားပေးဖို့လိုသလို လုပ်ပိုင်ခွင့်တွေပေးဖို့လည်း လိုတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဆိုသည်။

NLD အစိုးရ၏ သက်တမ်း ကာလအတွင်း ဝန်ကြီးဌာနများ၏ စွမ်းဆောင်ရည်များနှင့် ပတ်သက်၍ အားရကျေနပ်မှု မရှိသေးကြောင်း လွှတ်တော် ကိုယ်စားလှယ်များ နှင့် နိုင်ငံရေးလေ့လာသူများက ဆိုသည်။ 

(၇)

NLD အစိုးရ လက်ထက်တွင် ကြီးမားသော အပြောင်းအလဲအဖြစ်  ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့နိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတ၊ ဝန်ကြီးချုပ်၊ အုပ်ချုပ်ရေးမှူး စသဖြင့် အဆင့်ဆင့်သွားသော ပုံစံမျိုးဖြစ်ရန်အတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်သို့ ရွှေ့လိုက်ခြင်းဖြစ်ကြောင်း သမ္မတအိမ်တော်တွင် ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် သမ္မတ၊ ဝန်ကြီးချုပ်၊ အုပ်ချုပ်ရေးမှူး စသည်ဖြင့် အဆင့်ဆင့်သွားတဲ့ ပုံစံဖြစ်ပါတယ်။ ဒီမူအတိုင်း သမ္မတအောက်မှာ ရှိဖို့။ ဒါတွေကို ပြန်သုံးသပ်ပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်ကို ရွှေ့လိုက်တာ ဖြစ်ပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့မှာလည်း နိုင်ငံတော်သမ္မတ၊ ကက်ဘိနက်ဝန်ကြီးတွေပါ ပါတယ်။ ဒါက ပြည်ထောင်စုအစိုးရအဖွဲ့ ဖြစ်ပါတယ်။ အဲဒီတော့ Constitution အရ၊ ဒေါင်လိုက် Structure အရလည်း အုပ်ချုပ်မှုအရ နိုင်ငံတော်သမ္မတကနေပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်၊ ကျေးအထိ အုပ်ချုပ်ရေးယန္တရားက တိုက်ရိုက် သက်ရောက်မှာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း နိုင်ငံတော်သမ္မတရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်ပြီး ပြောကြားသွားတာ ဖြစ်ပါတယ်။ နောက်ဒီလိုမျိုး Constitution အရ ရှိနေတဲ့ မူတွေ၊ နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်း မှာပါတဲ့ မျှော်မှန်းချက် မဟာဗျူဟာတွေနဲ့အညီ ဆောင်ရွက်တာ ဖြစ်တဲ့အတွက် တစ်စုံတစ်ယောက်ရဲ့ တိုက်တွန်းချက်၊ အကြံပြုချက် လုံးဝမပါဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောချင်ပါတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ၂၀၁၈ ဒီဇင်ဘာ ၂၈ ရက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက အမိန့်ကြော်ငြာ တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်ထဲတွင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂၃/၂၀၁၈)၏ သဘောတူညီချက်အရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ၂၀၁၈ ဒီဇင်ဘာ ၂၈ ရက်မှစ၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်သို့ လွှဲပြောင်းဖွဲ့စည်း တာဝန်ထမ်းဆောင်စေလိုက်သည်ဟု ပါရှိသည်။

NLD အစိုးရအနေဖြင့် ယခုလို အပြောင်းအလဲ လုပ်ပြနိုင်သည့်အပေါ်တွင် နိုင်ငံရေး လေ့လာသူများနှင့် ပြည်သူများက ကြိုဆို ထောက်ခံခဲ့ကြသည်။

“အခုလိုမျိုးပြောင်းဖို့ကို ဒေသန္တရအုပ်ချုပ်ရေး ကျွမ်းကျင်တဲ့ ပညာရှင်တွေက ထောက်ပြနေခဲ့တာ ကြာလှပြီ။ အစိုးရအသစ်အနေနဲ့ ဒေသန္တရအုပ်ချုပ်ရေး အပြောင်းအလဲကို လုပ်ကိုလုပ်ရမယ်လို့ ၀ိုင်းပြောခဲ့တာ။ အခုလုပ်တာက နောက်တောင်ကျနေပြီ။ လုပ်တာကိုတော့ ကြိုဆိုပါတယ်”ဟု ရန်ကုန် စောင့်ကြည့်လေ့လာရေးအဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက ဆိုသည်။

