စစ်ရေးပဋိပက္ခနှင့် အချိန်တိုအတွင်း ကူးစက်နှုန်းမြန်ဆန်နေသည့် ကပ်ရောဂါ အကျပ်အတည်းကြားမှ ရခိုင်ဒေသ

စစ်ရေးပဋိပက္ခနှင့် အချိန်တိုအတွင်း ကူးစက်နှုန်းမြန်ဆန်နေသည့် ကပ်ရောဂါ အကျပ်အတည်းကြားမှ ရခိုင်ဒေသ
မြောက်ဦးခရိုင် တိမ်ညိုတိုက်နယ်ရှိ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတစ်ခုကို ယခင်နှစ်များက တွေ့ရစဉ် (Photo: U Waihla Aung)
မြောက်ဦးခရိုင် တိမ်ညိုတိုက်နယ်ရှိ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတစ်ခုကို ယခင်နှစ်များက တွေ့ရစဉ် (Photo: U Waihla Aung)
Published 30 August 2020
မင်းနိုင်စိုး

၂၀၁၉ ခုနှစ် နှစ်စကတည်းက ဖြစ်ပွားလာခဲ့သော တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့၏ တိုက်ပွဲများကြောင့် အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းသည် စစ်တလင်းသဖွယ် ဖြစ်ခဲ့ရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက်အစောပိုင်းတွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲကင်းစခန်း လေးခုကို AA အဖွဲ့က ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများမှာ လက်ရှိအချိန်အထိ အဆုံးမသတ်နိုင်သေးဘဲ ဖြစ်ခဲ့ရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေထိုင်ကြသူများမှာ တပ်မတော်နှင့် AA အဖွဲ့တို့၏ စစ်ရေးပဋိပက္ခအကြား စိုးရိမ်ကြောင့်ကြမှုများဖြင့် နေထိုင်ခဲ့ကြရပြီး ရခိုင်မြောက်ပိုင်းဒေသမှ နေရပ်စွန့်ခွာ ပြေးတိမ်းရှောင်ရသူ သိန်းဂဏန်းအထိ ရှိခဲ့သည်။

ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား စသည့် မြို့နယ်များမှ ဒေသခံများမှာ စစ်ရေးပဋိပက္ခကြောင့် ယာယီအားဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ဖူးသူ အများအပြား ရှိခဲ့သည်။

တိုင်းရင်းသားဒေသအချို့တွင် ဖြစ်ပွားနေသည့် အဆုံးမသတ်နိုင်သေးသောတိုက်ပွဲများ ချုပ်ငြိမ်းနိုင်ရေးနှင့် NCA ပြင်ပတွင် ရောက်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရက ကြိုးစားနေသည်။

သို့သော်လည်း ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် AA အဖွဲ့သည် အစိုးရနှင့် Bilateral လက်မှတ်ရေးထိုးရေးပင် အလှမ်းဝေးနေဆဲဖြစ်သည်။

AA အဖွဲ့သည် “၀” အဖွဲ့ (UWSA) ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်နေပြီး ၎င်းတို့၏ နိုင်ငံရေးဆွေးနွေးမှုများကိုမူ KIA နှင့်အတူ ဆောင်ရွက်နေသည်။

စစ်ရေးမိတ်ဖက်အဖြစ် TNLA ၊ MNDAA တို့နှင့် မဟာမိတ်ဖွဲ့ထားသည်။

၎င်းတို့ မဟာမိတ်သုံးဖွဲ့ ပူးပေါင်း၍ ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ်ကို ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရှမ်းမြောက်ဒေသတွင် တပ်မတော်နှင့် ၎င်းတို့အကြား စစ်ရေးပဋိပက္ခ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ် ပစ်ခတ်တိုက်ခိုက်ခြင်းမခံရမီ ရက်ပိုင်းအလိုတွင်ပင် ၎င်းတို့သုံးဖွဲ့က တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ကြေညာခဲ့သေးသည်။

တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ကြေညာထားသော်လည်း ရက်ပိုင်းအတွင်းပင် တပ်မတော်နည်းပညာတက္ကသိုလ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် အစိုးရဘက်က အံ့အားသင့်ခဲ့ရသည်။

