ရေရှားပါးမှုပြဿနာ၏အကြောင်းရင်းများ

ရေရှားပါးမှုပြဿနာ၏အကြောင်းရင်းများ
Published 30 August 2020
မြတ်သစ်

အိမ်နီးချင်းနိုင်ငံ နှစ်နိုင်ငံဖြစ်ကြသည့် တူရကီနှင့် အီရန်နိုင်ငံများက ဆည်တွေ ဆောက်လုပ်နေကြသဖြင့် အီရတ်နိုင်ငံ၏ သမိုင်းဝင် မြစ်ကြီးနှစ်စင်းဖြစ်ကြသော တိုင်းဂရစ်နှင့် ယူဖရေးတီးတွင်ရေများ လျော့နည်း လာသည့် အဖြစ်ဆိုးနှင့် ရင်ဆိုင်နေရသည်။ အီရတ်အနေဖြင့် ရေရရှိရေးအတွက် ဆည်များ တည်ဆောက်ရေးလုပ်ငန်းများ မလုပ် ဆောင်နိုင်လျှင် ဖြစ်စေ၊ တူရကီ၊ အီရန် နိုင်ငံ တို့နှင့် ပဋိပက္ခများ လျော့နည်းအောင် ဖြစ်စေ မပြုလုပ်နိုင်ဘူးဆိုလျှင် ရေမလုံလောက်မှု ပြဿနာ ပို၍ကြီးမားလာမည့် အနေအထား ရောက်နေသည်။

ရေရှားမှုပြဿနာကြောင့် အီရတ်နိုင်ငံ၏ တစ်ခုတည်းသော ပင်လယ်ကမ်းရိုးတန်းရှိ ဘာဆရာခရိုင်သည် သိသိသာသာ ထိခိုက်နိုင်သည်။ ဘာဆရာသည် အီရတ်နိုင်ငံ၏ အဓိက ဆိပ်ကမ်းဖြစ်ပေမဲ့ ရေနက်ဆိပ်ကမ်း တစ်ခုမဟုတ်တော့ပေ။

တိုင်းဂရစ်နှင့် ယူဖရေးတီးမြစ်နှစ်စင်း သည် အီရတ်တောင်သူလယ်သမားများ၏ အဓိက မှီခိုအားထားနေရသည့် မြစ်နှစ်စင်း ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းအတွက် အဓိကကျသည့် စိုက်ပျိုးရေးကို ဤမြစ်နှစ် စင်းပေါ် မှီခိုနေရသည်။ တူရကီအရှေ့ဘက်ရှိ တောင်တန်းများမှ စီးဆင်းလာသော တိုင်းဂရစ်နှင့် ယူဖရေးတီးမြစ်နှစ်စင်းသည် တောင်ကြားအရှေ့ဘက်ရှိ တောင်တန်းများမှ စီး ဆင်းလာသော တိုင်းဂရစ်နှင့် ယူဖရေးတီး မြစ်နှစ်စင်းသည် တောင်ကြားလွင်ပြင်များ ဖြတ်ကျော်ပြီး ဆီးရီးယားနိုင်ငံ၊ ထို့နောက် အီရတ်အလယ်ပိုင်းရှိ အေလူဗီယက်လွင် ပြင်သို့ စီးဆင်းသွားသည်။ တိုင်းဂရစ်နှင့် ယူ ဖရေးတီးမြစ်တို့သည် ရှတ်-အယ်-အာရပ် တွင် ဆုံဆည်းပြီးနောက် ပင်လယ်ကွေ့သို့ စီးဆင်းသွားသည်။

တိုင်းဂရစ်နှင့် ယူဖရေးတီးမြစ်ရေသည် ယခင်ကလောက် အားမကောင်းတော့။ ရေ အချို့သည် မြစ်တွေထဲ စီးဝင်သွားသည်။ ထို မြစ်ရေတွေမှာ ဆားငန်ဓာတ်တွေ ပါဝင်နေ သဖြင့် စိုက်ပျိုးရေးအတွက် အခက်အခဲတွေ တွေ့ကြုံနေရသည်။ အသက် ၇၀ အရွယ်ရှိ စွန်ပလွန်ပင်များ စိုက်ပျိုးနေသည့် သဗ္ဗူရှက် ကာနှင့်တကွ အခြားသော တောင်သူလယ် သမားများသည် မြေကြီးတွေ အက်ကွဲမှု၊ ဆားငန်ရေတွေ ပါဝင်နေမှုကြောင့် မိမိတို့ စိုက်ခင်းမြေနေရာကို စွန့်ခွာပြီး တစ်နိုင်တစ် ပိုင်ရေရရှိနိုင်သည့် အရပ်ဒေသရှိရာ ပြောင်း ရွှေ့သွားကြရသည်။

