ရွှေ့ဆိုင်းရန် မရှိသေးသည့်ရွေးကောက်ပွဲနှင့် ကပ်ရောဂါတုံ့ပြန်မှု အခြေအနေများက အာဏာရပါတီကို အသာရစေသလား

ရွှေ့ဆိုင်းရန် မရှိသေးသည့်ရွေးကောက်ပွဲနှင့် ကပ်ရောဂါတုံ့ပြန်မှု အခြေအနေများက အာဏာရပါတီကို အသာရစေသလား
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သြဂုတ် ၁၉ ရက်က ဇမ္ဗူသီရိမြို့နယ်အတွင်း ပါတီဝင်များနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ-ဇေယျာထွန်း)
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သြဂုတ် ၁၉ ရက်က ဇမ္ဗူသီရိမြို့နယ်အတွင်း ပါတီဝင်များနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ-ဇေယျာထွန်း)
Published 6 September 2020
အလင်းဒီ

COVID-19 ဆိုသည့် ကူးစက်မြန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် နိုဝင်ဘာတွင် ကျင်းပမည့် တတိယအကြိမ်မြောက် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲသည် မကြုံစဖူး စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။

သို့သော် ရွေးကောက်ပွဲကို အဓိကစီမံ ခန့်ခွဲသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လတ်တလောအနေအထားတွင်  ရွေး ကောက်ပွဲကို ရွှေ့ဆိုင်းရန် မရှိကြောင်း ဆိုသည်။

အကယ်၍ COVID ကူးစက်မှု များပြားလာပြီး ရွေးကောက်ပွဲ ရွှေ့ဆိုင်းရမည့် အခြေအနေရှိလျှင် ရွေးကောက်ပွဲကျင်းပရန် တစ်လဝန်းကျင်အလိုမှသာ အသိပေးမည့် သဘောရှိနေသည်။

“များများလာတယ်။ (COVID အတည်ပြုလူနာ) ဆိုတာကလည်း  စစ်တွေနဲ့ ရန်ကုန်ပေါ့နော်။ စစ်တွေနဲ့ ရန်ကုန်မှာ အဖြစ်များတာပေါ့။ ကျန်တဲ့နေရာတွေမှာ ဒီလောက်မရှိဘူး။ ရွှေ့ဖို့ရှိရင် အောက်တိုဘာမှာ ကြို ပြီး ပြောမှာပေါ့”ဟု ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က စက်တင်ဘာ ၂ ရက် နေပြည်တော် ကော်မရှင်ရုံး၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထို့ကြောင့် နိုင်ငံရေးပါတီများ၏ လတ်တလောအနေအထားသည် နိုဝင်ဘာ ၈ ရက် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ပုံမှန်အတိုင်း ကျင်းပမည်ဟုမှတ်ယူ၍ ရွေးကောက်ပွဲ အောင်နိုင်ရေးကို အာရုံစိုက်ရန်သာ ရှိသည်။

သို့သာ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၅ ရက် နံနက်ပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID အတည်ပြု လူနာ ၁၂၁၆ ဦးရှိသည်။

ထို့ပြင် ရောဂါကူးစက်မှု အနေအထားတွင်လည်း နေစဉ် ဆယ်ဂဏန်းမှ ရာဂဏန်း အထိတွေ့ရှိနေရပြီး ယင်းက လာမည့်ရက်သတ္တပတ်အတွင်း နိုင်ငံရေးပါတီများ စတင်ပြုလုပ်မည့် တရားဝင် မဲဆွယ်စည်းရုံးမှုများ အတွက် အဟန့်အတားဖြစ်နေကြောင်း ပါတီတာဝန်ရှိသူများက မှတ်ချက်ပြုသည်။

“ဒီလထဲမှာဆို ရွေးကောက်ပွဲစည်းရုံးရေးလုပ်ဖို့ အခွင့်အရေး ရှိလာပြီ။ ဒါပေမဲ့ လွန်ခဲ့တဲ့ အချိန်လိုမျိုးတော့ လုပ်လို့ရမှာ မဟုတ်ဘူး။ တစ်ခုရှိတာ လူထုကို ဘယ် လောက်အထိ ကန့်သတ်မလဲဆိုတဲ့ အပိုင်း တွေကို အစိုးရအနေနဲ့ ရှင်းရှင်းလင်းလင်း ချမှတ်သင့်တယ်”ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဒုတိယဥက္ကဋ္ဌ ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID ရောဂါ ပြန့်ပွားမှု အခြေ အနေကြောင့် လူဦးရေ ၃၀ အထိသာ စုဝေး ခွင့်ပြုထားသည်။

ထို့ပြင် သြဂုတ်လတတိယပတ်တွင် ရခိုင်ပြည်နယ်မှ ပြန်လည်စတင်သည့် ပြည်တွင်းရောဂါကူးစက်မှု အခြေအနေကြောင့် ၁၅ ရက်စီ သက်တမ်းတိုးလာသည့် COVID-19 ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ပြည်သူ သို့ ပန်ကြားချက်၊ အမိန့်နှင့် ညွှန်ကြားချက် များကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦး ဆောင်သည့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီက စက်တင်ဘာလကုန်အထိ တစ်လတိတိ တိုးမြှင့်ခဲ့ပြန်သည်။

သို့ဖြစ်ရာ COVIDရောဂါ ကာကွယ်ရေးအခြေအနေအောက်မှ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရမည့်အခြေအနေက ပါတီသစ်၊ ပါတီငယ်အချို့အတွက် အခက်အခဲအချို့ ဖြစ်လို့နေသည်။

“အဲဒီလို ကန့်သတ်ချက်တွေအောက်မှာ ရွေးကောက်ပွဲကို ဝင်ပြိုင်ရမယ်ဆိုရင် တန်းတူရည်တူဖြစ်ဖို့ဆိုတာ မလွယ်ဘူး။ တန်းတူရည်တူ မရှိနိုင်ဘူး”ဟု ပါတီတည် ထောင်သက် တစ်နှစ်ကျော်သာရှိသေးသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

နိုင်ငံရေးပါတီများ  အဓိကအခက်အခဲဖြစ်သည်က လူဦးရေ ၃၀ သာ ခွင့်ပြုထားသည့် လူစုဝေးနိုင်မှုပမာဏဖြစ်ပြီး တစ်ဖက်တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမျိုးသားရေးအသွင်သဏ္ဌာန် ရင်ဆိုင်တုံ့ ပြန်နေရသည့် ကပ်ရောဂါဆိုးကြောင့် မဲရရေးဆန္ဒတစ်ခုတည်းဖြင့် လူဦးရေမည်မျှ စုဝေးခွင့်ပြုပါဟူ၍ တောင်းဆိုရန် အခက်တွေ့လျက်ရှိသည်။

“ကျွန်တော်ကတော့ COVID အခြေအနေအပေါ် မူတည်ပြီးတော့ ကျန်းမာရေးအတွက် ဦးစားပေး။ တစ်ဖက်ကလည်း မဲဆွယ်စည်းရုံးရမယ့် နိုင်ငံရေးပါတီတွေ လုပ်သာကိုင်သာရှိအောင် စဉ်းစားပေးစေချင်တဲ့ သဘောထားရှိပါတယ်”ဟု ပြည်သူ့ရှေ့ ဆောင်ပါတီဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ ကမာ ရွတ်မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း လည်းဖြစ်သည့် ဦးမြင့်မောင်ထွန်းက ပြော ကြားသည်။

သြဂုတ် ၁၉ ရက်က အာဏာရပါတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့သည် နေ ပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ် ကွက်ရှိ ပါတီဝင်များ၏နေအိမ်သို့ သွား ရောက်ခဲ့သည့်ဖြစ်စဉ်တွင် လူအင်အား ရာ ဂဏန်းရှိ လူစုလူဝေးအနေအထား ဖြစ်ပွားခဲ့ သည်။

ထိုအချိန်သည် ပြည်တွင်းကူးစက်မှု အရှိန်အဟုန်ဖြင့် ပြန်လည်ဖြစ်ပွားသည့် သြဂုတ် ၁၆ ရက်နောက်ပိုင်း သုံးရက်အကြာ တွင်ဖြစ်ရာ NLD ပါတီဥက္ကဋ္ဌတစ်ဖြစ်လဲ ပါတီရွေးကောက်ပွဲ အောင်နိုင်ရေးဗဟိုကော် မတီဥက္ကဋ္ဌ၏ အဆိုပါခရီးစဉ်နှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိခဲ့သည်။

ထိုဖြစ်စဉ်နှင့် စပ်လျဉ်း၍ NLD ပါတီ ဥက္ကဋ္ဌကို နေပြည်တော်ဒေသခံ NLD ပါတီ ဝင်ဟောင်းဆိုသူ ညီညီ (ခ) ထွန်းမြင့်အောင် က လူစုလူဝေး မပြုလုပ်ရေးတားမြစ်ချက်ကို ဖောက်ဖျက်သည်ဆိုကာ ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်သော်လည်း ရဲအရေးမပိုင်သည့် အမှုဟုဆိုကာ သက်ဆိုင် ရာ ရဲစခန်းက အမှုဖွင့်ပေးခဲ့ခြင်း မရှိပေ။