အဘယ့်ကြောင့်ဆိုသော် အဆိုပါကာလသည် တပ်မတော်ကိုယ်စားလှယ်များပါဝင်သည့် အစိုးရအဖွဲ့နှင့် ၎င်းတို့အကြား Bilateral လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆွေးနွေးနေသော ကာလဖြစ်သောကြောင့်ပင် ဖြစ်သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ကမူ ရခိုင်ဒေသတွင် တပ်မတော်က AA အဖွဲ့ကို စစ်ရေးအရ ဖိအားပေးနေခြင်းကြောင့် တပ်မတော်နည်းပညာတက္ကသိုလ်ကို ပစ်ခတ်တိုက်ခိုက်ခြင်းဖြင့် ရခိုင်ဒေသ စစ်ရေးဖိအားလျော့ကျအောင် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

နှစ်ဖက်စစ်ရေးပဋိပက္ခအပါအဝင် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ မပြေလည်သည့်အတွက် ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်း ပြုလုပ်ခဲ့သော နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုများမှာ အဖြေမထွက်ခဲ့ပေ။

၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် အလွတ်သဘော တွေ့ဆုံခဲ့ပြီးနောက်ပိုင်း တရားဝင်တွေ့ဆုံဆွေးနွေးရန် ဆက်သွယ်ညှိနှိုင်းခဲ့သော်လည်း COVID-19 ရောဂါဖြစ်ပွားလာမှုကြောင့် လက်ရှိအချိန်အထိ အစိုးရနှင့် AA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်တို့အကြား တွေ့ဆုံဆွေးနွေးနိုင်ခြင်းမရှိသေးဘဲ ဖြစ်နေသည်။

AA အဖွဲ့သည် KIA ဌာနချုပ် လိုင်ဇာမှ သန္ဓေတည်ပေါက်ဖွားလာခဲ့သော အဖွဲ့အစည်းဖြစ်ပြီး လက်ရှိတွင်  UWSA ဌာနချုပ် ပန်ဆန်းတွင် ဆက်ဆံရေး ရုံးဖွင့်လှစ်ထားသည်။

AA အဖွဲ့ NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးလာနိုင်ရေး သို့မဟုတ် Bilateral လက်မှတ်ရေး ထိုးလာနိုင်ရေးနှင့်ပတ်သက်၍ အစိုးရ၏ စဉ်းစားချက်တစ်ရပ်မှာ UWSA နှင့် KIA တို့ NCA သို့မဟုတ် Bilateral လက်မှတ်ရေးထိုးရေးပင်ဖြစ်သည်။

AA အဖွဲ့သည် UWSA နှင့် KIA တို့၏ နောက်လိုက်အဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက် အဆိုပါ လက်နက်ကိုင်အဖွဲ့အစည်းကြီး နှစ်ခုသည် အစိုးရနှင့် တစ်စုံတစ်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ပါက AA အဖွဲ့လည်း အလိုအလျောက် ပါဝင်လာမည်ဟု အစိုးရက ယုံကြည်နေသည်။

ထို့ကြောင့် အစိုးရက UWSA နှင့်ပတ်သက်၍ NCA ၏ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းအသိပေးနေရပြီး KIA နှင့်မူ Bilateral လက်မှတ်ရေးထိုးနိုင်ရန် ကြိုးစားခဲ့သည်။

သို့သော်လည်း လက်ရှိအချိန်အထိ အစိုးရ၏ ကြိုးစားမှုမှာ တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု မရှိသေးသည့်အတွက် AA အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးမှာလည်း လမ်းပိတ်နေသည်။

ပြည်တွင်းစစ်ချုပ်ငြိမ်းရေးအတွက် အစိုးရက နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေသော်လည်း ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသအချို့တွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့အကြား စစ်ရေးပဋိပက္ခများနှင့် စစ်ရေးတင်းမာမှုများ ရှိနေဆဲဖြစ်သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီမှ လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့အကြား ပြင်းထန်သော စစ်ရေးပဋိပက္ခများ ရှိခဲ့သည်။

အဆိုပါ ပဋိပက္ခများအကြား နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များက အရပ်သားများကို ဖမ်းဆီးနှိပ်စက်ညှဉ်းပန်းမှုများ ရှိသကဲ့သို့ AA အနေဖြင့်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို ဖမ်းဆီးခေါ်ဆောင်၍ ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် အစိုးရက AA အဖွဲ့ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်တွင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ပြီး ယင်းနှင့်ပတ်သက်သည့် ဝင်ငွေရလမ်းဆိုင်ရာ လမ်းကြောင်းများကိုလည်း ဖြတ်တောက်ရန် ကြိုးစားခဲ့သည်။

သည်ကြားထဲတွင် AA ပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့က တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ကြေညာချက်များ အကြိမ်ကြိမ် ထုတ်ပြန်ခဲ့သော်လည်း တပ်မတော်နှင့် ၎င်းတို့အကြားရှိ စစ်ရေးပဋိပက္ခများက ရပ်တန့်သွားခြင်း မရှိပေ။

ထို့အတူ တပ်မတော်ကလည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကြေညာချက်များ ထုတ်ပြန်ခဲ့သော်လည်း အဆိုပါထုတ်ပြန်ချက်များတွင် ရခိုင်ဒေသမပါဝင်သဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများ ရပ်တန့်နိုင်ရေး နည်းလမ်းရှာဖွေရန် ခက်ခဲခဲ့ရသည်။

တပ်မတော်၏ ကနဦးထုတ်ပြန်ချက်များတွင် ရခိုင်ပြည်နယ်ကို ချန်လှပ်ခဲ့ရခြင်းမှာ ARSA အကြမ်းဖက်အဖွဲ့အစည်းကြောင့် ဖြစ်သော်လည်း အစိုးရက AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ပြီး နောက်တွင်မူ တပ်မတော်နှင့် AA အကြား အပစ်အခတ်ရပ်စဲရေးမှာ ပိုမိုအလှမ်းဝေးသွားခဲ့ရသည်။

ဗဗ နှင့်ပတ်သက်၍ အကြမ်းဖက်မှုနှိမ်နင်းရေးစစ်ဆင်ရေးကို တပ်မတော်က ဆောင်ရွက်ရန် အစိုးရဘက်က ခွင့်ပြုပေးခဲ့သော်လည်း အရပ်သားများအကြားတွင် ရောနှောနေထိုင်လှုပ်ရှားတတ်သည့် AA အဖွဲ့၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ထင်သလောက် ခရီးမပေါက်ပေ။

ကြားထဲတွင် နှစ်ဖက်စစ်ရေး ပဋိပက္ခအကြား မြေစာပင်ဖြစ်ရသည်မှာ ဒေသခံများပင်ဖြစ်သည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ၏ စာရင်းများအရ တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ နှစ်သိန်းခန့်ရှိခဲ့ပြီး ၎င်းတို့အနက် လူဦးရေ ခုနစ်သောင်းကျော်မှာ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည်။

ထို့ပြင် တိုက်ပွဲများကြောင့် သေဆုံးခဲ့ရသူဦးရေမှာ အနည်းဆုံး ၁၄၀ ကျော်နှင့် ဒဏ်ရာရရှိသူ ၅၈၀ ကျော်ရှိခဲ့ပြီး အဆိုပါစာရင်းမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခကြောင့် သေဆုံးဒဏ်ရာ ရရှိသူစာရင်းများ မပါဝင်ပေ။

RFA က သြဂုတ် ၂၉ ရက် ညနေ ၄ နာရီတွင် ဖော်ပြခဲ့သော သတင်းအချက်အလက်အရ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ အရပ်သားထိခိုက်မှုများစာရင်းတွင် သေဆုံးသူ ၂၈၂ ဦးနှင့် ဒဏ်ရာရရှိသူ ၆၁၉ ဦးဟု ဖော်ပြခဲ့သည်။

လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်၏ စစ်ရေးပဋိပက္ခကို မည်သို့နည်းဖြင့် အဆုံးသတ်နိုင်မည်ဆိုသည့်အဖြေကို ရှာဖွေရန် ခက်ခဲနေသည့် အခြေအနေမှာပင် COVID-19 ကပ်ရောဂါက ရုတ်တရက် ကူးစက်ပြန့်ပွားသည့်အတွက် ရခိုင်ပြည်နယ်မှ ဒေသခံများ၏ စိုးရိမ်မှုမှာ တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်ခဲ့ရသည်။

သြဂုတ် ၁၆ ရက်မှစတင်ကာ ရခိုင်ပြည်နယ်တွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိခဲ့ရပြီး သြဂုတ် ၂၉ ရက် ညနေပိုင်းအထိ စာရင်းများအရ ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ၂၄၀ အထိ ရှိနေသည်။

ရောဂါပိုးတွေ့ရှိရသူများတွင် သာမန်အရပ်သားများအပြင် ဆရာဝန်များနှင့် NGO/INGO ဝန်ထမ်းများလည်း ပါဝင်နေသည်။

ဆေးသုတေနသဦးစီးဌာန၏ ကနဦးစစ်ဆေးချက်အရ ရခိုင်ပြည်နယ်မှ COVID-19 ရောဂါပိုး၏ မျိုးဗီဇအစိတ်အပိုင်းတစ်ခု ပြောင်းလဲနေသည်ကိုတွေ့ရပြီး ထို့ကြောင့်ပင် ယခုကဲ့သို့ ကူးစက်မှု မြန်ဆန်နေသည်ဟု ယူဆကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားထားသည်။

ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး စေတနာ့ဝန်ထမ်း တစ်ဦးတို့နှင့် သြဂုတ် ၂၈ ရက်တွင် အွန်လိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် COVID-19 ကာကွယ်ရေးအတွက် လိုအပ်သည့် ငွေကြေးနှင့် စားနပ်ရိက္ခာများကို လုံလောက်စွာ ပံ့ပိုးပေးမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ဆွေးနွေးပွဲတွင် ပြောကြားခဲဲ့သည်။

“ ရိက္ခာကတော့ ကျွန်မအနေနဲ့ ပြည်ထောင်စုအစိုးရကိုယ်စား ရဲရဲကြီး ပြောနိုင်ပါတယ်။ ရိက္ခာမပြတ်စေရပါဘူး။ ရခိုင်ပြည်နယ်မှာ ရိက္ခာမပြတ်စေရပါဘူး” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

လက်ရှိအချိန်သည် ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန် အရေးတကြီး လိုအပ်နေခြင်းနှင့်အတူ လုပ်ငန်းစဉ်သုံးရပ်ကလည်း အရေးတကြီး လုပ်ဆောင်ရမည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည်။

နံပါတ် (၁) အနေဖြင့် ကူးစက်ပြန့်ပွားမှု လျင်မြန်နေသည့် COVID-19 ရောဂါကို ကာကွယ်ထိန်းချုပ် တားဆီးခြင်း၊ နံပါတ် (၂) အနေဖြင့် ဒုက္ခသည်စခန်းများသို့ ရောဂါကူးစက်မှုမရှိနိုင်စေရန် အစီအမံများ ဆောင်ရွက်ခြင်းနှင့် နံပါတ် (၃) အချက်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်းတို့ဖြစ်သည်။

တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်စခန်း ၁၄၀ ခန့် ရှိနေပြီး ရောဂါပိုးတွေ့ရှိထားသော NGO/INGO ဝန်ထမ်းတချို့သည် မြောက်ဦးရှိ စစ်ဘေးရှောင်စခန်းများသို့ သွားလာမှုများ ရှိခဲ့သည်ဟု REC အထွေထွေအတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