“အရင်တုန်းကဆိုရင် ကျွန်တော်တို့ တစ်တွေ စိုက်ပျိုးတဲ့ စွန်ပလွန်တွေကို ပင်လယ်ကွေ့နိုင်ငံတွေနဲ့ အမေရိကန်ပြည် ထောင်စုကို တင်ပို့နိုင်ခဲ့တယ်။ ခုတော့ မြင် တဲ့အတိုင်းပါပဲ။ မြစ်တစ်ခုလုံး ရေမရှိဘဲ ခမ်း ခြောက်နေပြီ” ဟု သဗ္ဗူရှက်ကာက စိတ်ပျက်လက်ပျက်ပြောကြားလိုက်သည်။

အီရတ်နိုင်ငံတွင် ရေအတွက် စိတ် သောကရောက်ခဲ့သည်မှာ ယခုမှမဟုတ်။ သို့သော် ပြည်သူတွေ ရတက်မအေးကြရသည်က အီရတ်တွင် သဲကန္တာရတွေ များလာခြင်း၊ လူဦးရေတိုးမှု မြင့်တက်လာခြင်းတို့ ကြောင့် ရေပြဿနာကို အလေးအနက်ထား လာကြခြင်းဖြစ်သည်။ ထို့ထက်အရေးကြီးသည်က တူရကီနှင့် အီရန်နိုင်ငံတို့က မိမိတို့ နိုင်ငံအတွက် အဖိုးတန်ရေကို ပိုမိုရရှိစေရန် လုပ်ဆောင်နေကြခြင်းဖြစ်သည်။

တူရကီနှင့် အီရန်တို့က တိုင်းဂရစ်နှင့် ယူဖရေးတီးမြစ်တို့မှ ရေများကို အသုံးပြုရန် ဆည်မြောင်းတွေ ဆောက်ခဲ့သဖြင့် အီရတ်နိုင်ငံသို့ မြစ်နှစ်စင်းမှ ဝင်ရောက်လာသော ရေက ထက်ဝက်ခန့် လျော့နည်းသွားကြောင်း ဘဂ္ဂဒက်မှ ရေအရင်းမြစ်ဝန်ကြီး အက်ဒီ အယ်-ဟမ်ဒါနီက ပြောကြားလိုက်သည်။ မည်သို့သော အခက်အခဲများ၊ အကျပ်အတည်းများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ မိမိတို့ အစိုးရအနေဖြင့် ရေရရှိရေးအတွက် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် သောက်သုံးရေ ပြတ်လပ်မှု ရင်မဆိုင်ရစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝန်ကြီးရာထူးမရမီက ဟမ်ဒါနီသည် ဆည်မြောင်းဝန်ကြီးဌာနတွင် ညွှန်ကြားရေး မှူးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဘဂ္ဂဒက်မြောက်ပိုင်းရှိ မက်ဟိုးလ်တွင် ဧရာမ ရေလှောင်ကန်ကြီးတစ်ခု တည်ဆောက်ရန် စီမံကိန်းချထားကြောင်း ဟမ်ဒါနီက ရှင်းပြသည်။

“ဒီရေလှောင်ကန်မှာ ရေအများကြီး သိုလှောင်ထားနိုင်တယ်။ လျှပ်စစ် ဓာတ်အားတောင် ထုတ်နိုင်တယ်။ ဘဂ္ဂဒက်မြို့ကို ရေမလွှမ်းအောင်လည်း တားဆီးနိုင်တယ်” ဟု ဟမ်ဒါနီက ပြောပြခဲ့သည်။