ထိုဖြစ်စဉ်တို့ကြောင့် လက်ရှိခွင့်ပြုထားသည့် လူစုလူဝေးကန့်သတ်ချက်က လာမည့် ရွေးကောက်ပွဲကို မည်မျှသက်ရောက်နိုင် ကြောင်းသိသာစေပြီး ထိုသို့အငြင်းပွားမှုများ မရှိစေရန်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုနှင့် ပတ်သက်သည့်ညွှန်ကြားချက်များကို ကော် မရှင်အနေဖြင့် အမြန်ဆုံးထုတ်ပြန်ရန်လိုအပ် ကြောင်း နိုင်ငံရေးပါတီများက ထောက်ပြကြ သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၉၂ ပါတီနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆၉၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၆၇၄၂ ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၂၈၁ ဦး စုစုပေါင်း ကိုယ် စားလှယ်လောင်း ၇၀၂၃ ဦး အမည်စာရင်း တင်သွင်းခဲ့သော်လည်း အရည်အချင်းသတ် မှတ်ချက်နှင့် မကိုက်ညီမှုကြောင့် ကိုယ်စား လှယ်လောင်းအချို့ ပယ်ချခံရမှုများရှိသည့်တိုင် ၂၀၁၅ ရွေးကောက်ပွဲကိုယ်စားလောင်း အရေအတွက်ထက် ၉၀၀ ဝန်းကျင် ပိုမိုများပြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီမှ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ ရွေးကောက်ပွဲ မဲဆွယ်နိုင်မည့်ရက်ကို ကြေညာထားသော်လည်း ကပ်ဘေးကာလ ပုံမှန် မဟုတ်သည့် အခြေအနေတွင် မဲဆွယ်စည်းရုံးရာ၌ လိုက်နာရမည့် ညွှန်ကြားချက်များကိုမူ စက်တင်ဘာ ၅ ရက်အထိ ထုတ်ပြန်ခြင်း မရှိသေးပေ။

လာမည့် ရက်ပိုင်းအတွင်း ရွေးကောက်ပွဲ မဲဆွယ်ကာလရောက်ရှိမည်ဖြစ်ရာ မဲဆွယ်ကာလသတ်မှတ်ခြင်းနှင့် ကိုယ်စား လှယ်လောင်းများ မဲဆွယ်ရာတွင် လိုက်နာ ရမည့် စံသတ်မှတ်ချက်များကို မကြာမီ ထုတ် ပြန်ပေးမည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် က ပြောကြားသည်။

“မဲဆွယ်စည်းရုံးရင် ဘာတွေ လိုက်နာရမယ်ဆိုတာကို မကြာခင်မှာ ထုတ်ပြန်မယ်။ မဲဆွယ်စည်းရုံးခွင့်ပေးတာနဲ့ ဒါတွေကို တစ်ပြိုင်တည်း အကြောင်းကြားမယ်။ UEC ဝက်ဘ်ဆိုက်မှာလည်း တင်မယ်။ Facebook မှာလည်း တင်မယ်”ဟု ၎င်းက ဆိုသည်။

လတ်တလောတွင် ကော်မရှင်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုနှင့်ပတ်သက်၍ ခွင့်ပြုခြင်းမရှိသေးသော်လည်း ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ဇူလိုင် ၁ ရက်ကကြေညာပြီးကတည်း က အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီများက ပါတီစည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်သည်ချင်း တူညီသော်လည်း မတူညီသည်က လက်ရှိပြည်ထောင်စုအစိုးရအဖွဲ့ဝင်များက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲနေ့ ကြေညာပြီး နောက်နေ့ကတည်းက တရားဝင် ဆောင်ရွက်ခွင့်ရှိခြင်းဖြစ်ပြီး အခြားနိုင်ငံရေးပါတီများက ပါတီရုံးခန်းဖွင့်လှစ်ခြင်း၊ ပါတီအား လူထုသိရှိစေရန် ဆောင်ရွက်ခြင်းတို့ကို အကန့်အသတ်များကြားမှ ဆောင်ရွက်ရ သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ ပါတီလုပ် ငန်းတွင် ပါဝင်ဆောင်ရွက်ခွင့် မရှိသော် လည်း ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေက ယင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာတွင် ပြဋ္ဌာန်းသည့်ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပါ ပုဒ်မအချို့က ပြည်ထောင်စုအစိုးရအဖွဲ့ ဝင်နှင့် ဒုတိယဝန်ကြီးတို့၏ ရွေးကောက်ခံ ပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် အားသာချက် ဖြစ်နေသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ဝင် တစ်ဦးဦး နှင့် ဒုတိယဝန်ကြီးတစ်ဦးဦးတို့သည် ရွေး ကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်သူဖြစ် လျှင် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၇ (ခ) နှင့် ၁၇ (ဃ) တို့အရ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် ပါတီစည်းရုံးရေး၊ နယ်မြေ စည်းရုံးရေးလုပ်ငန်းများကို အခြားပါတီများ မဲဆွယ်ခွင့်မရမီ ဆောင်ရွက်ခွင့်ရရှိသည်။

ပင်မဥပဒေဖြစ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို တည်ဆဲဥပဒေများအနေဖြင့် ကျော် လွန်ခွင့်မရှိရာ အဆိုပါပြည်ထောင်စုအစိုးရ အဖွဲ့ဥပဒေသည် အခြေခံဥပဒေနှင့် ဆန့် ကျင်ခြင်း ရှိ၊ မရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာခုံရုံးက ဆုံးဖြတ်ရန်လိုအပ်ကြောင်းထောက် ပြမှုများ ရှိခဲ့သည်။

