များပြားလာသော COVID-19 လူနာများအတွက် ကြိုတင်ပြင်ဆင်မှုများ အဆင်သင့်ဖြစ်ပြီလား

များပြားလာသော COVID-19 လူနာများအတွက် ကြိုတင်ပြင်ဆင်မှုများ အဆင်သင့်ဖြစ်ပြီလား
စက်တင်ဘာ ၁၁ ရက်က အင်းစိန်ဖျားနာကုဆေးခန်း (Fever Clinic) တွင် သံသယလူနာတစ်ဦးအား ဓာတ်ခွဲနမူနာရယူနေစဉ်
စက်တင်ဘာ ၁၁ ရက်က အင်းစိန်ဖျားနာကုဆေးခန်း (Fever Clinic) တွင် သံသယလူနာတစ်ဦးအား ဓာတ်ခွဲနမူနာရယူနေစဉ်
Published 13 September 2020
အိသဥ္ဇာကျော်

မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက COVID-19 ပိုးတွေ့လူနာသစ် ၂၃ ဦး ထပ်မံတွေ့ရှိပြီး အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး၍ သေဆုံးသူ ၁၅ ဦးရှိလာပြီဖြစ်သည်။ ထိုအချိန်အထိ ပိုးတွေ့လူနာ စုစုပေါင်း ၂၄၄၅ ဦး ရှိသည်။

စက်တင်ဘာ ၁၀ ရက် တစ်ရက်တည်းတွင် ပိုးတွေ့လူနာ ၂၅၇ ဦးတွေ့ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှ ၂၁၇ ဦးဖြင့် အများဆုံးပါဝင်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၁၁ ရက် ညနေပိုင်းတွင် ထုတ်ပြန်သည့် လူနာသတင်းအချက်အလက်စာရင်းတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းအတွင်း COVID-19 ပိုးတွေ့လူနာများကို အဓိကကုသပေးလျက်ရှိသည့် ဆေးရုံကြီးသုံးရုံရှိပြီး အခြားပြည်သူ့ဆေးရုံကြီးများတွင်လည်း ကုသပေးလျက်ရှိသည်။ စက်တင်ဘာ ၁၁ ရက်အထိ ဆေးရုံများတွင် တက်ရောက်ကုသလျက်ရှိသည့် COVID-19 လူနာစာရင်းအရ COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် ၈၅၁ ဦး၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ၆၉ ဦး၊ တောင်ဥက္ကလာ အထူးကုဆေးရုံကြီးတွင် ၅၇ ဦး၊ တပ်မတော်အသည်းရောဂါ အထူးကုဆေးရုံကြီးတွင် ကိုးဦး၊ ရန်ကုန် ကလေးဆေးရုံကြီးတွင် တစ်ဦး၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် တစ်ဦးနှင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် တစ်ဦး ကုသလျက်ရှိသည်ဟု သိရသည်။

ထိုစာရင်းအရ COVID-19 လူနာများအတွက် ခုတင် ၅၀၀ ကျော် ပြင်ဆင်ထားသည့် ဖောင်ကြီးဆေးရုံကြီးတွင် ၈၅၁ ဦး၊ ဝေဘာဂီဆေးရုံကြီး၌ ခုတင် ၉၀ တွင် ၆၉ ဦး၊ တောင်ဥက္ကလာဆေးရုံကြီး၌ ခုတင် ၆၀ တွင် ၅၇ ဦး တက်ရောက်ကုသ၍ ဆေးရုံများတွင် လူနာပြည့်နေသည့် အခြေအနေတွင် ရှိနေသည်။ ပိုးတွေ့ရှိမှုအရ ဖောင်ကြီးဆေးရုံကြီးတွင် နေ့စဉ် လူနာဦးရေ ရာချီတိုးနေသည့်အတွက် လူနာများထားရှိနိုင်ရန် ပြင်ဆင်မှု စတင်လုပ်ဆောင်နေပြီဖြစ်သည်။

