ကရာဗန်ကော့တေ့ချ်မှာ ဂိုးပြတ်နိုင်ပွဲယူပြီး ရာသီအဖွင့် မျက်နှာပန်းလှခဲ့တဲ့ အာဆင်နယ်

ကရာဗန်ကော့တေ့ချ်မှာ ဂိုးပြတ်နိုင်ပွဲယူပြီး ရာသီအဖွင့် မျက်နှာပန်းလှခဲ့တဲ့ အာဆင်နယ်
Photos: AFP
Photos: AFP
Published 15 September 2020

၂၀၂၀-၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၁)ရဲ့ အဖွင့်ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းဟာ လန်ဒန်ဒါဘီအဝေးကွင်းပွဲစဉ်မှာ ဖူလ်ဟမ်အသင်းကို (၃)ဂိုးပြတ်အနိုင်ယူပြီး ကရာဗန်ကော့တေ့ချ်ကွင်းမှာ ရာသီအဖွင့်မျက်နှာပန်းလှခဲ့ပါတယ်။

ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ဖြစ်သလို၊ လန်ဒန်ဒါဘီပွဲစဉ်ဖြစ်တာကြောင့် စိတ်လှုပ်ရှားစရာကောင်းခဲ့ပေမယ့် အဆုံးသတ်မှာတော့ ပုံစံကောင်းပြနိုင်ခဲ့တဲ့အာဆင်နယ်အသင်းဟာ သက်သောင့်သက်သာနဲ့ ထိုက်တန်တဲ့နိုင်ပွဲတစ်ပွဲကိုရယူသွားခဲ့တာပါ။

အာဆင်နယ်အသင်းအတွက် နိုင်ပွဲနဲ့အတူ ကျေနပ်စရာကောင်းခဲ့တာက ကစားသမားသစ်တွေဖြစ်တဲ့ ဝီလီယံ၊ ဂါဘရီယဲလ်တို့ ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပြီး ဝီလီယံက ဂိုးဖန်တီးမှု (၂)ကြိမ်၊ ဂါဘရီယဲလ်ကသွင်းဂိုး (၁)ဂိုးနဲ့အတူ နည်းပြအာတီတာရဲ့ယုံကြည်မှုကို ခပ်သွက်သွက်ရယူနိုင်ခဲ့ပါတယ်။

နည်းပြပါကားဦးဆောင်လာတဲ့ တန်းတက်ဖူလ်ဟမ်အသင်းကတော့ အိမ်ကွင်းမှာ အမှတ်ရဖို့ကြိုးစားခဲ့ပေမယ့် ကစားပုံအဆင့်အတန်းနဲ့ ကစားသမားစုဖွဲ့မှုက ပရီးမီးယားလိဂ်လိုပြိုင်ပွဲမှာ လိုအပ်ချက်တွေရှိနေဆဲပါပဲ။

အထူးသဖြင့် အသင်းကြီးတစ်သင်းနဲ့တွေ့ဆုံမှုမှာ ပါကားရဲ့ကစားကွက်နဲ့ လူထုတ်ပုံက လိုအပ်ချက်တွေရှိခဲ့ပြီး  ပြီးခဲ့တဲ့ရာသီလိဂ်ချန်ပီယံရှစ်မှာ ဂိုးအများဆုံးသွင်းခဲ့တဲ့ မီထရိုဗစ်နဲ့ ဂိုးသမားသစ်အာရီယိုလာတို့ကို ပွဲမထုတ်ခဲ့တာက မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်းကိုအပြိုင်လိုက်ပြီး တိုက်စစ်ကစားဖို့ကြိုးစားခဲ့တာက အသင်းရဲ့ကွင်းလယ်နဲ့ ခံစစ်မှာ ဟာကွက်တွေများခဲ့ပြီး ဂိုးတွေလွယ်လွယ်ကူကူပဲခွင့်ပြုခဲ့ရတာပါ။