သို့သော် ယခင် ဦးတင်အေး ဦးဆောင်သည့်ရွေးကောက်ပွဲကော်မရှင်မှအစ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပါ ပုဒ်မများကို အသုံးပြုပြီး ထိုစဉ်က ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု နိုင်ငံတော်သမ္မတအပါအဝင် ဝန်ကြီးများကို ပါတီစည်းရုံးရေး ဆောင်ရွက်ခွင့်ပြုခဲ့သောကြောင့် NLD ပါတီအနေဖြင့် မိမိ အတိုက်အခံအဖြစ်ရှိစဉ်က ကန့်ကွက်ခဲ့သည့်ဥပဒေကို အာဏာရစဉ် ပြန်လည်အသုံးပြုကြောင်း ဝေဖန်သည့်နည်းလမ်းမှ တစ်ပါး အခြားဆောင်ရွက်နိုင်သည့် အခွင့်အရေး မရှိခဲ့ပေ။

ထိုသို့ အားသာချက်များဖြင့် လာမည့် ရွေးကောက်ပွဲ ဆက်လက်ယှဉ်ပြိုင်မည့် NLD ပါတီဥက္ကဋ္ဌနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဒုတိယဥက္ကဋ္ဌ (၁) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့သည် ပါတီကိုယ်စားပြု လွှတ်ကိုယ်စားလှယ်လောင်းရွေးချယ်သည့် လုပ်ငန်းစဉ်၊ ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ငန်းစဉ်တို့ အပါအဝင် ပါတီနှင့်သက်ဆိုင်သည့် ကိစ္စရပ် များတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

“လက်ရှိ အခြေအနေတွေအရတော့ Level Playing Field ရှိတယ်လို့ ပြောလို့ မရဘူး။ ကျွန်တော်တို့ ပါတီငယ်တွေအတွက်ဆို ပိုဆိုးတာပေါ့ဗျာ”ဟု တိုင်းဒေသကြီး သုံးခုတွင် ကိုယ်စားလှယ်လောင်း ၁၆ ဦးသာ ဝင်ရောက် ယှဉ်ပြိုင်မည့် လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောကြားသည်။

လက်ရှိတွင် နိုင်ငံအတွင်း COVID အတည်ပြုလူနာ တစ်ထောင်ကျော်ရှိလာခဲ့ရာ ယင်းသို့ ကပ်ရောဂါ ဖြစ်ပွားမှုကြားမှ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးသည် အစိုးရ၏ကပ်ရောဂါကို ထိန်းချုပ်နိုင်မှု၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့၏ ကျန်းမာရေးနှင့်အညီ လုံခြုံမှုရှိစွာ မဲပေးနိုင်ရေး စီမံခန့်ခွဲမှုတို့အပေါ် အဓိကမူတည်မည်ဖြစ်သည်။

သြဂုတ်လ တတိယပတ်မှစတင်ပြီး မြန်ဆန်စွာ ဖြစ်ပွားနေသည့် ပြည်တွင်းရောဂါ ကူးစက်မှု အခြေအနေကို ထိန်းချုပ်နိုင်ရေးက အစိုးရအတွက် လွယ်ကူသည့် စိန်ခေါ်မှု မဟုတ်သလို တစ်ဖက်တွင်လည်း အခွင့်အ လမ်းတချို့ရှိကြောင်း သုံးသပ်ကြသည်။

အစိုးရသည် COVID-19 ဖြစ်ပွား သည့်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကို စားသောက်ကုန်နှင့် ငွေကြေးထောက်ပံ့မှု များကို နှစ်ကြိမ်အထိပြုလုပ်ထားပြီး ထပ်မံ ၍ တတိယအကြိမ်မြောက်ထောက်ပံ့မှုအဖြစ် အိမ်ထောင်စုပေါင်း ၅ ဒသမ ၆ သန်းကျော် ကို ကျပ်နှစ်သောင်းနှုန်းပေးအပ်ရန် စီစဉ်လျက်ရှိသည်။

ထိုသို့ ထောက်ပံ့မှုများ ပြုလုပ်ခဲ့ရာတွင် အချို့သောမြို့နယ်များ၌  NLD ပါတီမှတိုင်း နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင် ပေးအပ်ကြရာ နိုင်ငံတော်အစိုးရက ထောက် ပံ့မှုကို လက်ရှိအာဏာရပါတီက ပေးအပ်သည်ဟု ထင်မှတ်မှားစရာ ဖြစ်နိုင်ကြောင်း ထောက်ပြဝေဖန်မှုများရှိသည်။

အချို့သော မြို့နယ်များတွင်မူ NLD ပါတီမှ ဝန်ကြီးအချို့နှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ ထောက်ပံ့ငွေပေးအပ်သည့်အခမ်းအနားသို့ တက်ရောက်သော်လည်း အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေ လက် ဝယ်ပေးအပ်ရာတွင် ပါဝင်မှုမရှိသည်ကို တွေ့ရသည်။