အီရတ်နိုင်ငံသို့ အမေရိကန်တပ်ဖွဲ့ဝင်များ ဝင်ရောက်ကျူးကျော်ပြီး ဆက်ဒမ်ဟူစိန်ကို ဖယ်ရှားပြီးခဲ့သည့် ၂၀၀၃ ခုနှစ် နောက်ပိုင်းတွင် ယခုရေလှောင်ကန် ဆည်ကြီးသည် အကြီးမားဆုံး ဆည်တစ်ခုဖြစ်လာတော့မည် ဖြစ်သည်။ အီရတ်အစိုးရသည် ပြည်တွင်းစစ်ကာလ ၂၀၁၃ မှ ၂၀၁၇ အတွင်း လျှပ်စစ် ဓာတ်အားများ ရေပေးဝေရေးစနစ်များ၊ လမ်းများ ပျက်စီးမှုများ ပြန်လည်ကောင်းမွန် စေရေးကို ပြန်လည်လုပ်ဆောင်ခဲ့ရသည်။ ပြည်တွင်းစစ် ပြီးဆုံးချိန်တွင် IS  များ ဝင် ရောက်မှုကြောင့်လည်း အခြေခံအဆောက် အအုံများ ပျက်စီးမှုကို ထပ်မံကြုံတွေ့ခဲ့ရ သည်။ ၂၀၁၇ တွင် အီရတ်အစိုးရက IS များ ကို ချေမှုန်းနိုင်ခဲ့သည်။

ပြန်လည်ထူထောင်ရေး ကြိုးပမ်နေသော အီရတ်အစိုးရအတွက် ကြီးမားသော ပြဿနာက သောက်သုံးရေ ပြတ်လပ်နေ ခြင်း ပြဿနာဖြစ်သည်။ ဘာဆရာတွင် နေထိုင်သူ တစ်သိန်းခန့် သောက်သုံးရေ မရဘဲ ဖြစ်နေသည်။ ၂၀၂၀ ပြည့်နှစ်တွင် အီရတ် အစိုးရအတွက် မထင်မှတ်သော ထိုးနှက်မှုကို ရင်ဆိုင်ခဲ့ရသည်။ ရေနံစျေးနှုန်းများ သိသိသာသာ ကျဆင်းမှုကြောင့် အခြေခံ အဆောက်အအုံများ ပြုပြင်ရေးလုပ်ငန်းကို အီရတ်အစိုးရ ဆက်မလုပ်နိုင်ဘဲ ဆိုင်းငံ့ထား ရသည်။

ရေပြဿနာဖြေရှင်းရာတွင် ဆည်များ ထပ်မံတည်ဆောက်ရေးသည် ပြည့်စုံမှန်ကန်မှုမရှိနိုင်ကြောင်း ပညာရှင်များက ထောက်ပြနေကြသည်။ လုံလောက်သည့် ရေရရှိဖို့အတွက် တူရကီ၊ အီရန်တို့နှင့် ရေခွဲ ဝေရရှိရေးများ ဆွေးနွေးဖို့လိုကြောင်း ပညာ ရှင်များက ပြောကြားလျက်ရှိသည်။ တူရကီ နိုင်ငံနှင့် ရေခွဲဝေရေးအတွက် ပြောဆိုရာ တွင် အဓိကထားပြောကြားနေရသည်မှာ တိုင်းဂရစ်မြစ်တွင် ဧရာမဆည်ကြီးတစ်လုံး တူရကီက တည်ဆောက်နေခြင်းဖြစ်သည်။  တူရကီ LLISU ကျေးရွာအနီးတွင် ဧရာမ ဆည်ဆောက်လုပ်ရန် ရည်ရွယ်ထားသည်။ ယင်းသည် ရေအားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် ဆည်ကြီးဖြစ်သည်။ ယင်း ဆည်ကို ဆောက်လုပ်ရန် နှစ်နှစ်ခန့် ဆိုင်းငံ့ ထားသော်လည်း ပြီးခဲ့သည့် မေလတွင် ပြန် ဆောက်ရန် တူရကီအစိုးရက ဆုံးဖြတ်လိုက် သည်။

အီရတ်အစိုးရက ယင်းဧရာမဆည် ဆောက်လုပ်ရေးကို သဘောမတူကြောင်း အပြင်၊ အီရတ်မြောက်ပိုင်းရှိ ကာ့ဒ်စစ်သွေး ကြွများကို တူရကီက ထောက်ပံ့မှုများ ပြုလုပ် နေကြောင်း စွပ်စွဲမှုတွေ ပြုလုပ်ခဲ့သည်။

တူရကီနှင့် ဆည်ဆောက်လုပ်ရေး အတွက် စကားအချေအတင်များနေရသော အီရတ်နိုင်ငံသည် အီရန်နိုင်ငံနှင့်လည်း ဆည်များ တည်ဆောက်နေမှုနှင့် ပတ်သက် ၍ ပြဿနာတက်နေရသည်။ အီရန်နိုင်ငံက ဆည်တွေ ဆောက်နေမှုကြောင့် အီရတ်ရှိ ကာစစ္စတန်ပြည်နယ်ရှိ ဒူတန်ဆည်နှင့် ဒါ ဘန်ဒီကန်ဆည်များတွင် ရေဝင်မှုတွေ လျော့ကျနေသည်။ ယင်းဆည်များသည် တစ်စက္ကန့်လျှင် ၄၅ ကုဗမီတာမှ ၇ ကုဗမီတာ ထိ လျော့ကျလျက်ရှိသည်။

