COVID-19 ဗိုင်းရပ်စ်ပိုး၏ ဒုတိယလှိုင်းရိုက်ခတ်မှုကို ထပ်မံရင်ဆိုင်ရဦးမည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍ

COVID-19 ဗိုင်းရပ်စ်ပိုး၏ ဒုတိယလှိုင်းရိုက်ခတ်မှုကို ထပ်မံရင်ဆိုင်ရဦးမည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍ
COVID-19 အတည်ပြုလူနာ နေထိုင်ခဲ့သည့် တောင်ဥက္ကလာပမြို့နယ် ၇ ရပ်ကွက် နေအိမ်လိုင်းခန်းနှင့် လမ်းကို Lockdown ပြုလုပ်ထားစဉ် (ဓာတ်ပုံ- သီဟအောင်)
COVID-19 အတည်ပြုလူနာ နေထိုင်ခဲ့သည့် တောင်ဥက္ကလာပမြို့နယ် ၇ ရပ်ကွက် နေအိမ်လိုင်းခန်းနှင့် လမ်းကို Lockdown ပြုလုပ်ထားစဉ် (ဓာတ်ပုံ- သီဟအောင်)
Published 10 September 2020
စည်သူအောင်

မြန်မာနိုင်ငံတွင် မတ်လမှ စတင်ဖြစ်ပွားခဲ့သော COVID-19 ကပ်ရောဂါကြောင့် ပြည်တွင်းရှိ ကုန်ထုတ်လုပ်ငန်းများ ဧပြီလမှ စတင်ကာ အထိနာခဲ့ပြီး လက်ရှိအချိန်တွင် ပြန်လည်နာလန်ထူလာသော်လည်း ဆက်လက်ပျံ့နှံ့နေသည့် ဗိုင်းရပ်စ်ပိုး၏ ဒုတိယလှိုင်း ရိုက်ခတ်မှုကို ထပ်မံရင်ဆိုင်ရဦးမည် ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် မြန်မာနိုင်ငံရှိ သန်းပေါင်းမျာစွာသော ပြည်သူလူထု၏ အခြေခံစားဝန်နေရေး၊ အလုပ်အကိုင်၊ ဝင်ငွေနှင့် တစ်နိုင်ငံလုံး၏ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှု ကြီးမားစွာဖြစ်ပေါ်နေပြီး စီးပွားရေးအရ ထိခိုက်နိုင်ခြေအဆင့်သည် မြင့်မားစွာရှိနေသည်။

ဗိုင်းရပ်စ်ပိုး စတင်ပျံ့နှံ့ခဲ့သည့် မတ်လကုန် ဧပြီလမှစတင်ကာ မြန်မာနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းကဏ္ဍ ပြင်းထန်စွာဆုတ်ယုတ်ခဲ့ပြီး ဇွန်လမှ စ၍အခြေအနေ တဖြည်းဖြည်း တိုးတက်ခဲ့ကာ သြဂုတ်တွင် လုပ်ငန်းများ အပြည့်အဝ ပြန်လည်လုပ်ကိုင်လည်ပတ်နိုင်ခဲ့သော်လည်း လူများစွာပျံ့နှံ့ကူးစက်လာသည့်  ဗိုင်းရပ်စ်ပိုးဒုတိယလှိုင်းကြောင့် ကုန်ထုတ်လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ ထပ်မံ အထိနာ၊ လဲပြိုဦးမည့် အခြေအနေဖြစ်ပေါ်နေသည်။

COVID-19 ကပ်ရောဂါဘေးဒဏ်မှ နာလန်ပြန်ထူလာသော မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍ

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍ COVID-19 ကပ်ရောဂါ ဘေးဒဏ်မှ အခိုင်အမာနာလန်ထူလာပြီး PMI အညွှန်း ၁၅ လအတွင်း အမြင့်ဆုံးနှုန်းသို့ ရောက်ခဲ့ကာ ဇန်နဝါရီနောက်ပိုင်း ပထမဦးဆုံးအဖြစ် အလုပ်အကိုင်နေရာများ တိုးတက်လာခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ် သြဂုတ်လအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index - ဝယ်ယူရေးမန် နေဂျာများ၏အညွှန်းကိန်း) အရ သိရသည်။

မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍမှာ လက်ရှိနှစ်အစောပိုင်းလများတွင် COVID-19 ကမ္ဘာ့ကပ်ရောဂါကို ထိန်းချုပ်ရန်ချမှတ်ခဲ့သည့် Lockdown ကြောင့် ပြင်းထန်စွာ ကျဆင်းခဲ့သည့်နောက်ပိုင်း သြဂုတ်တွင် ပို၍ အခိုင်အမာ နာလန်ထူလာကြောင်း IHS Markit ၏ နောက်ဆုံးစစ်တမ်းတွင် အချက်ပြနေသည်။ PMI အတွက် အရေးကြီးသော ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ တိုးတက်မှုအားကောင်းလာခဲ့ပြီး ဇန်နဝါရီမှစ၍ အလုပ်နေရာများ ပထမဦးဆုံးအကြိမ် တိုးခဲ့မှုကြောင့် ၂၀၁၉ ခုနှစ် မေလနောက်ပိုင်း အမြင့်ဆုံးသို့ တက်လှမ်းလိုက်သည်။ ထုတ်လုပ်သူများကလည်း ထည့်သွင်းကုန်စျေးနှုန်း များကျဆင်းလာမှုကို အခွင့်ကောင်းယူပြီး ဝယ်လိုအားကို အားပေးရန် ရောင်းစျေးများကို ဆက်လက်လျှော့ချပေးခဲ့သည်။ လာမည့် ၁၂ လအတွက် အနာဂတ်မျှော်မှန်းချက်မှာ အားနည်းလျက် ရှိနေသေးသည်။

PMI အညွှန်းသည် ဇူလိုင်၌ ၅၁ ဒသမ ၇ မှ သြဂုတ်တွင် ၁၅ လ အတွင်း အမြင့်ဆုံးအဖြစ် ၅၃ ဒသမ ၂ သို့ မြင့်တက်သွားသည်။ ယင်းမှာ စစ်တမ်းသမိုင်းထဲတွင် ပဥ္စမအမြင့်ဆုံးကိန်းဂဏန်းဖြစ်ခဲ့ပြီး လုပ်ကိုင်မှု အခြေအနေများ အခိုင်အမာတိုးတက်လာမှုကို အချက်ပြနေသည်။ ဇူလိုင်လမတိုင်မီက အခြေအနေများ ငါးလဆက်တိုက်ဆုတ်ယုတ်လာခဲ့ပြီး PMI အညွှန်းသည် ဗိုင်းရပ်စ်ရောဂါကို ထိန်းချုပ်ရန် Lockdown အပြင်းထန်ဆုံးဖြစ်ခဲ့သော ဧပြီလတွင် စံချိန်တင်အနိမ့်ဆုံး ၂၉ သို့ နိမ့်ဆင်းသွားခဲ့ခြင်းဖြစ်သည်။

PMI ထဲတွင် ပါဝင်သည့် အစိတ်အပိုင်း ငါးခုအနက် လေးခုက သြဂုတ်လဆိုင်ရာ အဓိကအကျဆုံးအညွှန်းကို အပြုသဘော သက်ရောက်ခဲ့သည်။ အလုပ်နေရာများနှင့် ထုတ်လုပ်မှုအများဆုံး (+၀ ဒသမ ၇ နှင့် +၀ ဒသမ ၆) ပံ့ပိုးပေးခဲ့ကြပြီး သိုလှောင်ထားသည့် ဝယ်ကုန်များစာရင်း (+၀ ဒသမ ၃) အော်ဒါအသစ်များ (+၀ ဒသမ ၁) လည်း ပံ့ပိုးခဲ့ကြသည်။ ပဥ္စမအစိတ်အပိုင်းဖြစ်သော ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များက PMI အညွှန်းကို -၀ ဒသမ ၂ အောက်သို့ ဆွဲချခဲ့ပြီး ပစ္စည်းပေးသွင်းမှုလုပ်နိုင်စွမ်းမှာ သြဂုတ်လတွင် တိုးတက်လာခဲ့သော်လည်း PMI တွက်ချက်ရာတွင် ပြောင်းပြန်သက်ရှိမှုရှိခဲ့သည်။

