ရွေးကောက်ပွဲမှ မည်သည့်အစိုးရ တက်လာသည်ဖြစ်စေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်နိုင်မည်ဟု အပြည့်အဝယုံကြည်ကြောင်း UPDJC ဒုတိယ ဥက္ကဋ္ဌ ပြောကြား

ရွေးကောက်ပွဲမှ မည်သည့်အစိုးရ တက်လာသည်ဖြစ်စေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်နိုင်မည်ဟု အပြည့်အဝယုံကြည်ကြောင်း UPDJC ဒုတိယ ဥက္ကဋ္ဌ ပြောကြား
Photo- NCA-S EAO Office
Photo- NCA-S EAO Office
Published 20 August 2020
မင်းနိုင်စိုး၊ အောင်မင်းသိန်း

ရွေးကောက်ပွဲမှ မည်သည့်အစိုးရ တက်လာသည်ဖြစ်စေ ငြိမ်းချမ်းရေလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ကြောင်း ပြည်ထောင်စုငြိမ်း ချမ်းရေးပူးတွဲကော်မတီ UPDJC ဒုတိယဥက္ကဋ္ဌ ဒေါက်တာလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

သြဂုတ် ၂၀ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၁ MICC- 1 ကျင်းပသည့် အကြိမ် ၂၀ ပြည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူး တွဲကော်မတီ UPDJC အစည်းအဝေး နိဂုံးချုပ် အမှာစကားတွင် ဒေါက်တာလျန်မှုန်းဆာခေါင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို သမ္မတဦးသိန်းစိန်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကနေစပြီးတော့ ဖော်ဆောင်ပေးတာ ဖြစ်ပါတယ်။ ပြီးတော့ ၂၀၁၅ မှာ အာဏာရလာတဲ့ NLD အစိုးရကလည်းပဲ ဆက်ပြီးတော့ တာဝန်ထမ်းဆောင်ပေးတဲ့အတွက်လည်း ကျွန်တော်တို့ အများကြီးဂုဏ်ယူပါတယ်။  လေးစားပါတယ်။ မကြာခင်သောကာလမှာ ရွေးကောက်ပွဲထပ်ပြီးတော့ ကျင်းပရဦးမှာ ဖြစ်ပါတယ်။ အဲဒီကနေ တက်လာတဲ့ မည်သည့် အစိုးရပဲဖြစ်ဖြစ် အဲဒီအစိုးရကနေပြီးတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကြီးကို ဆက်လက်ဆောင်ရွက်နိုင်မယ်လို့လည်း ကျွန်တော်တို့ အပြည့်အဝယုံကြည်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးက ဆုံးဖြတ်လိုက်မည့် ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း (၃) တွင် ၂၀၂၀ အလွန်တွင် ငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်ရမည်ဆိုသည့် ကဏ္ဍပါဝင်ခြင်းကြောင့် ယင်းကဏ္ဍကို ဆက်လက်၍ အကောင်အထည်ဖော်နိုင်ရန် ၀ိုင်းဝန်းကြိုးစားသင့်ကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက “အထူးသဖြင့် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အခြေအနေမှာ၊ ယနေ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အခြေအနေမှာ၊ ကျွန်တော်တို့သတိထားမိသည်ဖြစ်စေ၊ သတိမထားမိသည်ဖြစ်စေ၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ဖြစ်စဉ်နှစ်ခုကို ကျွန်တော်တို့ တစ်ပြိုင်နက်တည်း ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ယင်းဖြစ်စဉ်နှစ်ခုသည် UPDJC မှ ဦး ဆောင်၍ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဒီမိုကရေစီ အသွင်းကူးပြောင်းရေးဖြစ်ပြီး ဒီမိုကရေစီ အသွင်းကူးပြောင်းရေးသည် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က စတင်ခြင်းဖြစ်သော်လည်း ခိုင်မာသည့်၊ ရင့်ကျက်သည့် ဒီမိုကရေစီနိုင်ငံ ထူထောင်ရန်အတွက် ကမ္ဘာ့နိုင်ငံအသီးသီး၏ အတွေ့အကြုံကိုကြည့်ပါက ရွေးကောက်ပွဲတစ်ကြိမ် ပြုလုပ်ရုံဖြင့် ဒီမိုကရေစီစနစ်သည် မရင့်ကျက်နိုင်ကြောင်း ၎င်းက ပြောကြားသည်။