“ အခုအခြေအနေအရတော့ ဘယ် Camp တွေမဆို စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်။ ဒါပေမဲ့ လက်ရှိ ထိတွေ့မှုတွေအရဆိုရင်တော့ မြောက်ဦးမြို့နယ်ကတော့ အစိုးရိမ်ရဆုံးပါပဲ” ဟု ဦးဇော်ဇော်ထွန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါမှာ အချိန်တိုအတွင်း ကူးစက်ပြန့်ပွားမှုမြန်ဆန်နေပြီး အဆိုပါ အခြေအနေအပေါ်တွင် ပြည်သူလူထု၏ စိုးရိမ်မှုမှာလည်း ပိုမိုမြှင့်တက်လာနေသည်ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် COVID-19 ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် လှုပ်ရှားသွားလာဆောင်ရွက်ရမည့် အခြေအနေမျိုးရှိသကဲ့သို့ စားနပ်ရိက္ခာထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းများအတွက် လှုပ်ရှားသွားလာရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။ 

“ အဲဒီလို အခြေအနေမျိုးမှာ ဒီလုပ်ငန်းတွေ လှုပ်ရှားလို့ မရနိုင်လောက်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ၊ စစ်ဆင်ရေး ပြုလုပ်မှုတွေ၊ နောက်ပြီးတော့ တိုက်ပွဲတွေ ဖော်ဆောင်မှုတွေဖြစ်မှာကို ကျွန်တော်တို့ အရမ်းစိုးရိမ်တယ်။ ဒါပေမဲ့ စိတ်မကောင်းစရာပဲ ဒီဟာတွေက ဖြစ်နေတယ်” ဟု ဦးဇော်ဇော်ထွန်းက ပြောသည်။

AA အဖွဲ့နှင့်ပတ်သက်၍ အစိုးရက တပ်မတော်ကို အကြမ်းဖက်မှုနှိမ်နင်းရေးစစ်ဆင်ရေးကို ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်သော်လည်း တပ်မတော်ကမူ လက်ရှိအချိန်တွင် မည်သည့်စစ်ဆင်ရေးမျှ ဆောင်ရွက်ခြင်း မရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

သို့သော်လည်း AA အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လမ်းပန်းဆက်သွယ်မှု ချောမွေ့စေရေးကို ထိခိုက်လာပါက တပ်မတော်အနေဖြင့် လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

“ အကြမ်းဖက်လုပ်ငန်းတွေ ရှောင်ရှားဖို့ လိုတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်လာမယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေး လုံခြုံမှုတွေ ထိခိုက်လာမယ်ဆိုရင်တော့ ကျွန်တော်တို့က လုံခြုံရေးအရ ဆောင်ရွက်ရမယ့်အပိုင်းကိုတော့ ဆောင်ရွက်ရမှာ ဖြစ်တယ်။ သို့သော် တပ်မတော်အနေနဲ့ အဲဒီအထဲမှာ သီးခြားစစ်ဆင်ရေး လုပ်နေတာမျိုး မရှိဘူး” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့က ပါဝင်ဆောင်ရွက်နေပြီး အထောက်အကူပြုဆေးနှင့် ပစ္စည်းများလည်း သုံးကြိမ်တိုင် ပို့ဆောင်ထားကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တွင် ပါရဂူများနှင့် သူနာပြုများ ပါဝင်နေပြီး ၎င်းတို့သည် ပြီးခဲ့သည့် မေလမှ ဇွန်လအထိ ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့သည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

စစ်ဘေးရှောင်စခန်းများနှင့် ရခိုင်ပြည်သူများ COVID-19 ကပ်ရောဂါမှ ကာကွယ်တားဆီးကုသရေးအတွက် ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက သြဂုတ် ၂၇ ရက်၌ အမျိုးသားလွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းခဲ့သော်လည်း မည်သို့မျှ အကြောင်းမပြန်ခဲ့ဟု ဒေါ်ထုမေက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် တိုက်ပွဲရှောင်ဒုက္ခသည် စခန်းများတွင် အကူအညီများ ရပ်တန့်သွားခဲ့ပြီး စားနပ်ရိက္ခာ အခက်အခဲများ ဖြစ်ပေါ်နေသဖြင့် အမြန်ဆုံးဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း ဒေါ်ထုမေ၏ အရေးကြီးအဆိုတွင် ရေးသားထားသည်။