ရေအရင်းအမြစ်ဝန်ကြီး ဟမ်ဒါနီကတော့ ရေခွဲဝေရေးနှင့် ပတ်သက်၍ တူရကီ နှင့် တွေ့ဆုံဆွေးနွေးမှုများသည် အဆင်ပြေ နိုင်မည်ဟု အကောင်းဘက်မှ ရှုမြင်ထား သည်။ သို့ပေမဲ့ တူရကီနှင့် တွေ့ဆုံဆွေးနွေး မှုများသည် အဆင်ပြေနိုင်မှာမဟုတ်ကြောင်း စိုက်ပျိုးရေးအသင်းမှ တာဝန်ရှိသူ မိုဟာမက် အယ်-ချာလေဟာဝီက သုံးသပ်ထားသည်။ သူက အီရတ်တောင်ပိုင်း ဒီဝါနီယာအရပ် တွင် နေထိုင်သူဖြစ်ပြီး သူတို့ဒေသသည် စိုက်ပျိုးရေးအတွက် အချက်အချာကျသော ဒေသဖြစ်သည်။

“တူရကီကတော့ ရေစစ်ပွဲ ဆင်နွှဲဖို့ အသင့်ရှိနေတယ်” ဟု ချာလေဟာဝီ ပြော ကြားလိုက်သည်။

၂၀၁၆ မှ ၂၀၁၈ ခုနှစ်အထိ အီရတ် နိုင်ငံတွင် မိုးခေါင်ပြီး လယ်တွေ ပျက်စီးခဲ့ရ သည်။ လာမည့် ငါးနှစ်အတွင်း တိုင်းဂရစ်နှင့် ယူဖရေးတီးမြစ်များ ရေခမ်းခြောက်ပြီး တော ရိုင်းသတ္တဝါများ သေဆုံးမည့် အခြေအနေ ရောက်နိုင်သလို သောက်သုံးရေ ရှားပါးမှု လည်း မုချရင်ဆိုင်ရမည့် အနေအထား ရောက်နေသည်။

“အီရတ်နိုင်ငံအနေနဲ့ ရေပြဿနာ ဖြေ ရှင်းဖို့ နည်းလမ်းတစ်ခုပဲ ရှိပါတော့တယ်။ တူရကီနိုင်ငံကို စီးပွားရေးအရ ဖိအားပေးဖို့ ပါပဲ” ဟု ချာလေဟာဝီက ပြောကြားလိုက် သည်။ အီရတ်အနေဖြင့် တူရကီနိုင်ငံမှ ကုန် ပစ္စည်းတင်ပို့မှုကို ရပ်တန့်ရန်ဖြစ်ကြောင်း ၎င်းက ထောက်ပြလိုက်သည်။ တချို့ကတော့ ရေနံကို လက်နက်သဖွယ် ကိုင်စွဲဖို့ တိုက်တွန်း နေကြသည်။ သို့သော် ကမ္ဘာတွင် နိုင်ငံ အတော်များများက ရေနံစိမ်းဝယ်ယူမှု လျှော့ ချနေသည်။ ထို့ပြင် ရေနံစျေးတွေ သိသိသာ သာ ကျဆင်းနေသည်။ အီရတ်ပြည်သူ သန်း ၄၀ အတွက် နှစ်စဉ် သောက်သုံးရေ ကုဗမီ တာ ၇၁ ဘီလျံ လိုအပ်နေသည်။

၂၀၃၅ ခုနှစ်ဆိုလျှင် တူရကီနှင့် အီရန် နိုင်ငံတို့သည် တည်ဆောက်နေဆဲဖြစ်သည့် ဆည်တွေ ပြီးစီးတော့မည်။ မြစ်နှစ်စင်းကြား တွင်ရှိသော အီရတ်ပြည်သူများအတွက် ကတော့ ရေရရှိဖို့အရေးသည် ရင်လေးစရာ ဖြစ်နေသည်။ ဘဝရှင်သန်ရေးအတွက် ပဓာနကျသော ရေများတစ်ချိန်က ပြည့်ပြည့်စုံစုံ ရရှိခဲ့သည်ဆိုခြင်းမှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီ။

 

Most Read

Most Recent