“အဲဒီလို ဒီမိုကရေစီစနစ် ခိုင်မာဖို့အတွက်ဆိုလို့ရှိရင် ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ဖို့မှာ အကန့်အသတ်ရှိပါတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်သူလူထုတစ်ရပ်လုံး ပါလာနိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်ဖို့လိုပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်တဲ့အစုအဖွဲ့ကတော့ နိုင်ငံရေးပါတီအစုအဖွဲ့ပဲ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် လူကြီးမင်းတို့အနေနဲ့ ရွေးကောက်ပွဲမှာအာဏာရရှိရေး၊ အစိုးရဖြစ်ရေးဆိုတဲ့၊ အမတ်ဖြစ်ရေးဆိုတဲ့ ကိစ္စတစ်ခုတည်းကိုပဲ ရွေးကောက်ပွဲမှာမစဉ်စားဘဲနဲ့ ကျွန်တော်တို့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဘယ်လောက်အရေးကြီးတယ်။ UPDJC ရဲ့ လုပ်ငန်းစဉ်တွေ ဘယ်လောက်အရေးကြီးတယ်ဆိုတာ လူထုကို ရွေးကောက်ပွဲမှတစ်ဆင့် တင်ပြပေးဖို့ ကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြည်သူလူပါဝင်လာစေရန် တိုက်ရိုက်ဆောင်ရွက်နိုင်သည့် အစုအဖွဲ့သည် နိုင်ငံရေးပါတီများဖြစ်ပြီး ၂၀၁၃ ခုနှစ်မှ လက်ရှိအချိန်အထိ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြည့်ပါက ရှစ်နှစ်နီးပါးရှိပြီဖြစ်သော်လည်း ပြည်သူလူထုများ၏ ပါဝင်မှု၊ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍများသည် အားရမှုမရှိသေးသည်ကို ပွင့်ပွင့်လင်းလင်းဝန်ခံရမည်ဖြစ်ကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက “လာမယ့် ရွေးကောက်ပွဲကနေတစ်ဆင့် ပြည်သူလူထုတစ်ရပ်လုံးကလည်းပဲ ငြိမ်းချမ်းရေး ဘယ်လောက်လိုအပ်သလဲ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဘယ်လောက်လိုအပ်သလဲ။ ခုကန ဦးသုဝေကိုးကားတဲ့ သီချင်းလေးပေါ့၊ မငြိမ်းချမ်းလို့ မဖြစ်ဘူးဆိုတဲ့ ကယားပြည်နယ်က လူငယ်တွေ သီချင်းဆိုသလိုပဲ ကျွန်တော်တို့အနေနဲ့ ဒီတိုင်းပြည် မငြိမ်းချမ်းလို့မဖြစ်ဘူးဆိုတဲ့ ခံယူချက်နဲ့ ကျွန်တော်တို့အားလုံး၊ ဒီခန်းမထဲမှာရှိတဲ့ UPDJC အဖွဲ့ဝင်များသာမက တစ်နိုင်ငံလုံးက ပြည်သူလူထု တစ်ရပ်လုံးက ၀ိုင်းပြီးတော့ ကျွန်တော်တို့နဲ့အတူ လက်တွဲဆောင်ရွက်ဖို့ လိုအပ်ပါတယ်လို့ ကျွန်တော်တင်ပြချင်ပါတယ်” ဟု ပြောကြားသည်။

၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင်ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း(၃)တွင် အပိုင်းသုံးပိုင်းပါဝင်ပြီး အပိုင်း(၁)တွင် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၌ အချက် ၁၅ ချက်၊ အပိုင်း(၂)တွင် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများဇယား (၁)၌ အချက်ရှစ်ချက်၊ အပိုင်း(၃)တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူသဘောတူညီချက်တွင် အချက်ငါးချက် ပါဝင်သည်။

 

Most Read

Most Recent