“ လက်ရှိ COVID-19 Positive လူနာတွေကုတာ ဝေဘာဂီအထူးကုဆေးရုံကြီး၊ တောင်ဥက္ကလာ အထူးကုဆေးရုံကြီး၊ COVID-19 ကုသရေးဌာန (ဖောင်ကြီး) ရှိပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်ဆေးရုံကြီးတွေ တချို့ ခရိုင်မြို့နယ်ဆေးရုံတွေ ရှိပါတယ်။ လက်ရှိ COVID ကို လက်ရှိအချိန်မှာ တာဝန်ယူပြီး ကုသပေးနေတဲ့ဆေးရုံ လောလောဆယ်မှာ ၄၀ ရှိပါတယ်။ ဒီနေ့အထိ လူနာ ၂၀၀၀ ကျော်ကို ကုသပေးနေတာပါ။ ရန်ကုန်မှာတော့ ဖောင်ကြီးရယ်၊ ဝေဘာဂီရယ်၊ တောင်ဥက္ကလာရယ်ကတော့ အဓိကသုံးရုံပေါ့။ ဝေဘာဂီဆေးရုံမှာက လူနာ ၉၀ လောက်ဆံ့တယ်။ တောင်ဥက္ကလာကတော့ ၆၀ လောက်ဆံ့တယ်။ ဖောင်ကြီးကတော့ လူ ၁၀၀၀ အများဆုံး ၂၀၀၀ အထိ ဆံ့အောင် စီစဉ်ထားပါတယ်။ အခုလောလောဆယ်မှာ ဖောင်ကြီးမှာ လူ ၅၀၀ ကျော်ပြည့်သွားလို့ နောက်ထပ် ၅၀၀ ထပ်တိုးချဲ့ဖို့အတွက် ဆောင်ရွက်နေပါပြီ” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် ရောဂါကူးစက်ပျံ့ နှံ့မှုမဖြစ်စေရန် ဇုန်သုံးဇုန်ခွဲခြား သတ်မှတ်ထားပြီး လူနာ ၂၀၀၀ ဝန်းကျင်အထိ ထားရှိနိုင်ရန် ပြင်ဆင်ထားသည်ဟု သိရသည်။

လူနာဆောင်များအပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ကျွမ်းကျင်ဝန်ထမ်း စုစုပေါင်း ၆၀၀ နေထိုင်မည့် အဆောင်ငါးဆောင်အတွက် လျှပ်စစ်မီး၊ ရေနှင့် မိလာစနစ်များကိုလည်း လုပ်ဆောင်ထားပြီး လက်ရှိ ဇုန်သုံးဇုန်ခွဲခြားထားရာ အထူးကြပ်မတ်ကုသဆောင် နေရာများကို အနီရောင်ဇုန်၊ ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများ နေထိုင်ကြမည့် အဆောင်နေရာများကို အစိမ်းရောင်ဇုန်နှင့် အသွားအလာကန့်သတ်စောင့်ကြပ် ကြည့်ရှုခြင်းခံရသူများ ထားရှိမည့်အဆောင်နေရာများကို အဝါရောင်ဇုန်ဖြင့် ခွဲခြား၍ ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်စေရန် ခွဲခြားသတ်မှတ်ထားသည်ဟု သိရသည်။ 

COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် အထူးကြပ်မတ် ကုသဆောင်လေးခု ပြင်ဆင်ထားပြီး ICU-1 ၌ ၁ဝဦး၊ ICU-2 ၌ ၁ဝဦး၊ ICU-3 ၌ ၁ဝဦး၊ ICU-4 ၌ ခုနစ်ဦး စုစုပေါင်းလူနာ ၃၇ ဦး ထားရှိကုသနိုင်ရန် ပြင်ဆင်ထားသည်။ စတင်ဖွင့်လှစ်စဉ်ကာလက ပုဂ္ဂလိကဆေးရုံများက လှူဒါန်းထားသော ခုတင်အရေအတွက် ၄၀၀ ကျော်ရှိပြီး လက်ရှိတွင် ထပ်မံတိုးချဲ့ပြင်ဆင်နေသည်ဟုလည်း သိရသည်။

ပထမအဆင့်အနေဖြင့် အထူးကြပ်မတ်ကုသဆောင်တွင် ခုတင် ၂၀၊ High Dependency Unit အဖြစ် အသုံးပြုနိုင်မည့် ခုတင် ၂၄၀၊ လူနာခုတင် ၂၄၀ စုစုပေါင်း ခုတင် ၅၀၀ ခန့်စီစဉ်ထားခဲ့ပြီး ယခု ဒုတိယအဆင့်တွင် အထူးကြပ်မတ်ကုသဆောင်အတွက် ခုတင် ၄၀၊ High Dependency Unit အဖြစ် အသုံးပြုနိုင်မည့် ခုတင် ၄၈၀၊ လူနာခုတင် ၄၈၀ စုစုပေါင်း ခုတင် ၁၀၀၀ နှင့် တတိယအဆင့်တွင် ခုတင် ၂၀၀၀ အထိ ပြင်ဆင်ရန် လျာထားသည်ဟု သိရသည်။