အရပ်သားအစိုးရ လက်အောက်သို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရောက်ရှိလာသည့်အတွက် အဆင်ပြေလာနိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

“အရင်ကတော့ အစိုးရနဲ့ ထွေအုပ်က တစ်ယောက်နဲ့ တစ်ယောက် ဌာနချင်း မတူသလို ဖြစ်နေတာပေါ့။ အစိုးရက သတ်သတ်ဖြစ်ပြီးတော့ ထွေအုပ်ကလည်း သတ်သတ်ကြီးလို ဖြစ်နေကြတယ်။ အခုလို အစိုးရလက်အောက်ကို ရောက်တဲ့အခါကျတော့ အဆင်ပြေလိမ့်မယ်လို့ မြင်ပါတယ်”ဟု ဒေါ်ခင်စောဝေက ဆိုသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနကို စတင်ဖွဲ့စည်းစဉ်က ပြည်ထောင်စုဝန်ကြီးမှာ ဦးသောင်းထွန်း ဖြစ်သည်။ သို့သော် နောက်ထပ် အသစ်မံဖွဲ့စည်းလိုက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနတွင် ဦးသောင်းထွန်းကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည့်အတွက် ၂၀၁၈ နိုဝင်ဘာ ၁၉ ရက်တွင် ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုအချိန်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၏ လစ်လပ်သွားသော ပြည်ထောင်စုဝန်ကြီး နေရာအတွက် နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဦးမင်းသူကို ၂၀၁၈ နိုဝင်ဘာ ၂၉ ရက်က ခန့်အပ် တာဝန်ပေးခဲ့သည်။

ဦးမင်းသူ၏ ဇာတိမှာ တောင်ကြီးမြို့ဖြစ်ပြီး ပညာအရည်အချင်းအဖြစ် သိပ္ပံဘွဲ့ (စစ်တက္ကသိုလ်)၊ မဟာဝိဇ္ဇာဘွဲ့ ကာကွယ်ရေးပညာတို့ကို ရရှိခဲ့ကြောင်း၊ ဇနီးဖြစ်သူ ဒေါ်လွင်မေသိန်းမှာလည်း တရားရုံးချုပ် ရှေ့နေတစ်ဦးဖြစ်ပြီး သားသမီး နှစ်ဦးရှိကြောင်း လွှတ်တော်က ထုတ်ပြန်သည့် ကိုယ်ရေးအကျဉ်းတွင် ဖော်ပြထားသည်။

ပြည်ထောင်ဝန်ကြီး ဦးမင်းသူသည် စစ်တက္ကသိုလ် အပတ်စဉ် (၂၀) မှဖြစ်ပြီး မြိတ်လေတပ်စခန်း ဌာနချုပ် ဒုတိယဌာနချုပ်မှူး ဗိုလ်မှူးကြီး ရာထူးဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့သူ တစ်ဦးဖြစ်သည်။ အငြိမ်းစား ယူပြီးနောက် ဦးတေဇ ပိုင်ဆိုင်သည့် Air Bagan တွင် အလုပ်ဝင်ခဲ့ပြီး NLD အစိုးရလက်ထက်၌ နေပြည်တော် ကောင်စီဝင်အဖြစ် စတင် တာဝန်ပေးအပ်ခြင်း ခံရသူတစ်ဦးလည်း ဖြစ်သည်။

ထို့နောက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် သမ္မတ ဦးထင်ကျော်က ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးအဖြစ် တာဝန်ယူထားသည့် သမ္မတရုံးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ NLD အစိုးရအဖွဲ့တွင် ဝန်ကြီးနှင့် ဒုတိယဝန်ကြီးအသစ်များကို တာဝန်ပေးအပ်ရာတွင် ပါတီမှ မဟုတ်ဘဲ အပြင်မှပုဂ္ဂိုလ်များ၊ တပ်မတော် အရာရှိဟောင်းများကိုသာ တာဝန်ပေးအပ်ခြင်းကို မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်မှုများ ရှိခဲ့သည်။

NLD ပါတီထဲတွင် အတွေ့အကြုံ၊ အရည်အချင်းနှင့် လုပ်ရည်ကိုင်ရည်ရှိသူ များစွာရှိသော်လည်း အငြိမ်းစား တပ်မတော်သားတစ်ဦးကို ပြည်ထောင်စုဝန်ကြီးရာထူး ခန့်အပ်လိုက်သည့်အပေါ် ဝေဖန်မှုများရှိခဲ့ခြင်း ဖြစ်သည်။