အော်ဒါအသစ်များ၏ ပမာဏမှာ သြဂုတ်လတွင် ဒုတိယမြောက်လအဖြစ် ဆက်တိုက်အားကောင်းစွာ မြင့်တက်ခဲ့ပြီး မြင့်တက်မှုနှုန်းမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာမှစပြီး အမြင့်ဆုံးဖြစ်ခဲ့သော်လည်း ဇူလိုင်လ၏ အရှိန်ထက် မသိမသာမျှသာ မြင့်တက်ခဲ့သည်။ ပုံမှန်စျေးဝယ်သူတို့က အော်ဒါများကို ပြန်လည်မှာယူလာကြကြောင်း ကုမ္ပဏီများက အစီရင်ခံခဲ့ကြသည်။ အလုပ်သစ်များ ပိုပြီးရရှိလာမှုမှာ စီးပွားရေးလုပ်ငန်းများ ပြန်ဖွင့်ပေးနေခြင်းနှင့်ပါ ဆက်စပ်နေသည်။ အလုပ်သစ်၊ အော်ဒါများ တိုးရလာမှုကို ဖြည့်ဆည်းပေးရန် သြဂုတ်လတွင် စက်ရုံများက ကုန်ထုတ်စွမ်းအားကို တိုးချဲ့ခဲ့ကြရာ ထုတ်လုပ်မှု ဆက်လက်တိုးတက်ခဲ့သည်။ ထုတ်လုပ်မှုတိုးတက်နှုန်းမှာ ၂၀၁၈ ခုနှစ် ဧပြီလမှစပြီးအား အကောင်းဆုံးဖြစ်ပြီး စစ်တမ်း စတင်ခဲ့သည့်  ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှစပြီး ဒုတိယအများဆုံး စံချိန်ကိုတင်နိုင်ခဲ့သည်။ ထုတ်လုပ်မှုမှာ လုပ်ငန်းသစ်များ ရရှိနှုန်းထက် ပိုမိုမြင့်မားစွာတိုးလာခဲ့ရာ ယခုလထဲတွင် လက်ကျန်အလုပ်စာရင်းများ ကျဆင်းမှုမသိမသာ မြန်လာခဲ့သည်။

COVID-19 Lockdown ကာလအတွင်း စက်ရုံများ၏လုပ်ငန်းများကို ရပ်စဲပစ်ခဲ့ရပြီး ဝယ်လိုအားလုံးဝ ကျသွားသောကြောင့် အလုပ်နေရာများ ဖြတ်တောက်ခံခဲ့ရသည့် ခြောက်လတာကာလနောက်ပိုင်း မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းများမှ အလုပ်နေရာများသည် သြဂုတ်လတွင် တိုးလာခဲ့သည်။ ကုမ္ပဏီများက အော်ဒါသစ်များကို ထုတ်လုပ်ရန် ဝန်ထမ်းများကို တိုး၍ငှားရမ်းခဲ့ရခြင်းနှင့် COVID-19 ကာလအတွင်း မိမိတို့ဇာတိနေရပ်များသို့ ပြန်သွားခဲ့ကြသည့် အလုပ်သမားများ ပြန်လာခဲ့ကြောင်း ကုမ္ပဏီများက ဖော်ပြခဲ့သည်။