အလားတူ လာရောက်တာဝန် ထမ်းဆောင်ကြသော ကျန်းမာရေးဝန်ထမ်းများအပါအဝင် အထောက်အကူပြုပညာရှင် ၁၀၀ ကျော်အတွက် နေထိုင်စားသောက်ရေး အဆင်ပြေစေရန်လည်း ပြင်ဆင်ထားသည်ဟု ဆိုသည်။

နေ့စဉ်တိုးလာသည့် ပိုးတွေ့လူနာများအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဒေါက်တာခင်ခင်ကြီး “ လက်ရှိ ဝေဘာဂီနဲ့ တောင်ဥက္ကလာမှာ လူနာတွေပြည့်နေတယ်။ ဖောင်ကြီးမှာလည်း စက်တင်ဘာ ၁၁ ရက်က လူနာ ၁၀၀ ကျော် ထပ်ပို့တယ်ဆိုတော့ သူ့မှာ လူနာ ၇၀၀ ကျော် ဖြစ်သွားပါပြီ။ ဖောင်ကြီးကိုလည်း လူနာ ၁၀၀၀ နဲ့ ၁၀၅၀ ကြား လက်ခံနိုင်ဖို့ ပြင်ဆင်နေသလိုပဲ။ နောက်ပိုင်းမှာ နောက်ထပ်ယာယီဆေးရုံတွေ ထားဖို့နေရာတွေ ကြိုတင်ပြီးတော့ ပြင်နေပါတယ်။ ဒါတွေအပြင် ဆေးကုသမှုလုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေက လုပ်ငန်းခွင်ပြီးရင် မပြန်ဘဲ စိတ်အေးချမ်းစွာ နားရအောင် အဆောက်အအုံတွေမှာ ပြင်ဆင်နေတာတွေရှိပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ ဒါတွေကိုလည်း စီစဉ်ထားတာရှိပါတယ်။ ဒါ့အပြင် သိပ်မဆိုးတဲ့သူတွေဆိုရင် နောက်ထပ် ဘယ်လိုထားမလဲဆိုတဲ့အစီအစဉ်တွေ၊ ပိုးတွေ့ပေမဲ့ ရောဂါ လက္ခဏာမပြတဲ့သူတွေ၊ အသက်လည်းငယ်တယ်။ နောက်ခံရောဂါလည်း မရှိတဲ့သူတွေကို သီးခြားတစ်နေရာမှာ ကုသပေးဖို့ စီစဉ်နေတာရှိပါတယ်။ လက်ရှိအနေအထားအရတော့ ကျွန်မတို့ နိုင်နိုင်နင်းနင်းနဲ့ ဆောင်ရွက်နိုင်ပါတယ်။ နောက်ထပ်တိုးလာခဲ့ရင်လည်း ထားနိုင်ဖို့အတွက် နောက်ထပ်အစီအစဉ်တွေ ပြင်နေတာတွေလည်း ရှိပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ စတင်ဖြစ်ပွားစဉ်မှ စက်တင်ဘာ ၁၁ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ပိုးတွေ့ရှိမှုအခြေအနေအရ အင်းစိန်မြို့နယ်တွင် ၉၂ ဦး၊ လှိုင်မြို့နယ်တွင် ၈၃ ဦး၊ ကမာရွတ်မြို့နယ်တွင် ၆၈ ဦး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၁၂ ဦး၊ မရမ်းကုန်းမြို့နယ်တွင် ၇၃ ဦး၊ ဗိုလ်တထောင်မြို့နယ်တွင် ၄၂ ဦး၊ တာမွေမြို့နယ်တွင် ၇၂ ဦး၊ မင်္ဂလာဒုံမြို့နယ်တွင် ၄၅ ဦး၊ တောင်ဥက္ကလာပမြို့နယ်တွင် ၈၈ ဦး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) တွင် ၃၅ ဦး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) တွင် ၄၆ ဦး၊ ဗဟန်းမြို့နယ်တွင် ၂၄ ဦး၊ သာကေတမြို့နယ်တွင် ၄၃ ဦး၊ စမ်းချောင်းမြို့နယ်တွင် ၂၅ ဦး၊ ပုစွန်တောင်မြို့နယ်တွင် ၂၄ ဦး၊ လှိုင်သာယာမြို့နယ်တွင် ၃၂ ဦး၊ ကျောက်တံတားမြို့နယ်တွင် ၁၉ ဦး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၄၂ ဦး၊ ပန်းဘဲတန်းမြို့နယ်တွင် ၁၄ ဦး၊ ရွှေပြည်သာမြို့နယ်တွင် ကိုးဦး၊ လှည်းကူးမြို့နယ်တွင် ကိုးဦး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၉ ဦး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) တွင် ၁၄ ဦး၊ ဒေါပုံမြို့နယ်တွင် ၁၀ ဦး၊ ဒဂုံမြို့နယ်တွင် ၁၄ ဦး၊ ရန်ကင်းမြို့နယ်တွင် ၁၄ ဦး၊ ဒဂုံ (ဆိပ်ကမ်း) မြို့နယ်တွင် ၁၀ ဦး၊ ကြည့်မြင်တိုင်မြို့နယ်တွင် ၂၁ ဦး၊ အလုံမြို့နယ်တွင် ၁၁ ဦး၊ သန်လျင်မြို့နယ်တွင် ခြောက်ဦး၊ မှော်ဘီမြို့နယ်တွင် နှစ်ဦး၊ ကျောက်တန်းမြို့နယ်တွင် တစ်ဦး၊ တွံတေးမြို့နယ်တွင် ခြောက်ဦး၊ ဒလမြို့နယ်တွင် ခြောက်ဦး၊ လမ်းမတော်မြို့နယ်တွင် ၁၆ ဦး၊ ကော့မှူးမြို့နယ်တွင် ခြောက်ဦး၊ ခရမ်းမြို့နယ်တွင် နှစ်ဦး၊ ကျောက်တန်းမြို့နယ်တွင် တစ်ဦး၊ လသာမြို့နယ်တွင် တစ်ဦး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် တစ်ဦးနှင့် သုံးခွတွင် တစ်ဦး ရှိပြီဖြစ်သည်။