ပွဲချိန် (၈)မိနစ်မှာပဲ အာဆင်နယ်အသင်းအဖွင့်ဂိုးရခဲ့ပြီး ဝီလီယံရဲ့ အနီးကပ်ပိတ်သွင်းချက် ဂိုးသမားထိပြီးထွက်လာတာကို တိုက်စစ်မှူးလာကာဇက်က ဒီရာသီပရီးမီးယားလိဂ်ရဲ့ ပထမဆုံးဂိုးအဖြစ်သွင်းယူခဲ့ပါတယ်။

ဂိုးရပြီးနောက်မှာ ဖူလ်ဟမ်အသင်းကစားပုံ ချက်ချင်းဆိုသလိုပြာသွားခဲ့ပြီး အာဆင်နယ်အသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်စုဖွဲ့မှုကို ထိန်းချုပ်ဖို့ခက်သွားခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့တိုက်စစ်ကစားသမားတွေ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့သာ ဖူလ်ဟမ်အသင်းသက်သာရာရခဲ့တာပါ။ အာဆင်နယ်အသင်းရဲ့ခံစစ်ပိုင်းမှာလည်း ဂိုးသမားလေနိုပြန်လည်ပွဲထွက်ကာ အသင်းအတွက်တာဝန်ကျေခဲ့ပြီး ဟိုးလ်ဒင်း၊ ဂါဘရီယဲလ်နဲ့ တီယာနေးတို့ရဲ့ ခံစစ်တွဲကလည်း တည်ငြိမ်မှုကိုပြနိုင်ခဲ့တာက နည်းပြအာတီတာအတွက် ကျေနပ်စရာပါပဲ။

ပထမပိုင်းမှာ (ဝ-၁)ဂိုးနဲ့ပဲပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာ အာဆင်နယ်ကစားပုံပိုသွက်လာခဲ့သလို၊ ဖူလ်ဟမ်အသင်းချေပဂိုးအတွက်ကြိုးုစားခဲ့ပေမယ့် ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေမရှိခဲ့လို့ အာဆင်နယ်အသင်းကပဲ ပွဲကိုစိုးမိုးသွားခဲ့ပါတယ်။

ပွဲချိန် (၄၉)မိနစ်မှာ အာဆင်နယ်အသင်းဒုတိယဂိုးရခဲ့ပြီး ဝီလီယံရဲ့ထောင့်ကန်ဘောပေးပို့မှုကနေ ဂါဘရီယဲလ်က အာဆင်နယ်ကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို ပထမဆုံးပွဲမှာပဲ ရယူသွားခဲ့ပါတယ်။

ဆက်တိုက်ဆိုသလို အာဆင်နယ်ကပဲ တောက်လျှောက်ဖိအားပေးခဲ့ပြီး (၅၇)မိနစ်မှာ ဝီလီယံရဲ့ တိကျသေသပ်တဲ့ပေးပို့မှုကနေ အူဘာမီယန်းက ဖူလ်ဟမ်ခံစစ်ကို တစ်ကိုယ်တော်ကျော်ဖြတ်ပြီး လှလှကန်သွင်းကာ တတိယဂိုးကိုရယူပေးခဲ့ပါတယ်။

လက်ကျန်မိနစ်မှာလည်း အာဆင်နယ်အသင်းအခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို၊ ဖူလ်ဟမ်အသင်းက ဂိုးထပ်မပေးရဖို့ ခံစစ်ကိုပိတ်ဆို့ကစားခဲ့လို့ (၃-ဝ)ဂိုးရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

အာဆင်နယ်နည်းပြအာတီတာအတွက်တော့ ရာသီသစ်အဖွင့်ဂိုးပြတ်အနိုင်ရလဒ်ဟာ ကျေနပ်စရာကောင်းခဲ့သလို ကစားသမားသစ်တွေခြေစွမ်းပြနိုင်ခဲ့တာကလည်း ယုံကြည်မှုတစ်ခုဖြစ်စေပါလိမ့်မယ်။

Most Read

Most Recent