အဆိုပါစစ်တမ်းကို ပြုစုပေးသည့် IHS Markit မှ စီးပွားရေးပညာရှင် Trevor Balchin က “ ဧပြီလရဲ့ စံချိန်တင်အနိမ့်ဆုံးကနေ PMI ဆက်လက်မြင့်တက်လာမှုက စီးပွားရေးလုပ်ငန်းတွေ သြဂုတ်လမှာ အခြေအနေ နာလန်ထူလာမှုအတွက် အထောက်အထားဖြစ်ပါတယ်။ ထုတ်လုပ်မှုနဲ့ အော်ဒါအသစ်တွေ ပိုမြင့်တဲ့နှုန်းနဲ့ မြင့်တက်လာသလို အလုပ်နေရာ ပေးအပ်နိုင်မှုကလည်း PMI အညွှန်းကို နှစ်လဆက်တိုက် မြှင့်တင်ပေးနိုင်ခဲ့ပါတယ်” ဟု ပြောကြားသည်။

 

ဗိုင်းရပ်စ်ပိုး၏ ဒုတိယလှိုင်းရိုက်ခတ်မှုကို ထပ်မံရင်ဆိုင်ရဦးမည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍ

မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ၏ အခြေအနေသည် ကပ်ရောဂါကူးစက်ပျံ့နှံမှု စတင်ခဲ့သည့် ဧပြီလတွင် ဖရိုဖရဲအနေအထားဖြင့် ထိုးဆင်းသွားခဲ့ပြီး COVID-19 ကြောင့် ထုတ်လုပ်မှု၊ အော်ဒါရရှိမှု၊ သွင်းကုန် လက်ကျန်နှင့် ကုန်ချော သိုလှောင်ထားမှုများ စံချိန်သစ်နှုန်းများဖြင့် ကျဆင်းခဲ့ခြင်းဖြစ်သည်။ စီးပွားရေးအကျပ်အတည်းအကြားတွင် ဝယ်လိုအားကုန်ခမ်းသွားခဲ့ပြီး အလုပ်သမားများ ၎င်းတို့၏ဇာတိ နေရပ်များသို့ ပြန်သွားခဲ့ကြ၍ ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ ကုန် ပစ္စည်းဝယ်ယူမှုများနှင့် အလုပ်နေရာ အသီးသီးတို့သည် စံချိန်တင်နှုန်းသစ်များဖြင့် ကျဆင်းခဲ့သည်။

မေလတွင်လည်း စီးပွားရေးလုပ်ငန်းများ ပိတ်ချထားရသောကြောင့် မြန်မာ့ထုတ်လုပ်ရေးကဏ္ဍတစ်ခုလုံး တစ်ဟုန်ထိုးဆက်လက်ကျဆင်းခဲ့ပြီး အလုပ်အကိုင်နေရာများနှင့် ကုန်ချောသိုလှောင်ထားမှုများ စံချိန်တင် ကျဆင်းခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန် စီးပွားရေးလုပ်ငန်းများ အများအပြား ပိတ်ချထားရ၍ မြန်မာ့ထုတ်လုပ်ရေးကဏ္ဍသည် မေတွင် သိသာစွာ ဆက်လက်ကျဆင်းခဲ့ခြင်းဖြစ်သည်။ စက်ရုံလုပ်ငန်းများ ရပ်တန့်ထားရပြီး ပြည်တွင်းနှင့် နိုင်ငံတကာမှ လုပ်ငန်းများ ပိတ်ချထားရမှုကြောင့် ဝယ်လိုအား ဆက်လက်ကျဆင်းလာခဲ့သည်။

ဇွန်လတွင် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးကဏ္ဍ COVID-19 ရောဂါအကျပ်အတည်းမှ ရုန်းထွက်လာသော လက္ခဏာ ပြသခဲ့သော်လည်း နိုင်ငံတကာစီးပွားရေး ပြန်လည်နာလန်ထူမှုနှင့် ဗိုင်းရပ်စ်ပိုး၏ ဒုတိယလှိုင်းကို ထိန်းချုပ်နိုင်မှုအပေါ်မူတည်၍ စိန်ခေါ်မှုများ ရှိခဲ့သည်။ COVID-19 ပျံ့နှံလာမှုကို ထိန်းချုပ်ရန် အရေးယူဆောင်ရွက်မှုများကို ဆက်လက်လုပ်ကိုင်နေရသည့် တိုင်အောင် မြန်မာ့ကုန်ထုတ်လုပ်ရေးကဏ္ဍသည် ဇွန်လတွင် နာလန်ထူလာသည့် လက္ခဏာများကို ပြသခဲ့သည်။