အလားတူ COVID-19 လူနာများနှင့် ကျန်းမာရေးစောင့်ရှောက်ပေးသူများ နေထိုင်ရန် တက္ကသိုလ်များဆေးရုံ ၊ မြန်မာနိုင်ငံ ဘောလုံးအကယ်ဒမီ၊ ရိုးမအိမ်ရာအဆောက်အအုံများကို ပြင်ဆင်နေသည်ဟု စက်တင်ဘာ ၁၁ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ကပ်ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပွဲတွင် ဆွေးနွေးချက်အရ သိရသည်။

ယင်းပွဲတွင် COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် လူနာဆောင်များ ထပ်မံတိုးချဲ့နေမှု၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအတွက် သီးသန့်နေထိုင်ရန် အဆောက်အအုံနှင့် အဆောင်များ ရရှိရေး စီမံဆောင်ရွက်နေမှု၊ လူနာများအား ကိုင်တွယ်ကုသမှုပေးနေသည့် ကျန်းမာရေးစောင့်ရှောက်သူများသည် ရောဂါကူးစက်ခံရနိုင်ခြေ မြင့်မားသူများဖြစ်သဖြင့် နေအိမ်သို့ ပြန်လည်နေထိုင်ပါက နေအိမ်ရှိ အတူနေ မိသားစုဝင်များထံ ရောဂါကူးစက်နိုင်ခြေရှိမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးသူများအတွက် သီးသန့်နေထိုင်ရန် အဆောင်နေရာများ၊ စားသောက်ရန်နှင့် ပို့ဆောင်ရန် အစီအစဉ်များ တင်ပြခြင်း၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ရှိ အဆောင်များတွင် လူနာများအား ကိုင်တွယ်ကုသမှုပေးနေသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ နေထိုင်ရေး၊ စားသောက်ရေးနှင့် ပို့ဆောင်ရေးတို့အတွက် စီစဉ်ထားရှိမှုအခြေအနေများ တင်ပြခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ရိုးမအိမ်ရာ အဆောက်အအုံများတွင် ရောဂါလက္ခဏာမရှိသူနှင့် သာမန်ရောဂါလက္ခဏာသာရှိသည့် COVID-19 လူနာများထားရှိရန်အတွက် စီစဉ်နေမှု၊ ကျန်းမာရေး စောင့်ရှောက်မှုပေးသူများအတွက် လုပ်ငန်းဆောင်ရွက်ရန်နေရာနှင့် နေထိုင်ရန် နေရာတို့ပါ ထည့်သွင်းစီစဉ်နေမှုများ တင်ပြခြင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၏ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ဘောလုံးအကယ်ဒမီနေရာတွင် ယာယီဆေးရုံများ ပြုလုပ်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ နေထိုင်ရန်အတွက် အဆောင်နေရာများ စီစဉ်ရန် အဆိုပြုတင်ပြခြင်း၊ တက္ကသိုလ်များဆေးရုံအား COVID-19 လူနာများ ထားရှိနိုင်ရေး အခြေအနေများကို ဆွေးနွေးထားသည်။

ယခုအခါ မြန်မာနိုင်ငံ၌ တွေ့ရှိရသော COVID-19 လူနာများ၏ ၇၅ ရာခိုင်နှုန်းသည် ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြသည့်အပြင် ယင်းရောဂါပိုး၏ မြန်ဆန်သောကူးစက်မှုပုံစံကို တွေ့ရှိရသည့်အတွက် အမြင်အားဖြင့် ကျန်းမာနေသည့် ရောဂါပိုးရှိသူများထံမှ ထပ်မံပြန့်ပွားရန် အလားအလာများနေကြောင်း၊ COVID-19 လူနာနှင့် ထိတွေ့ခဲ့သူများနှင့် ရောဂါဖြစ်ပွားမှုများပြားနေသည့် ရခိုင်ပြည်နယ်သို့ ခရီးသွားရာဇဝင်ရှိသူများအား ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်းများတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုမရှိပါက ၎င်းတို့မှတစ်ဆင့် ထပ်ဆင့်ရောဂါကူးစက်မှုများ ဖြစ်ပွားကာ ထိန်းချုပ်ရန် ခက်ခဲသောအခြေအနေသို့ ရောက်ရှိသွားနိုင်သည့်အပြင် ယင်းရောဂါ ထိန်းချုပ်မှုကာလမှာ ကြာရှည်သွားနိုင်ကြောင်းလည်း စက်တင်ဘာ ၄ ရက်က ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ပြန့်ပွားမှုအခြေအနေနှင့် ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ နေ့စဉ်ဆန်းစစ်သုံးသပ်ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားထားသည်။

လက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ကယားပြည်နယ် တစ်ခုတည်းတွင်သာ COVID-19 ရောဂါအတည်ပြုလူနာ မတွေ့ရှိရသေးပေ။

“ တစ်နေ့ကို လူနာ ၁၀၀ ကျော် ၂၀၀ ကျော် တွေ့လာရပြီ။ ရောဂါရဲ့ကူးစက်မှုနှုန်းက တစ်ယောက်နဲ့ တစ်ယောက် ပျံ့နှံ့နှုန်းကလည်း မြန်ပါတယ်။ နောက် အခုနောက်ပိုင်းမှာ Social Distancing တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေခွာတာ ဘယ်လောက်အရေးကြီးတယ်ဆိုတာပါ။ တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေသာခွာနေရင် တစ်ယောက်ကနေ နောက်လူတစ်ယောက်ကို ကူးစက်ဖို့က ၁ ဒသမ ၂၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါကြောင့် Social Distancing ကို မလိုက်နာဘူး။ ပူးပူးကပ်ကပ်နေတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခွာမနေဘူးဆိုရင် လူတစ်ယောက်ကနေပြီးတော့ နောက်တစ်ယောက်ကို ကူးစက်ဖို့က ၂ ဒသမ ၅ ဆ ရှိတယ်။ နှစ်ယောက်ခွဲလောက်ရှိတယ်။ အဲဒီနှစ်ယောက်ခွဲကနေ နောက်ထပ်ရက် ၃၀ ကြာတဲ့အခါမှာ လူ ၄၀၆ ယောက်ကို ကူးစက်တယ်ဆိုတဲ့ သက်သေပြချက်တွေက ရှိပြီးသားပါ။ ဒါကြောင့်မို့ လူအချင်းချင်းမှာ ခပ်ခွာခွာနေဖို့က အရေးကြီးတာပါ။ လူတိုင်းလူတိုင်းမှာက ရောဂါပိုးရှိနေနိုင်တယ်ဆိုတာကို စိတ်ထဲမှာထားပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေဖို့၊ လူကြားထဲမသွားဖို့၊ Mask တပ်ဖို့၊ လက်ကို မကြာခဏဆေးဖို့ ဒါတွေ အရေးကြီးပါတယ်။ တကယ့်တကယ် ဒီကိစ္စတွေက ဘာမှခက်ခဲတဲ့ ကိစ္စတွေမဟုတ်ပါဘူး။ လူတွေက တစ်ခါတလေကျရင် အကျင့်မဖြစ်တဲ့အခါမှာ မလုပ်ကြတာပါ။ ဒါပေမဲ့ အခုလို ကပ်ရောဂါအချိန်မှာဆိုရင် ဒါတွေလုပ်ခြင်းက လုံးဝကိုအကျိုးပြုတဲ့အခန်းကဏ္ဍ ဖြစ်လာပါတယ်” ဟု ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ဒေါက်တာခင်ခင်ကြီးက အကြံပြုပြောကြားထားသည်။

Most Read

Most Recent