သို့သော် အစိုးရကထောက်ပံ့မှုကိုပါတီတစ်ခုက ထောက်ပံ့သည့်ပုံစံအဖြစ် ဖြစ်ပွား ခဲ့သည့် ဖြစ်စဉ်အချို့ရှိခဲ့ပြီး ယင်းတို့အနက် ဇူလိုင် ၂၆ ရက်က ဧရာဝတီတိုင်း ဟင်္သာတ မြို့ လယ်တီကွင်းရပ်ကွက်ရုံးတွင် ဖြစ်ပွားခဲ့ သည့် ဖြစ်စဉ်၊ သြဂုတ် ၅ ရက်က မြစ်ကြီးနား မြို့နယ် တာလောကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ငွေကြေးထောက်ပံ့မှုဖြစ်စဉ်တို့က ထင်ရှားသည်။

ဟင်္သာတမြို့ လယ်တီကွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အိမ်ထောင်စုများ အား အစိုးရထောက်ပံ့ငွေ ကျပ်နှစ်သောင်း ပေးအပ်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ယခု ထောက်ပံ့ငွေကို မည်သူကပေးအပ် ကြောင်း မေးမြန်းရာ ငွေလက်ခံရယူသူများ က သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ပေးခြင်းဖြစ် ကြောင်း ပြန်လည်ဖြေကြားသည့် ရုပ်သံဗီဒီ ယိုဖိုင် အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည်။

ထိုအချိန်တွင် အမျိုးသမီးတစ်ဦးက “NLD အဖွဲ့က ပေးတာပါ”ဟု ပြောဆိုမှုရှိခဲ့ သည်ကို ဗီဒီယိုဖိုင်တွင်ပါဝင်မှုအရ သိရ သည်။

“ဒါတွေက ဘာပြောပြော အစိုးရအာဏာသုံးပြီးတော့ မဲဆွယ်စည်းရုံးမှုတွေ လုပ် နေတယ်ဆိုတာ သာမန် အသိဉာဏ်နဲ့တောင် အကဲဖြတ်လို့ရတာပဲ”ဟု အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြော ကြားသည်။

တစ်ဖန် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာဖြစ်စဉ်တွင် ရပ်ကွက်အုပ်ချုပ် ရေးမှူးက  ပထမအကြိမ်အဖြစ် ဆန်၊ ဆီနှင့် စားသောက်ကုန်အချို့ ထောက်ပံ့သလို ယခု ဒုတိယအကြိမ်တွင်လည်း ငွေကြေးထောက် ပံ့၍ ဝန်ကြီးနှင့် ပါတီသည် ကျေးဇူးရှိကြောင်း၊ ထိုကျေးဇူးကို နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ တွင် မဲထည့်၍ ကျေးဇူးဆပ်ရန် ထောက်ပံ့ငွေ လက်ခံရယူသည့် အိမ်ထောင်စုများကို တိုက် တွန်းပြောကြားနေသည့် ဗီဒီယိုဖိုင် အွန်လိုင်း တွင် ပျံ့နှံ့ခဲ့ပြန်သည်။

“ပြည်သူတွေကို ထောက်ပံ့တာက အစိုးရရဲ့အလုပ်ပါ။ အစိုးရက အောက်ခြေ ဌာနအဆင့်အဆင့်ကို ညွှန်ကြားဆောင်ရွက် ရမယ့်ကိစ္စတွေမှာ ပါတီ ဘက်က ဆောင်ရွက် ခွင့်လုပ်ပိုင်ခွင့်မရှိဘူး။ အစိုးရရဲ့အလုပ်ကို ပါတီက တစ်ဖက်လှည့်နဲ့ လုပ်နေတာသည် လုံးဝ မဖြစ်သင့်ပါဘူး”ဟု မွန်ညီညွတ်ရေး ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး နိုင်လယိတမက ပြောကြားသည်။

ယခုကဲ့သို့ ပြည်သူလူထုအား ထောက် ပံ့ငွေသည် အစိုးရက တိုင်းပြည်ဘဏ္ဍာမှ ကျခံသုံးစွဲပေးခြင်းဖြစ်ရာ အဖွဲ့အစည်းတစ် ခု၏ အကျိုးစီးပွားအတွက် သက်ရောက်မည် ဆိုလျှင် မူလရည်ရွယ်ချက်ကွယ်ပျောက်သွား နိုင်ကြောင်းလည်း ဆိုကြသည်။

“သဘောကတော့ သတင်းတွေမှာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေပဲ ပေါ်နေမှာပေါ့။ ဆိုတော့ တကယ်လို့သာ ဒီလို အခြေအနေ မျိုးနဲ့ အကန့်အသတ်တွေ ရှိတယ်ဆိုရင်တော့ အာဏာရပါတီရဲ့ လူထုဆီ သတင်းရောက်ရှိ မှုကတော့ မြင့်နေမှာပေါ့”ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် ပြည်တွင်း အရပ် ဘက်အဖွဲ့အစည်း တစ်ခုဖြစ်သော PACE အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က မှတ်ချက်ပြုသည်။