“နဂိုကတည်းက တက်လာတဲ့အစိုးရက ပြည်သူက တင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရလို့ ကြွေးကြော်ထားတာပါ။ ဒီအချိန်မှာ အကုန်လုံးကလည်း မျှော်လင့်ထားကြတယ်။ ပြည်သူထဲက ပြည်သူတွေကိုပဲ တာဝန်ပေးလိမ့်မယ်လို့ အဲဒီလိုပဲ မျှော်လင့်ခဲ့ကြတယ်။ ဒါပေမဲ့ တကယ့် တကယ်ကျတော့ တပ်မတော် အငြိမ်းစားတွေ ပါလာတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဆိုသည်။

အစိုးရအနေဖြင့် ဝန်ကြီး၊ ဒုတိယဝန်ကြီး ရာထူးခန့်အပ်ရန် အကျပ်အတည်း ရှိနေပါက အခြားသော ဒီမိုကရက်တစ်ပါတီများထဲမှ ပုဂ္ဂိုလ်များကိုလည်း စဉ်းစားခြင်း ရှိ၊ မရှိအပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း (သီပေါ) က မေးခွန်းထုတ်သည်။

“ကိုယ့်ပါတီအထဲမှာ တချို့ဆိုရင်လည်း ပါတီဘက်မှာလည်း ချန်ထားရဦးမယ်။ ပါတီ တည်ဆောက်ရေးဘက်မှာလည်း လူက မချန်ထားလို့လည်းမဖြစ် အဲဒီလိုမျိုး အကျပ်အတည်းတွေ တွေ့နေရင်တော့ တခြားဒီမိုကရက်တစ်ပါတီတွေ ရှိတယ်။ သူတို့အထဲကရော ရွေးချယ်ဖို့ မစဉ်းစားသင့်ဘူးလား” ဟု ဦးရဲထွန်း (သီပေါ) က ဆိုသည်။

ထို့ပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ကိုင်တွယ်မည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်ကို ခန့်အပ်လိုက်သည့်အတွက် ဝေဖန်မှုများက ထပ်မံပေါ်ထွက်လာသည်။ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ခန့်အပ်မှုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ဇန်နဝါရီ ၂ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။

ယင်းကြေညာချက်ထဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)၊ (ဃ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၉) တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးတင်မြင့်ကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးလိုက်သည်ဟု ပါရှိသည်။

ဒုတိယဝန်ကြီး ဦးတင်မြင့်သည် စစ်တက္ကသိုလ် ကျောင်းဆင်းတစ်ဦးဖြစ်ပြီး ဗိုလ်ကြီးဘဝဖြင့် တပ်မတော်မှ အငြိမ်းစားယူပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပြောင်းရွှေ့၍ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

ထို့ကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး နှစ်ဦးစလုံးသည် တပ်မတော် မှ အငြိမ်းစားယူထားသည့် တပ်မတော် အရာရှိဟောင်းများ ဖြစ်နေသည့်အပေါ်တွင် ဝေဖန်မှုများ ရှိခဲ့သော်လည်း အပြောင်းအရွှေ့တွင် အထိန်းအကွပ် ဖြစ်စေသည့်အတွက် ထောက်ခံမှုများလည်း ရှိခဲ့သည်။

“ဒုတိယဝန်ကြီးကတော့ သူက ညွှန်ချုပ်နဲ့ အမြဲတမ်းအတွင်းဝန် လုပ်ခဲ့တော့ ဒါကတော့ မမှားလောက်ဘူးလို့ ကျွန်တော် ထင်တယ်။ သူ့မခေါ်ရင်သာ မှားရင်မှားမှာ”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ (၁) ဦးစိုင်းညွန့်လွင်က ဆိုသည်။

သို့သော် NLD အစိုးရလက်ထက်တွင် ကြီးမားသော အပြောင်းအလဲအဖြစ်  ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့နိုင်ခဲ့သော်လည်း အောက်ခြေရှိ ဗျူရိုကရေစီယန္တရားမှာ လက်ရှိအချိန်အထိ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိသေးကြောင်း နိုင်ငံရေးလေ့လာသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများက သုံးသပ်မှုများ ရှိနေသည်။

ဆက်လက်ဖော်ပြပါမည်။

၂၀၁၅၊ ၂၀၂၀ ဘာကွာသလဲနှင့် NLD ၏ အထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်းကို သုံးသပ်ခြင်း (၁)

Most Read

Most Recent