ထို့ပြင် တိုက်ပွဲရှောင်စခန်းများတွင် အလွန်ကျပ်တည်းစွာ နေထိုင်ရသည့်အတွက် ရောဂါကူးစက်ပြန့်ပွားရန် အလွန်ပင်လွယ်ကူနေပြီး ဒုက္ခသည်စခန်းများ ရောဂါကာကွယ်တားဆီးရေး လုံလောက်သော နေထိုင်စားသောက်မှုဖြစ်စေရန်၊ လူနေဆောင်များ တိုးချဲ့ဆောက်လုပ်ပေးရန်နှင့် အခြေခံကျန်းမာရေးသုံး ပစ္စည်းများ လျင်မြန်စွာ ဖြည့်ဆည်းပေးရန် ဒေါ်ထုမေက ၎င်း၏ အရေးကြီးအဆိုတွင် တိုက်တွန်းထားသည်။

“ ရခိုင်ပြည်နယ်ဟာ COVID-19 မဖြစ်မီကတည်းက အင်အားချိနဲ့ပြီး ပဋိပက္ခဒဏ်ပိနေတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ ယခု COVID-19 ဖြစ်ပွားမှုကြောင့် အခြေအနေတွေ ပိုမိုဆိုးရွားသွားနိုင်ပါတယ်” ဟု ဒေါ်ထုမေက ၎င်း၏ အရေးကြီးအဆိုတွင် ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိအချိန်သည် ရခိုင်ပြည်နယ်အတွက် အရေးကြီးသောအချိန်ဖြစ်ပြီး စစ်ရေးပဋိပက္ခကြောင့် နာလန်မထူနိုင်ဖြစ်နေသော ရခိုင်ပြည်နယ်ကို COVID-19 ရောဂါက ထပ်မံထိုးနှက်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

အဆိုပါအခြေအနေတွင် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လူသားချင်း စာနာထောက်ထားမှုကို ရှေးရှု၍ စစ်ရေးလှုပ်ရှားမှုများ မပြုခြင်းဖြင့် ကပ်ရောဂါကာကွယ် ထိန်းချုပ်ကုသရေးအပိုင်းကို အထောက်အကူပြုရန် လိုအပ်မည် ဖြစ်သည်။

အစိုးရနှင့် အပစ်ရပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ ရည်ညွှန်းကိုးကားသော သာဓက တစ်ခုရှိသည်။

အဆိုပါသာဓကတစ်ခုမှာ အင်ဒိုနီးရှားနိုင်ငံ၊ အာချေးဒေသတွင် ဆူနာမီအန္တရာယ်အလွန် အာချေးဒေသ ပြန်လည်ထူထောင်ရေးအတွက် အစိုးရနှင့် အာချေးလက်နက်ကိုင်အဖွဲ့တို့ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ယင်း၏အကျိုးဆက်သည် အာချေးဒေသငြိမ်းချမ်းရေးကို ဖြစ်စေခဲ့သည်ဟူသော သာဓကပင်ဖြစ်သည်။

ရခိုင်ပြည်နယ်၏ ပဋိပက္ခချုပ်ငြိမ်းရေး ဖြစ်စဉ်သည် လက်ရှိအခြေအနေအရ အာချေးဒေသကဲ့သို့ အနေအထားမျိုးဖြစ်ရန် မျှော်လင့်၍ မရနိုင်သော်လည်း လတ်တလော အနေအထားအရ ယာယီအပစ်အခတ်ရပ်စဲရေးကိုမူ ဆောင်ရွက်ပေးရန် သင့်လျော်သော အချိန်တစ်ခု ဖြစ်သည်။

ရခိုင်ပြည်နယ်သည် စစ်ရေးပဋိပက္ခနှင့် ကပ်ရောဂါကူးစက ်ပြန့်ပွားမှုဟူသော အကျပ်အတည်းနှစ်ခုအောက်တွင် ရောက်ရှိနေပြီး အဆိုပါ အခြေအနေအောက်တွင် လူသားချင်း စာနာထောက်ထားမှုကို ရှေးရှု၍ အပစ်အခတ်ရပ်စဲရေးအား မည်သို့ ဆောင်ရွက်နိုင်မည်ဆိုသည်ကို နည်းလမ်းရှာဖွေဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။

Most Read

Most Recent