ထိုကဲ့သို့ COVID ရောဂါ ကာကွယ် တုံ့ပြန်ရေးနှင့်စပ်လျဉ်းသည့် အစိုးရဆောင်ရွက်ချက်အချို့နှင် ပတ်သက်၍ အာဏာရ ပါတီကို ဝေဖန်ကြခြင်းက သဘာဝကျသော်လည်း တစ်ဖက်တွင် ပကတိအခြေအနေနှင့် လွဲချော်မှုများရှိနေကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူနှင့်နိုင်ငံရေး ဆောင်းပါးရှင် ဦးသန်းစိုးနိုင်က ပြောကြားသည်။

“အဲဒီလို မဟုတ်ဘဲနဲ့ ဒါကို အခွင့်အရေး တစ်ရပ်နဲ့ ပြောမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ COVID ကာကွယ်ရေးကော် မတီအနေနဲ့ ဘာအလုပ်မှမလုပ်ဘဲ ထိုင်ကြည့် နေဖို့ပဲရှိတယ်။ အဲဒါဆိုရင် တိုင်းပြည်အ တွက် ပိုနစ်နာမှာပေါ့။ ဒီပြဿနာတွေနဲ့ပတ် သက်လို့ သူတို့လုပ်သင့်တဲ့ကိစ္စက စည်းရုံး ခွင့်ကို ရွေးကောက်ပွဲကော်မရှင်ကို တင်ပြပြီး သင့်တင်လျောက်ပတ်တဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ ဘယ်လိုသဏ္ဌာန်မျိုးတွေ လုပ် သင့်တယ်ဆိုတာ သူတို့တောင်းဆိုသင့်ပါ တယ်”ဟု ဦးသန်းစိုးနိုင်က ပြောကြားသည်။

COVID ကာကွယ်တားဆီးရေး ကန့်သတ်ချက်များက ယခင် ရွေးကောက်ပွဲကဲ့သို့ လူအင်အား အများအပြားဖြင့် မဲဆွယ်ဟော ပြောပွဲများကို မြင်တွေ့ရနိုင်ခြေ နည်းပါးပြီး ပုံမှန်မဟုတ်သည့် ရွေးကောက်ပွဲ မဲဆွယ်မှုများကို ဦးတည်စေမည်ဖြစ်သည်။

နိုင်ငံရေးပါတီ အများစုအနေဖြင့် နည်းပညာပိုင်းဆိုင်ရာ အားနည်းသော်လည်း ပုံမှန် မဲဆွယ်ဟောပြောပွဲကဲ့သို့ လူစုလူဝေးများက ကူးစက်မြန် COVID-19 ရောဂါ ကာကွယ်ရေးအတွက် များစွာ အနှောင့်အယှက်ဖြစ်နိုင်ရာ လူမှုကွန်ရက် အွန်လိုင်း စာမျက်နှာများတွင် မဲဆွယ်စည်းရုံးမှုကို အလေ့အကျင့် အားနည်းသည့်တိုင် လိုက်နာ ကျင့်သုံးရန် အကြောင်းဖန်လာမည်ဖြစ် သည်။

ဆိုရှယ်မီဒီယာအသုံးပြု မဲဆွယ်ရာတွင် ပါတီအချို့အတွက် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲကြုံတွေ့နိုင်ပြီး ပါတီအချို့အနေ ဖြင့် ၎င်းတို့၏ လှုပ်ရှားမှုပျံ့နှံ့မှု အားကောင်းစေရန် ငွေကြေးအသုံးပြု ကြော်ငြာရာတွင် အခက်အခဲရှိနိုင်ကြောင်း သိရသည်။

“ငွေရေးကြေးရေးပြည့်စုံတဲ့ အဖွဲ့အစည်းတွေ၊ အာဏာနဲ့နီးစပ်တဲ့ အဖွဲ့အစည်းတွေ၊ အာဏာရနေတဲ့ အဖွဲ့အစည်းတွေက လုပ်သာကိုင်သာ အခြေအနေတွေ ပိုများတာပေါ့”ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဆိုသည်။

မူလကတည်းက တပ်မတော်နှင့် AA အဖွဲ့အကြား စစ်ရေးပြင်းထန်နေသည့်အပြင် COVID ရောဂါ ကူးစက်ပျံ့ပွားမှုနှင့်ပါ ရင် ဆိုင်နေရသည့် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိ၊ မရှိ သံသယရှိ ဆဲဖြစ်ကြောင်း ပြည်နယ်လွှတ်တော်တွင် နေရာအများစုရထားသည့် ရခိုင်အမျိုးသားပါတီ (ANP) က ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များကို ဇွန် ၂၉ ရက်က ကနဦး ကြေညာရာတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်စလုံးကို ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒ နယ်များအဖြစ် ထည့်သွင်းထားသည်။

