၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် Grade-1 မှ Grade -12 အထိ အတန်းများအားလုံး စတင်ကျောင်းအပ်နှံ

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် Grade-1 မှ Grade -12 အထိ အတန်းများအားလုံး စတင်ကျောင်းအပ်နှံ
Published 23 May 2024

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် Grade-1 မှ Grade -12 အထိ အတန်းများအားလုံး ယနေ့ (မေ ၂၃ ရက်)မှစ၍ စတင်ကျောင်းအပ်နှံနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းအပ်နှံမှုကို မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ သတ်မှတ်ထားပြီး ဇွန် ၃ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းများနှင့် ဆက်စပ်ဝန်ကြီးဌာနအသီးသီးရှိ တက္ကသိုလ်နှင့် ကျောင်းများအားလုံး တစ်ပြိုင်တည်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းအပ်နှံရာတွင် မိဘ၊ အုပ်ထိန်းသူများအနေဖြင့် မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြပါရန်၊ ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ပေးအပ်ခြင်းမပြုပါရန်၊ ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ ကျောင်းတက်မှန်ရေး၊ အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆွေးနွေးဆောင်ရွက်ပါရန်၊ ပညာသင်ကာလအတွင်း စစ်ဆေးအကဲဖြတ်ခြင်းအား ညွှန်ကြားချက်များအတိုင်း စစ်ဆေးနိုင်ရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ပါရန်၊ ကျောင်းထွက်သူလုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့်ဆက်လက် ပညာသင်ယူနိုင်ရေးအတွက် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါရန်၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ စီးကရက်၊ ကွမ်းယာမသုံးစွဲရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ နှင့်ပူးပေါင်းဆောင်ရွက်ရန်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများစွဲမြဲဆောင်ရွက်တတ်ရန် အသိပညာပေးရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ဂိမ်းစွဲလမ်းမှုပပျောက်စေရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကျောင်းသား၊ ကျောင်းသူများ နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန်မြင့်မားလျှင် ကျောင်းသို့မလာဘဲ နီးစပ်ရာကျန်းမာရေးဆေးခန်း၊ ဆေးရုံသို့ သတင်းပို့ပေးရန်နှင့် ဆေးကုသမှုခံယူနိုင်ရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သတ်မှတ်ကြိမ်ရေ ပြည့်မီအောင် ထိုးနှံကြပါရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် စသည့်အချက်များအား လိုက်နာကြရန် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်လည်း ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေ ၂၃ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ခဲ့ကာ မေ ၂၃ ရက်တွင် အခြေခံပညာကျောင်းများ စတင်အပ်နှံခဲ့ကြကြောင်း၊ ယင်းပညာသင်နှစ်တွင် Grade-9 နှင့် Grade-12 အတန်းများကို သင်ရိုးသစ်ဖြင့် သင်ကြားပို့ချမည်ဖြစ်ပြီး သင်ကြားပေးမည့် ဆရာ၊ဆရာများကို ဗဟိုအဆင့်သင်တန်းမှ ဆင့်ပွားသင်တန်း၊ ထပ်ဆင့်ဆင့်ပွားသင်တန်းများ ပေးထားကြောင်း သိရသည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်၏ ပထမဆုံးရက်ဖြစ်သည့် မေ ၂၃ ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ၁၃၄၃၀၃၇ ဦးရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent