ထားဝယ်ခရိုင်အတွင်းရှိ ပင်လယ်ပိုင်း ဒေသအချို့၌ မိုးသက်လေပြင်း ကျရောက်ခြင်းနှင့် ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှုတို့ကြောင့် ရေကြီးနစ်မြုပ်ခြင်း၊ နေအိမ်များပြိုကျခြင်း၊ လမ်းပိုင်းပြတ်ကျခြင်းများ ဖြစ်ပေါ်

ထားဝယ်ခရိုင်အတွင်းရှိ ပင်လယ်ပိုင်း ဒေသအချို့၌ မိုးသက်လေပြင်း ကျရောက်ခြင်းနှင့် ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှုတို့ကြောင့် ရေကြီးနစ်မြုပ်ခြင်း၊ နေအိမ်များပြိုကျခြင်း၊ လမ်းပိုင်းပြတ်ကျခြင်းများ ဖြစ်ပေါ်
ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျမှု ဖြစ်ပွားခဲ့သည့် စမ်းလှမ်းကျေးရွာကို တွေ့ရစဉ်
ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျမှု ဖြစ်ပွားခဲ့သည့် စမ်းလှမ်းကျေးရွာကို တွေ့ရစဉ်
Published 21 September 2020
ဖြိုးဇင်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ ပင်လယ်ပိုင်းဒေသအချို့၌ မိုးသက်လေပြင်း ကျရောက်ခြင်းနှင့် ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှုတို့ကြောင့် ရေကြီးနစ်မြုပ်ခြင်း၊ နေအိမ်များပြိုကျခြင်း၊ လမ်းပိုင်းပြတ်ကျခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။

စက်တင်ဘာ ၁၈ ရက်မှ၍ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ ပင်လယ်ပိုင်းကျေးရွာများ၌ လေပြင်းတိုက်ခတ်ခြင်း၊ ပင်လယ်ဒီရေ မြင့်တက်လာခြင်းနှင့် ရေလှိုင်းရိုက်ခတ်မှုကြောင့် စမ်းလှမ်း၊ ကျောက်နီမော်၊ စခန်းသစ်၊ တီဇစ်စသည့် ကျေးရွာများတွင် နေအိမ်များ ရေဝင်နစ်မြုပ်ခြင်းနှင့် ပြိုကျမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“စမ်းလှမ်းမှာ မနေ့တုန်းက အိမ် ငါးလုံး ပြိုကျပါတယ်။ ဒီနေ့တော့ ၁၄ လုံး ထပ်ပြိုပါတယ်။ စုစုပေါင်း ၁၉ လုံး။ ပင်လယ်ဒီရေလှိုင်း ရိုက်တာပေါ့ဗျာ။ မနေ့က အိမ်ပြိုတဲ့သူတွေကို ဘေးစီမံအဖွဲ့ကလာပြီး လိုအပ်တဲ့ ငွေသားနဲ့ ပစ္စည်းတွေ လာထောက်ပံ့တယ်။ ဝန်ကြီးတွေရော လွှတ်တော် ကိုယ်စားလှယ်တွေရော လာတယ်။ မျှော်ရစ်ကတော့ မျှော်ရစ်ဘုရားသွားတဲ့ ကွန်ကရစ်တံတားက အလယ်ပိုင်းမှာ ၁၀ ပေ နှစ်ကန့်လောက် ပြတ်ကျသွားတယ်။ ပညစ်ဘက်မှာလည်း အိမ်တစ်လုံး ပြိုတယ် ပြောတယ်။ ပန်းတင်အင်းဘက်က ရေကျော်တဲ့ သူတွေကို ဘုန်းကြီးကျောင်းမှာ ကယ်ဆယ်ရေးစခန်း လုပ်ထားတယ်။ လူကယ်ပြန်ကနေ ငွေကြေး ဒီနေ့ ထောက်ပံ့ပေးခဲ့တယ်။ ကျောက်နီမော်ကတော့ လောလောဆယ် သုံးအိမ်လောက် ပြိုတယ် ပြောတယ်ခင်ဗျ။ လောလောဆယ်တော့ မထောက်ပံ့နိုင်သေးဘူး။ မနက်ဖြန်တော့ ပိုက်ဆံရော ရိက္ခာရော သွားရောက်ကူညီဖို့ ရှိပါတယ်။ လောလောဆယ် ကျွန်တော်တို့ မြို့နယ်ထဲမှာ အဲဒါတွေပဲ ရှိသေးတယ်။ ကျန်တာတော့ မရှိသေးဘူး။ လူထိခိုက် သေဆုံးတာတွေ မရှိပါဘူး”ဟု လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောကြားသည်။

လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ကမ်းခြေ အနောက်ဘက်အတွင်းပိုင်းမှ ပန်းတင်အင်းကျေးရွာအုပ်စုရှိ စခန်းသစ်ကျေးရွာတွင် ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှုကြောင့် ကမ်းနံဘေးတွင် နေထိုင်သည့် နေအိမ် ၆၀ ခန့် ရေဝင်ရောက်သဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပြီး စက်တင်ဘာ ၂၀ ရက် နံနက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ လာရောက်၍ အိမ်ထောင်စု ၆၅ စုရှိ လူဦးရေ ၂၂၀ ကျော်အား တစ်ဦးလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

လောင်းလုံး-ရှင်မော်လမ်းမပေါ်ရှိ ကျောက်နီမော်ကျေးရွာတွင်လည်း စက်တင်ဘာ ၁၉ ရက်က ပင်လယ်ဒီရေ မြင့်တက်လာမှုကြောင့် ကမ်းနံဘေးရှိ နေအိမ်အချို့ ရေဝင်နစ်မြုပ်သဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည့်အပြင် အဆိုပါ လမ်းပိုင်းပေါ်ရှိ ကျောက်ဝပ်ပြင်ကျေးရွာ အနီးတွင်လည်း ပင်လယ်ရေလှိုင်း ရိုက်ခတ်မှုကြောင့် အလျားပေ ၈၀၀၊ အနံ လေးပေနှင့် အမြင့် ခြောက်ပေခန့်ရှိ ရေထိန်းနံရံ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ကမ်းပနီကျေးရွာအနီးရှိ မျှော်ရစ်အငူတွင်လည်း တောင်စွယ်နှင့် ရေလယ်ရှိ မျှော်ရစ်ဘုရားသို့ ဆက်သွယ်ထားသည့် အရှည်ပေ ၆၆၀ ခန့်ရှိသော ကွန်ကရစ်တံတားမှာ စက်တင်ဘာ ၁၉ ရက် ညပိုင်းက ပင်လယ် ဒီရေလှိုင်းဒဏ်ကြောင့် တံတားအလယ်ပိုင်းမှ ပေ ၄၀ ခန့် ပြတ်ကျမှု ဖြစ်ပွားခဲ့သည်။

စမ်းလှမ်းကျေးရွာရှိ ပင်လယ် ဒီရေလှိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့သူများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ပါဝင်သောအဖွဲ့က စက်တင်ဘာ ၁၉ ရက်တွင် လူမနေသည့် နေအိမ်တစ်လုံးလျှင် ကျပ်တစ်သိန်းနှင့် လူနေသည့် နေအိမ်များကို စားသောက်ကုန်များနှင့် ဆန်များ ထောက်ပံ့ ပေးထားကြောင်း၊ လက်ရှိတွင် ပင်လယ်ဒီရေမှာ ရေဆုတ်ရက်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း မုန်တိုင်းကြောင့် လေပြင်းများ တိုက်ခတ်နေပြီး လှိုင်းလေကြီးနေသဖြင့် နေအိမ်များ ထပ်မံပြိုကျလာမည်ကို စိုးရိမ်နေရကြောင်း သိရသည်။

ပြိုကျမှု ဖြစ်ပွားခဲ့သည့် နေအိမ်များနှင့် ယိုင်နဲ့နေသည့် နေအိမ်များ ထပ်မံထိခိုက်မှု မရှိစေရန် ဒေသခံများ၊ ပရဟိတအဖွဲ့များနှင့် ထောက်ပို့တပ်မှ တပ်မတော်သားများက လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။