သို့သော် တိုက်ပွဲဖြစ်ပွားမှုအပြင် COVID ရောဂါကိုပါ တစ်ပါတည်း ရင်ဆိုင်နေရသည့် ရခိုင်ပြည်သူလူထုအနေဖြင့် ရွေးကောက်ပွဲကို စိတ်ဝင်စားနိုင်သည့် အခြေအနေမရှိသလို တစ်ဖက်တွင် အဆိုပါအခြေအနေများကြောင့် ပါတီအနေဖြင့် ရွေးကောက်ပွဲ အကြိုပြင်ဆင်မှုများကိုမလုပ်နိုင်သေးကြောင်း ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်း လှက ပြောကြားသည်။

 “တိုက်ပွဲက နေ့စဉ်ဖြစ်နေတယ်။ ဒုက္ခ ရောက်တဲ့သူကို ရွေးကောက်ပွဲ စိတ်ဝင်စားပါ လို့ သွားပြောဖို့ တော်တော် အခက်အခဲရှိ တယ်။ အဲဒါကြောင့် ရခိုင်မှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်က အမှန်တကယ်ရှိမလားဆို တာတောင် စိုးရိမ်မှုရှိတယ်”ဟု ၎င်းက ဆိုသည်။

နယ်မြေလုံခြုံရေး အခြေအနေအရ ရခိုင်ပြည်နယ်မြို့နယ်အချို့တွင် ရွေးကောက် ပွဲကျင်းပနိုင်ဖွယ်မရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က စက်တင်ဘာ ၂ ရက် သတင်းစာရှင်းလင်း ပွဲတွင် စကားဦးသမ်းထားသည်။

ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲ ဆန္ဒနယ်များ အပါအဝင် COVID အခြေအနေကြောင့်  ရွေးကောက်ပွဲ ရွှေ့ဆိုင်းမည်ဆိုလျှင် အောက်တိုဘာလတွင် အသိပေးပြောကြားမည်ဖြစ်ပြီး လက်ရှိတွင် ပြည်သူများ စိတ်ချမ်းမြေ့စွာ ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားသည်ဟု ဦးမြင့်နိုင်က ဆို သည်။

“မဲဆန္ဒရှင်တွေ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ မဲပေးနိုင်ဖို့ COVID ကာလမှာကျင်းပခဲ့တဲ့ စင်ကာပူတို့၊ ကိုရီးယားတို့ကို နမူနာကြည့်ပြီး ပြင်ဆင်ထားပါတယ်”ဟု ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

ကော်မရှင်အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၃၇ သန်းကျော်အတွက် မဲရုံပေါင်း ၄၀၀၀၀ ကျော်နှင့် မဲဆန္ဒရှင်ဦးရေများသည့် မဲရုံများတွင် အဆိုင်းလိုက် မဲပေးခြင်းကို စီစဉ် ဆောင်ရွက်မည်ဖြစ်ကြောင်း ယခင်ကတည်းက ပြောကြားထားသည်။

ထို့ပြင် ကော်မရှင်သည် ရွေးကောက်ပွဲ ကျင်းပရာတွင် ကျန်းမာရေး စည်းကမ်းများ နှင့်အညီဖြစ်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေ သလို ယင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး ဆောင်သည့် ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာ ရေးအထောက်အကူပြုကော်မတီကိုလည်း ဖွဲ့စည်းထားကြောင်း သိရသည်။

ကပ်ရောဂါကြားမှ ရွေးကောက်ပွဲ ကျင်းပမှုတွင် မြန်မာနိုင်ငံက ပထမဆုံး မဟုတ်ဘဲ အာရှနိုင်ငံတစ်ခုဖြစ်သည့်တောင်ကိုရီးယားက ဧပြီနှင့် အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် စင်ကာပူက ဇူလိုင်တွင် အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်သည်။

လက်တလောအနေအထားအရ မြန်မာနိုင်ငံ၏ COVIDရောဂါ ကူးစက်မှုအခြေ အနေသည် အခြားနိုင်ငံ အများစုထက် နည်းပါးသော်ငြား ချမ်းသာကြွယ်ဝမှုနှင့် အရင်းအမြစ်ဆိုင်ရာ အားနည်းသည့် မြန်မာနိုင်ငံ ၏ COVID ကပ်ရောဂါကြားမှ ရွေးကောက် ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးသည် စိန်ခေါ်မှု အများအပြားရှိကြောင်း လေ့လာသူများက မှတ်ချက်ပြုသည်။

ထို့ကြောင့် COVID ကူးစက်ပြန့်ပွားမှု ပိုမိုဆိုးရွားလာလျှင် ရွေးကောက်ပွဲကို ရွှေ့ ဆိုင်းစေလိုသည့် ပါတီအချို့ရှိသလို ပါတီ အချို့က ငါးနှစ်တစ်ကြိမ်ကျင်းပရသည့် ဒီ မိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်အ တွက် အရေးပါသော ရွေးကောက်ပွဲကို မူလ အတိုင်းကျင်းပရန် ဆန္ဒရှိကြသည်။