ဇူလိုင်လတွင် မြန်မာ့ကုန် ထုတ်လုပ်ငန်းကဏ္ဍ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ တိုးတက်ခဲ့ပြီး အလုပ်နေရာလျှော့ချမှုနှုန်း ကျဆင်းလာခဲ့ကာ ထည့်သွင်းကုန်နှင့် ထုတ်ကုန်စျေးနှုန်း နှစ်မျိုးစလုံး စံချိန်တင် ကျဆင်းခဲ့သည်။ ဇူလိုင်လ စစ်တမ်းဒေတာအရ မြန်မာ့ထုတ်လုပ်ရေးကဏ္ဍရှိ လုပ်ငန်း အခြေအနေများ တိုးတက်လာခဲ့ပြီး ထုတ်လုပ်မှုနှင့် အော်ဒါအသစ် နှစ်ရပ်စလုံး ဇန်နဝါရီလမှစပြီး အမြန်ဆုံးနှုန်းဖြင့် တိုးလာခဲ့ကြသည်။

သြဂုတ်လတွင် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍ COVID-19 ကပ်ရောဂါ ဘေးဒဏ်မှ အခိုင်အမာနာလန်ထူလာပြီး PMI အညွှန်း ၁၅ လအတွင်း အမြင့်ဆုံးနှုန်းသို့ ရောက်ခဲ့ကာ ဇန်နဝါရီနောက်ပိုင်း ပထမဦးဆုံးအဖြစ် အလုပ်အကိုင်နေရာများ တိုးတက်လာခဲ့သည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍ နာလန်ထူလာခဲ့သော်လည်း ပြည်ပဝယ်လိုအား ကျဆင်းနေခြင်းကြောင့် ပြည်တွင်းစျေးကွက်ကိုသာ အားပြုနေရခြင်းဖြစ်သည်။ ယခုသြဂုတ်လအတွင်း COVID-19 ကပ်ရောဂါ ကူးစက်မှုနှုန်းသည် မြန်မာနိုင်ငံတွင် စံချိန်တင်ဆက်လက်မြင့်တက်လာရာ ကုန်ထုတ်စက်ရုံများတည်ရှိရာ မြို့၊ ဒေသများတွင် ရောဂါကူးစက်မှု ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ ထိုသို့ဆောင်ရွက်ပါက ကုန်ထုတ်စက်ရုံများ ပိတ်သိမ်းရနိုင်ခြင်း၊ စက်ရုံအလုပ်သမား ဝန်ထမ်းများ နေရပ်သို့ ပြန်သွားနိုင်ခြင်း သို့မဟုတ် ကန့်သတ်နေထိုင်ရခြင်းများ ဖြစ်ပေါ်လာနိုင်သည်။ ကပ်ရောဂါအခြေအနေ ပိုမိုပြင်းထန် ဆိုးရွားလာသည်နှင့်အမျှ လူအများအပြား အလုပ်အကိုင်နှင့် ဝင်ငွေထိခိုက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ပြီး ယင်းအခြေအနေသို့ ဆိုက်ရောက်လာပါက ဝယ်လိုအားထိုးကျမည်ဖြစ်ရာ ဗိုင်းရပ်စ်ပိုး၏ ဒုတိယလှိုင်း ရိုက်ခတ်မှုကို ထပ်မံရင်ဆိုင်နိုင်ရန် မြန်မာ့ကုန်ထုတ်လုပ်ငန်းများ ပြင်ဆင်ထားရမည်ဖြစ်သည်။

Most Read

Most Recent