သို့ရာတွင် COVID စည်းကမ်းများ ကြားမှ ပါတီဖွဲ့စည်းမှု အဆင့်ဆင့် ခိုင်မာပြီး ပါတီကြီးများ၊ အထူးသဖြင့်  အာဏာရပါတီ နှင့် တန်းတူရည်တူယှဉ်ပြိုင်မည့် ရွေးကောက် ပွဲကစားကွင်းအနေအထား မရှိမည်ကို စိုး ရိမ်မှုရှိကြ သည်။

“ရောဂါပိုးတွေ ပြန့်ပွားနေရင် ရွေး ကောက်ပွဲကို နောက်ကို ရွှေ့ဖို့ပဲလိုတယ်။ ဒီ လိုအခြေအနေမျိုးနဲ့ ရွေးကောက်ပွဲ ကျင်းပ မယ်ဆိုရင် မျှတမှုဆိုတာမရှိနိုင်ဘူး”ဟု ညီ ညွတ်သော တိုင်းရင်းသားလူမျိုးများဒီမို ကရေစီပါတီဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြော ကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမည့်ရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံ ကြည်လက်ခံသည့် ရွေးကောက်ပွဲဖြစ်မှုနှင့် ပြည်သူဆန္ဒနှင့် ရွေးကောက်ပွဲရလဒ်တစ် ထပ်တည်းဖြစ်မှုဆိုသည့် စံငါးချက်နှင့်အညီ ကျင်းပသွားမည်ဟု အာမခံထားသည်။

သို့သော် ကော်မရှင် လတ်တလောရင် ဆိုင်နေရသည်က အာဏာရပါတီ အသာရ စေသည့် လုပ်ဆောင်ချက်များသာ တွေ့ရှိရ သည်ဆိုသော ဝေဖန်မှုများဖြစ်သည်။

ထိုသို့ ဝေဖန်မှုများအပေါ်ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ရွေးကောက်ပွဲယှဉ်ပြိုင် သည့် ပါတီတိုင်း တူညီသောအခွင့်အရေးရ မည်ဖြစ်ပြီး ဥပဒေ၊ နည်းဥပဒေအထက်တွင် မည်သည့်ပါတီမှ ရှိမည်မဟုတ်ကြောင်း ဇွန် ၂၇ ရက် ရန်ကုန်တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ဘယ်ဘက်ကမှ မရပ်တည်ဘူး။ ရပ်တည်မှာ တစ်ခုတော့ရှိ တယ်။ ဘာလဲဆိုရင် ပြည်သူ့ဘက်ပဲ။ ပြည် သူတွေရဲ့ လိုအင်ဆန္ဒ အမှန်အတိုင်းဖြစ် အောင် ကြိုးစားမယ်”ဟု အဆိုပါ တွေ့ဆုံပွဲ တွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြော ကြားသည်။

ကပ်ရောဂါကာလအတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲဖြစ်ရာ ကော်မရှင် အနေဖြင့် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်သူများ နှင့် အကျေအလည်ဆွေးနွေးပြီး ဘုံသဘော တူညီမှုရယူထားခြင်းကသာ ရွေးကောက်ပွဲ အပြီး နိုင်ငံရေး ဖြစ်စဉ်တည်ငြိမ်မှုကို အ ထောက်အကူပြုမည်ဟု ရွေးကောက်ပွဲ လေ့ လာသူများက မှတ်ချက်ပြုသည်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်လက်ထက် နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့အစည်းများနင့် တွေ့ဆုံဆွေးနွေးမှု အားနည်းခြင်းအပါအဝင် အချက်အချို့ကို အကြောင်းပြု၍ ရွေးကောက်ပွဲအပြီး ရလဒ် ကို နိုင်ငံရေးပါတီအများစု လက်ခံခြင်းမရှိဘဲ အငြင်းပွားမှုများ ဖြစ်ပွားမည်ကို ရွေးကောက် ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) အနေဖြင့် စိုးရိမ်မှုရှိသည်။

 “ကျွန်တော်တို့က အဲဒါကို စိတ်ပူတာ။ အခုက COVID ကာလလည်းဖြစ်တယ်။ နိုင်ငံရေးအရလည်း အကဲဆတ်တယ်။ ကော် မရှင်နဲ့ နိုင်ငံရေးပါတီကြားမှာရှိတဲ့ ဆက်ဆံ ရေးကလည်း အရင်လို ပုံမှန်ဆက်ဆံရေးမျိုး မရှိဘူး။ မရှိတော့ ကော်မရှင် ဘာလုပ်နေလဲ မသိတဲ့အခါမှာ ရလဒ်ကို ငြင်းတယ်။ ရလဒ် ကိုမတရားဘူးလို့ ယူဆရင်တော့ ရွေးကောက် ပွဲအကြမ်းဖက်မှုအထိပါ ဦးတည်နိုင်တယ်” ဟု PACE အဖွဲ့အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

 

 

Most Read

Most Recent